အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ အရိုးရှည်တွေဖြစ်ကြတဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။ အရိုးကင်ဆာက ဖြစ်ခဲတဲ့ ကင်ဆာတစ်မျိုးဖြစ်ပြီး ကင်ဆာခံစားရသူ အယောက် ၁၀ဝ မှာ ၁ ယောက်ပဲခံစားရလေ့ရှိတဲ့ ကင်ဆာ အမျိုးအစားပါ။

 

အရိုးကင်ဆာဖြစ်စေတဲ့ အကျိတ်တွေထက် ကင်ဆာမဟုတ်တဲ့အကျိတ်တွေက ပိုအဖြစ်များပါတယ်။ အရိုးကင်ဆာဆိုတဲ့နေရာမှာ အခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ ကင်ဆာဆဲလ်တွေ အရိုးဆီ ပြန့်လာပြီး ဖြစ်ပွားတာမျိုး မဟုတ်ပါဘူး။ အရိုးမှစဖြစ်တဲ့ ကင်ဆာကို အရိုးကင်ဆာလို့ သတ်မှတ်တာပါ။

 

အရိုးကင်ဆာဖြစ်တဲ့အခါ

 

အရိုးကင်ဆာဖြစ်တဲ့အခါ အကျိတ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ တစ်ရှူးစအစိုင်အခဲတွေ အရိုးမှာ ဖြစ်လာပါတယ်။ အရိုးကင်ဆာဖြစ်တဲ့အခါ ကင်ဆာဆဲလ်တွေက အလျင်အမြန်ကြီးထွားလာပြီး အခြားအစိတ်အပိုင်းတွေဆီကို ပြန့်သွားပါတယ်။

 

ဒီအခြေအနေကို ကင်ဆာလို့ သတ်မှတ်တာပါ။ အရိုးကင်ဆာဖြစ်တဲ့အခါ

 

အရိုးတွေကနေစပြီး ကင်ဆာဆဲလ်တွေ ပြန်လာတဲ့ကင်ဆာကို (primary bone cancer) လို့ခေါ်ပြီး အခြားနေရာကနေဖြစ်တဲ့ ကင်ဆာဆဲလ်တွေ အရိုးဆီပြန့်လာပြီ ကင်ဆာဖြစ်တာကို (secondary bone cancer) လို့ခေါ်ပါတယ်။

 

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ

 

အရိုးကင်ဆာဖြစ်တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

 

          အရိုးထဲကနာမယ်

          ကင်ဆာဖြစ်ပွားနေတဲ့နေရာတဝိုက်မှာ ရောင်ရမ်းမယ်။ တောင့်တင်းနေမယ်။

          အရိုးတွေ အားနည်းမယ်။ အရိုးကျိုးလွယ်မယ်

          ပင်ပန်းနွမ်းနယ်မယ်

          အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျမယ်။

 

ဘယ်လိုအခြေအနေမှာ ဆရာဝန်ပြရမလဲ

 

တကယ်လို့ အခုလို အခြေအနေတွေခံစားရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။

 

          အရိုးနာတာက မသက်သာဘဲ ဆက်တိုက်ဖြစ်နေမယ်

          ညဘက်တွေမှာ ပိုနာမယ်

          အကိုက်အခဲပျောက်ဆေးတွေ သောက်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါ။

 

အရိုးကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

 

အရိုးကင်ဆာဖြစ်စေရတဲ့ အကြောင်းအရင်းတွေကို သေသေချာချာ မသိရသေးပါဘူး။ အရိုးကင်ဆာ ဖြစ်ပွားမှုရဲ့ ရာခိုင်နှုန်း အနည်းငယ်ကတော့ မျိုးရိုးလိုက်တာပါ။ အခြားဖြစ်နိုင်ခြေကတော့ ကင်ဆာတစ်မျိုးမျိုးအတွက် ဓာတ်ရောင်ခြည် ကုထုံး ခံယူခဲ့ဖူးတာကြောင့်ပါ။

 

အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အကြောင်းအရင်းတွေက

 

အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ယူဆရတဲ့အချက်တွေက

 

          မျိုးဗီဇ လက်ဆင့်ကမ်းလာတာ

          အရိုးမှာ Paget’s disease ခံစားရတာ

          ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုထုံးခံယူဖူးတာတွေကလည်း အရိုးကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

 

အရိုးကင်ဆာ အမျိုးအစားများ

 

အရိုးကင်ဆာကို စတင်ဖြစ်ပွားတဲ့ ဆဲလ်အမျိုးအစားပေါ်မူတည်ပြီး ကင်ဆာအမျိုးအစားတွေ ခွဲခြားနိုင်ပါတယ်။

 

          Osteosarcoma – Osteosarcoma ဆိုတာက အဖြစ်များတဲ့ အရိုးကင်ဆာ အမျိုးအစားပါ။ ဒီကင်ဆာအမျိုးအစားမှာ အရိုးတွေကနေ ကင်ဆာဆဲလ်အကျိတ်တွေ ဖြစ်ပေါ်ပါတယ်။ ဒီအရိုးကင်ဆာ အမျိုးအစားက လက်မောင်းနဲ့ ခြေထောက်အရိုးတွေမှာ အဖြစ်များပြီး ကလေးတွေနဲ့ လူငယ်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

 

