အရည်အသွေးရှိသော ပညာရေး ဦးတည်အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ (အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍ) ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၇ ဇန်နဝါရီ 

 

အရည်အသွေးရှိသော ပညာရေး ဦးတည်အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ (အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍ) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာရေး ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပြီး အမျိုးသားပညာရေး ဥပဒေအရ အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပါကြောင်း၊ KG + 12 ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို အချိန်နှင့်တစ်ပြေးညီ အကောင်ထည်ဖော် ဆောင်ရွက်လျက်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် သူငယ်တန်း(KG) သင်ရိုးသစ် ဆရာလက်စွဲစာအုပ်များ စတင်အသုံးပြုခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပထမတန်း   (Grade-1) သင်ရိုးညွှန်းတမ်းသစ်နှင့် ၂၀၁၈ ခုနှစ်တွင် ဒုတိယတန်း(Grade-2) သင်ရိုးညွှန်းတမ်းသစ် (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယပညာ၊ ပန်းချီ၊ ဂီတ) ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလက်စွဲ စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း၍ ကလေးဗဟိုပြု သင်ကြားသင်ယူခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းတို့အတွက် မူလတန်းပြ ဆရာ ဆရာမများကို သင်တန်းများပေးကာ စတင်ဆောင်ရွက်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မူလတန်း Grade-3 နှင့် အလယ်တန်း Grade-6 သင်ရိုးညွှန်းတမ်းသစ်များအတွက်လည်း ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာ့လက်စွဲစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း၍ ကလေးဗဟိုပြု သင်ကြားသင်ယူခြင်းတို့အတွက် မူလတန်းပြ ဆရာ ဆရာမများနှင့် အလယ်တန်းပြ ဆရာ ဆရာမများကို သင်တန်းများပေးရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းများတွင်လည်း ဆရာ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ သင်ယူတတ်မြောက်မှု အရည်အသွေး ပိုမိုကောင်းမွန်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့က ပညာရေးကဏ္ဍဆိုင်ရာ တိုးတက်အောင်မြင်မှုများ၊ လက်ရှိတွေ့ကြုံနေရသော အခက်အခဲများကို ကျော်လွှားဖြေရှင်းရန် လိုအပ်သည့််များ၊ ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန်များ၊ KG + 12 စနစ်သို့ ပြုပြင်ပြောင်းလဲနေမှုများ၊ သင်ကြားရေး ဘာသာစကားဆိုင်ရာ သင်ရိုးညွှန်းတမ်းများနှင့် တက္ကသိုလ်များ ကိုယ်ပိုင်စီမံခန့်ခွဲမှု ဆိုင်ရာများကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

(သတင်းစဉ်)