အရှိုချင်း ဘာသာစာပေနှင့် ယဉ်ကျေးမှုထုံးဓလေ့များ

ဆလိုင်းတင်မောင်ဆွေ

အရှိုချင်း(Asho Chin)) တိုင်းရင်းသားလူမျိုးများသည် ရှေးပဝေသဏီကတည်းက အခြားတိုင်းရင်းသားများနည်းတူ မြန်မာနိုင်ငံအတွင်း နေထိုင်လာခဲ့ကြသော လူမျိုးများဖြစ်ခဲ့ကြ သည်။

မြန်မာပြည်မြောက်ပိုင်းမှ ဝင်ရောက်လာကြသော တိဘက် - မြန်မာအုပ်စုတွင် အရှိုချင်းတိုင်းရင်းသားလူမျိုးများ ပါဝင်လာကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိရလေသည်။ အရှိုချင်းတိုင်းရင်းသားလူမျိုးများသည် အခြားဆွေမျိုးသားချင်းများဖြစ်သည့် မတူပီချင်း၊ ဟားခါးချင်း၊ တီဒင်ချင်း၊ ဖလမ်းချင်း၊ လူရှိုင်း(အနောက်ပိုင်း)ချင်းနှင့် တောင်သား အစရှိသည်များနှင့်အတူ ချင်းတွင်းမြစ်ဖျားမှတစ်ဆင့် အနောက်ဘက် တောင်ကုန်းဒေသကို ကျော်လွန်ပြီး ရခိုင်ရိုးမတောင်ခြေအထိ ဝင်ရောက်နေထိုင်လေသည်။

၁၈၈၅ ခုနှစ် မတိုင်မီအချိန်မှစ၍ အင်္ဂလိပ်- မြန်မာအရေးအခင်းများနှင့် ဆက်စပ်ပြီး အရှိုချင်းတိုင်းရင်းသားလူမျိုးများသည် အခြားမျိုးချစ် ပြည်ထောင်စုသားများနှင့်အတူ နယ်ချဲ့ဒေသသို့ သက်ဆင်းရောက်ရှိလာကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နယ်ချဲ့အင်္ဂလိပ်အုပ်စိုးသော ခေတ်၌ အဆိုပါ တိုင်းရင်းသားများအား အရှိုချင်း(Asho Chin)ဟု မိမိတို့ ပကတိလူမျိုးအမည်ကို ခေါ်တွင်ရမည့်အစား မြန်မာလူမျိုးများနှင့်နီးကပ်စွာ မြေပြန့်လွင်ပြင်တွင် နေထိုင်ကြခြင်းကြောင့် နေထိုင်သည့်အရပ်ဒေသကို လိုက်၍ မိမိတို့သဘောဆန္ဒအလျောက်၊ သို့သော်တစ်မူထူးခြားစွာ မြေပြန့်ချင်း (Asho Chin) ဟု ခေါ်တွင် အသိအမှတ်ပြုထားခဲ့ကြသည်။ သို့သော် တော်လှန်ရေးအစိုးရသည် မိမိတို့ခေါ်တွင်စေလိုသည့် သဘောဆန္ဒအတိုင်း နဂိုမူရင်းအမည်ဖြစ်သော အရှိုချင်း (Asho Chin) တိုင်းရင်းသားလူမျိုးများဟု အသိအမှတ်ပြုထားပြီးဖြစ်သည်။

 

mdn

 

နေထိုင်ရာ အရပ်ဒေသ

လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ကြာညောင်းခဲ့သည့် အချိန်ကာလမှစပြီး ယနေ့အချိန်အခါတွင် အရှိုချင်းတိုင်းရင်းသား လူမျိုးများသည် လူဦးရေတိုးပွားများပြားကြလျက် မြေပြန့်လွင်ပြင် တစ်လွှား ပြန့်ကျဲစွာ နေထိုင်လာခဲ့ကြသည်။

အရှိုချင်း တိုင်းရင်းသားလူမျိုးများ ယနေ့အထိ အများဆုံးနေထိုင်ကြသည့် အရပ်ဒေသများကို သာမန်အားဖြင့် အောက်ပါ အတိုင်း ပိုင်းခြားသတ်မှတ်နိုင်ပါသည်-

(၁) ရခိုင်တိုင်းမြောက်ပိုင်း

(၂) ရခိုင်တိုင်းတောင်ပိုင်း

(၃) ဧရာဝတီမြစ်ဝှမ်းဒေသ

(၄) ဧရာဝတီအလယ်ပိုင်းဒေသ

(၅) ဧရာဝတီအရှေ့ပိုင်းဒေသ

(၆) ပဲခူးရိုးမအရှေ့ပိုင်းနှင့်

(၇) မဟာရန်ကုန်ဧရိယာဟူ၍ ပိုင်းခြား နိုင်ပါသည်။

(၁)    ရခိုင်တိုင်းမြောက်ပိုင်း

ရခိုင်တိုင်းမြောက်ပိုင်းရှိ အရှိုချင်း တိုင်းရင်းသားများသည် စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်နှင့် အမ်းတောင်ကြားရှိ စိမ့်စမ်းလျှိုမြောင်တစ်လျှောက် နေထိုင်ကြသည်။

(၂) ရခိုင်တိုင်းတောင်ပိုင်း

သံတွဲမြို့နယ်၊ ဂွမြို့နယ်၊ ကြိမ်တလီမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် နေထိုင်ကြသည်။

(၃) ဧရာဝတီမြစ်ဝှမ်းဒေသ

၎င်းအပိုင်းရှိ အရှိုချင်းများမှာ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဟင်္သာတခရိုင်နှင့် ပုသိမ်ခရိုင်များတွင် နေထိုင်ကြသည်။

(၄) ဧရာဝတီအလယ်ပိုင်းဒေသ

ဧရာဝတီအလယ်ပိုင်းဒေသတွင် ပါဝင်သော အရှိုချင်းများနေထိုင်ရာ အရပ်ဒေသများမှာ သရက်မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ကမ္မမြို့နယ်၊ ငဖဲမြို့နယ်နှင့် မင်းဘူးခရိုင်များဖြစ်သည်။

(၅) ဧရာဝတီအရှေ့ပိုင်းဒေသ

ဧရာဝတီမြစ်ကမ်း၏ အရှေ့ဘက်ဖြစ်ပြီး အောင်လံမြို့နယ်နှင့် ၎င်းမြို့အရှေ့ဘက်  ပဲခူးရိုးမတောင်ခြေအထိ လည်းကောင်း၊ တောင်တွင်းကြီးခရိုင်တွင် လည်းကောင်း၊ မကွေးခရိုင်နှင့် မကွေးမြို့နယ်တွင်လည်းကောင်း အရှိုချင်းလူမျိုး အများအပြားနေထိုင်ကြသည်။

(၆) ပဲခူးရိုးမအရှေ့ပိုင်း

ပဲခူးရိုးမအရှေ့ပိုင်းတွင် နေထိုင်ကြသော အရှိုချင်းလူမျိုးများကို ရမည်းသင်းခရိုင်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တွင် လည်းကောင်း၊ ကျောက်တံခါးမြို့နယ်တွင်လည်းကောင်း တွေ့မြင်နိုင်သည်။

(၇) မဟာရန်ကုန်ဧရိယာ

၎င်းအပိုင်းတွင် သာယာဝတီခရိုင်၊ ပဲခူး မြို့နယ်၊ ဒိုက်ဦးမြို့နယ်များရှိ အရှိုချင်းများပါ ထည့်သွင်းရေတွက်နိုင်ပြီး ရန်ကုန်၊ အင်းစိန်မြို့များတွင် နေထိုင်ကြကြောင်း တွေ့ရလေ သည်။

လူဦးရေ

၁၉၅၉ ခုနှစ် မြဝတီမဂ္ဂဇင်းပါ စာရေးဆရာ ဦးစိန်လွင်လေး၏ “ချင်းဓမ္မသတ်ကျမ်း”  ဆောင်းပါး၏ ၁၈၈၄ ခုနှစ် လူဦးရေစစ်တမ်းအရ ထိုစဉ်အခါက အရှိုချင်းတိုင်းရင်းသားလူဦးရေ ငါးထောင်ကျော်ခန့်ရှိကြောင်း ဖော်ပြပါရှိသည်။ စာရေးသူအနေဖြင့် ထိုထက်မက လူဦးရေ ပိုမိုပါလိမ့်မည်ဟု စောဒကတက်လိုပေသည်။ အကြောင်းသော်ကား ထိုစဉ်အခါ၌ အုပ်စိုးသူအင်္ဂလိပ်များကိုယ်တိုင် ကောက်ယူသော စစ်တမ်းပင် ဖြစ်ကောင်းဖြစ်မည် ထင်ရသော်လည်း အခြားကျေးလက်တောရွာများ နှင့် မြို့နယ်များတွင် ပြန့်လွင့်နေထိုင်ကြသော အရှိုချင်းများရှိနေပေသေးသည်။ မိမိလူမျိုးများ၏ အခြအနေကို ထိုလူမျိုးများကသာ အသိဆုံးဟု ဆိုချင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့နှစ်ပေါင်း ၁၀ဝ ခန့်အတွင်း အရှိုချင်းတိုင်းရင်းသား လူဦးရေ စုစုပေါင်း နှစ်သိန်းကျော်နေပြီဖြစ်ပြီး သုံးသိန်းနီးပါးခန့် ရှိနေပြီဟူ၍ကား မှန်းဆ သိမြင်နိုင်သည်

‘ဆလိုင်း’ နှင့် ‘မိုင်’

ဆလိုင်း(Salai)

အနောက်နိုင်ငံများတွင် မစ္စတာ၊ ကရင်လူမျိုးများတွင် စော၊ မြန်မာလူမျိုးများတွင်ဦး၊ ကို၊ မောင်ဟူ၍ အသံပြုသကဲ့သို့ အရှိုချင်းအမျိုးသားများ၏ အမည်ရှေ့တွင် ဆလိုင်း (Salai)ဟူ၍ သုံးစွဲခေါ်ဝေါ် ကြသည်။

မိုင်(Mai)

အနောက်နိုင်ငံ အမျိုးသမီးများတွင်မစ်(စ်)၊ ကရင်အမျိုးသမီးများတွင်နော်၊ မြန်မာ အမျိုးသမီးများတွင် မ၊ ဒေါ်ဟူ၍ အသုံးပြု သကဲ့သို့ အရှိုချင်းအမျိုးသမီးများ၏ အမည်ရှေ့တွင် မိုင်(Mai)ဟူ၍ သုံးစွဲခေါ်ဝေါ် ကြသည်။

အရှိုချင်းသာသာစကား

အရှိုချင်းတိုင်းရင်းသား ဘာသာစကားများသည် ချင်းဝိသေသတိုင်းရှိ ချင်းတိုင်းရင်းသားများနှင့် စကားမတူကြဘဲ ကွဲပြားခြားနားသည်။ ချင်းဝိသေသတိုင်းမှပြောသော စကားကို အရှိုချင်းများက နားမလည်သလို အရှိုချင်းများပြောသော စကားကိုလည်း ချင်းဝိသေသတိုင်းမှ နားမလည်ကြချေ။ ထို့ကြောင့် အရှိုချင်းတိုင်းရင်းသားများတွင် သီးခြားရပ်တည်နေသော ဘာသာစကားရှိနေသည်။

အရှိုချင်း တိုင်းရင်းသားလူမျိုးများမှာ ရှေးမြန်မာမင်းလက်ထက်အခါကပင် မြေပြန့်လွင်ပြင်၌ မြန်မာမင်းများနှင့် နီးနီးကပ်ကပ် တစ်လုံးတစ်စည်းတည်း နေထိုင်ခဲ့ကြသဖြင့် မြန်မာဝေါဟာရ တွဲဖက်သုံးစွဲလာကြသည်ကို တွေ့ရသည်။ အောက်ဖော်ပြပါ အရှိုချင်းဘာသာစကားများကို အသံနေအသံထားနှင့် လေယူလေသိမ်းမှန်အောင် ပြောဆိုပါက အနှစ်သာရ နှင့်ပြည့်စုံသော အဓိပ္ပာယ် ထွက်ပေါ်လာမည်ဖြစ်သော်လည်း အရှိုချင်းလူမျိုးမဟုတ်သော အခြားတိုင်းရင်းသားတစ်ဦးက ရွတ်ဆိုဖတ်ပြလိုက်သောအခါ ပကတိအသံနှင့် ကွဲလွဲနိုင်သောကြောင့် ရယ်မောကောင်းရယ်မောချေမည်။

မြန်မာအဓိပ္ပာယ် အရှိုချင်းစကား

လင်(ယောကျာ်း) = ဖဝါး

မယား = ဖရား

ယင်ကောင်(fly) = အပျို

ပေါင် = အဖေ

ထရံ = ပေါင်

လူပျို = စွန်ပျံ့

ပျားရည် = ခွေးဟောင်

ရွာ = နာမ်း

ဒူးလေး = လီ

ကင်း = အန်တီ

ထမင်း = ဘူ

ဆရာ = ဆမို

ဆရာမ = ဆမိုန

အရှိုချင်းတိုင်းရင်းသား ဘာသာစကား၏ ဝါကျစီကုံးနည်းမှာ အခြေခံအားဖြင့် ကတ္တား၊ ကံ၊ ကြိယာဟူ၍ စီစဉ်ရပါသည်။ တစ်နည်းအားဖြင့် မြန်မာဘာသာစကား၏ ဝါကျစီကုံး နည်းအတိုင်းပင်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

ကြေးမုံ