          Chondrosarcoma. – ဒါကတော့ ဒုတိယ အတွေ့ရအများဆုံး အရိုးကင်ဆာ အမျိုးအစားပါ။ ဒီကင်ဆာမှာတော့ ကင်ဆာဆဲလ်တွေက အရိုးနုကနေ ဖြစ်ပေါ်တာပါ။ ဒီကင်ဆာဆဲလ်တွေကို တင်ပဆုံရိုး၊ လက်မောင်းရိုးနဲ့ ခြေထောက်အရိုးတွေမှာ တွေ့ရများပါတယ်။ သက်လတ်ပိုင်းနဲ့ အသက် ၄၀ ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။

 

          Ewing sarcoma –  Ewing sarcoma ကင်ဆာကျိတ်တွေကို တင်ပဆုံရိုး၊ လက်မောင်းရိုးနဲ့ ခြေထောက်အရိုးတွေမှာ တွေ့ရများပါတယ်။ ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။

 

အရိုးကင်ဆာ အဆင့်တွေ

 

အရိုးကင်ဆာတွေကို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီ ပျံ့နှံ့နေတဲ့ အနေအထားကိုလိုက်ပြီး အဆင့်တွေ ခွဲခြားနိုင်ပါတယ်။

 

အရိုးကင်ဆာ အဆင့် (၁) – အရိုးကနေ အခြား အစိတ်အပိုင်းတွေဆီ ပျံ့နှံ့မှု မရှိတဲ့ အခြေအနေ

 

အရိုးကင်ဆာ အဆင့် (၂) – အခြားအစိတ်အပိုင်းတွေဆိ ပျံ့နှံ့မှု မရှိသေးပါဘူး။ ဒါပေမယ့် အခြားတစ်ရှူးတွေဆီ ပျံ့နှံ့ဖို့ အစပြုနေပါပြီ။

 

အရိုးကင်ဆာ အဆင့် (၃) – အရိုးရဲ့ အခြားနေရာ တစ်ခု ဒါမှမဟုတ် ၂ ခုစီကို ပျံ့နေပါပြီ။ ထိုးဖောက် ပျံ့နှံမှု စတင်နေပါပြီ။

 

အရိုးကင်ဆာ အဆင့် (၄) – အရိုးတဝိုက် တစ်ရှူးတွေဆီ စတင်ပျံ့နှံ့နေပါပြီး အခြား အစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ အဆုတ်နဲ့ ဦးနှောက်တွေဆီ ရောက်ရှိနေပါပြီ။

 

အရိုးကင်ဆာကို ဘယ်လို စစ်ဆေးမလဲ။

 

အရိုးကင်ဆာဖြစ်နေလားဆိုတာကို သိနိုင်ဖို့ ဒီစစ်ဆေးမှုလေးတွေကို လုပ်ဆောင်ရပါမယ်။

 

          biopsy – ဒါကတော့ တစ်ရှူးစ သေးသေးလေးကို ရယူပြီး ကင်ဆာရှိနေလားဆိုတာကို စစ်ဆေးတာပါ။

          bone scan – အရိုးတွေရဲ့ အခြေအနေကို စစ်ဆေးတာပါ။

          သွေးစစ်ပါမယ်။

          ဓာတ်မှန်ရိုက်တာ၊ MRI နဲ့ CT scansတွေ ရိုက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။

 

အရိုးကင်ဆာအတွက် ကုသမှုနည်းလမ်းတွေ

 

အရိုးကင်ဆာဖြစ်လာတဲ့အခါ ခံစားနေရတဲ့အခြေအနေအပေါ်မူတည်ပြီး ခံယူရတဲ့ကုသမှုတွေ ကွာခြားနိုင်ပါတယ်။

 

          ဆေးသွင်းကုထုံး – ကင်ဆာကျိတ်တွေကို ထိန်းချုပ်ဖို့အတွက် ဆေးသွင်းကုသတဲ့ ကုထုံးတစ်ရပ်ပါ။

          နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်တာ။

          အရိုးသပ်သည်းဆ ဆုံးရှုံးမှုကို ကာကွယ်ဖို့အတွက် bisphosphonates ဆေးဝါးသောက်သုံးတာ။

          ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ရပ်တန့်ဖို့အတွက် cytotoxic ဆေးဝါးတွေသောက်သုံးတာ။

          ဓာတ်ရောင်ခြည်ကုထုံး – ကင်ဆာဆဲလ်တွေကို သုတ်သင်ပစ်ဖို့အတွက် ဓာတ်ရောင်ခြည်နဲ့ဖယ်ရှားတဲ့ ကုထုံးပါ။

          ခွဲစိတ်ကုသမှု – ကင်ဆာကျိတ်တွေ။ ကင်ဆာဆဲလ်တွေရှိနေတဲ့ တစ်ရှူးတွေကို ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်းပါ။ ခွဲစိတ်ကုသမှုခံယူတဲ့အခါ ကင်ဆာဆဲလ်တွေကြောင့် ထိခိုက်နေတဲ့ အရိုးတွေကို ဖယ်ရှားတာရှိသလို ထိခိုက်သွားတဲ့အရိုးတွေနေရာမှာ အစားထိုး ကုသတာတွေလည်း ရှိပါတယ်။

 

Takeaways

 

အရိုးကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှုရှိလေလေ ဖြစ်တာကြောင့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားရတဲ့အခါ အမြန်ဆုံးကုသမှု ခံယူပေးပါ။

 

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon