အရေးကြီးဆုံးအခါတွင် အကောင်းဆုံးပြုမူ

mdn

နေပြည်တော် ၂၂ နိုဝင်ဘာ

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ယခုရက်ပိုင်းအတွင်း၌ ကူးစက်ဖြစ်ပွားနှုန်းတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီကာလက ရောဂါဖြစ်ပွားမှုမှာ ပိုးတွေ့ လူနာ နေ့စဉ် တစ်ထောင် ဝန်းကျင်နှင့်အောက်ရှိခဲ့ရာမှာ ရွေးကောက်ပွဲအပြီး တစ်ပတ်၊ ဆယ်ရက်ကြာသည်နှင့် ပိုးတွေ့ လူနာ နေ့စဉ် တစ်ထောင့်ငါးရာနှင့်အထက် ရှိလာသည် ကို တွေ့ရသည်။

 

ရွေးကောက်ပွဲနှင့်ပတ်ဝန်းကျင်ကာလဖြစ်သည့် ရွေးကောက်ပွဲအကြို လှုပ်ရှားသည့်နေ့များနှင့် မဲဆန္ဒပေး သည့်နေ့က တစ်နိုင်ငံလုံး ပြည်သူလူထု တစ်ရပ်လုံးအရေးကိစ္စအနေဖြင့် လူအများစုရုံးမှုများနှင့် တွေ့ကြုံခဲ့ရ သည်။ ထိုသို့ လူစုလူဝေးဖြစ်ခဲ့သောအခြေအနေကြောင့် ရောဂါကူးစက်မှုနှုန်း တက်လာမည့်အရေးကို ကြိုတင်ခန့်မှန်းခဲ့ကြရာ ခန့်မှန်းသည့်အတိုင်း ယနေ့ ကြုံတွေ့နေရပြီဖြစ်သည်။ လာမည့်ရက်သတ္တပတ်နှင့် ရှေ့တစ်လတာကာလ များတွင်လည်း ပြည်သူအားလုံးနှင့်သက်ဆိုင်သော နေ့ရက်များနှင့်လည်း ကြုံရဦး မည်ဖြစ်ရာ ပြည်သူများ ရောဂါမကူးစက်ရေးကို အလေးထားပြုမူ ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများ သို့ အစီရင်ခံတင်ပြရာ၌ ကာကွယ်ဆေး သိုလှောင်ဖို့၊ ဖြန့်ဖြူးဖို့၊ ထိုးပေးဖို့ အစီအစဉ်တွေလည်း စပြီးလုပ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေက ဒီကြား ထဲမှာ ရောဂါ မရအောင်နေပါ။ ကာကွယ်ဆေး ပေါ်ခါနီးမှ ရောဂါရတယ်ဆိုရင် မကောင်းပါဘူး။ ဒါကြောင့် အားတင်းထားပါ။ ဂရုစိုက်ပါ။ တတ်နိုင်သမျှ ခရစ္စမတ်အချိန်၊ နှစ်သစ်ကူးအချိန်မှာ အပြင်မထွက်ကြပါနဲ့။ လူစုလူဝေး ဖြစ်အောင် မနေကြပါနဲ့ဟု အသိပေးပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားခြင်းသည် ရောဂါပိုးရှိသူနှင့်ထိတွေ့ ခြင်းမှ ကူးစက်ခြင်းဖြစ်၍ လူအချင်းချင်း ထိတွေ့ရာမှ ရောဂါပြန့်ပွားခြင်း မဖြစ်စေရန် လူစုလူဝေးရှောင်ရှားခြင်း၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုလျှင် ပါးစပ်၊ နှာခေါင်းစည်းအကာအကွယ် တပ်ဆင်ခြင်း၊ ဖြစ်နိုင်လျှင် ပါးစပ်၊ နှာခေါင်းစည်းအပြင် မျက်နှာအုပ်သည့် ပလတ်စတစ်အကာကိုပါ ထပ်မံ တပ်ဆင်ခြင်းများ ဆောင်ရွက်ထားသင့်သည်။ ထို့အပြင် အပြင်ဘက်သို့ ဝင်ထွက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေသေချာချာဆေးကြောပေးရန် လိုအပ်ပါသည်။ ယင်းကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြည်သူများအား အကြိမ်အခါပေါင်း ရာနှင့်ချီ၍ အသိပေးပြောကြားလေ့ ရှိသော်လည်း လိုက်နာမှုအပိုင်းတွင် အားနည်းနေသေးသည်ကို တွေ့ရသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည် တစ်နှစ်နီးပါးအချိန်သို့ ရောက်ရှိလာပြီ ဖြစ်၍တစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာ၍တစ်ကြောင်း၊ မကြာမီကာလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရတော့မည်ဖြစ်၍ တစ်ကြောင်း ပြည်သူများအနေဖြင့် ယခုကာလတွင် ရောဂါကူးစက်ခြင်း မရစေရေးအတွက် သတိထားဆင်ခြင်၍ ကျန်းမာရေးဆိုင်ရာစည်းကမ်းများ ကို အလေးထားလိုက်နာကြရန် လိုအပ်မည်ဖြစ်သည်။

 

ယင်းသို့သောအနေအထားများကြောင့် လာမည့်ကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အတွက် ရောဂါဖြစ်မှုပိုလျှင် စည်းကမ်းတိုး၊ ရောဂါဖြစ်မှုနည်းလျှင် စည်းကမ်းလျှော့သည့် ပိုတိုးနည်းလျှော့အစီအမံများ ထပ်မံပြုလုပ်ရသည်။ မြို့ကြီးများ တွင် ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန် ထားပြီးဖြစ်သလို ရောဂါဖြစ်ပွားမှုများသော မြို့ကြီးများတွင် Stay at Home အစီအစဉ်များ ထုတ်ပြန်ထားပြီးဖြစ်သော်လည်း အတတ်နိုင်ဆုံး နေအိမ်တွင်သာ နေထိုင်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပန်ကြားချက် ထုတ်ပြန်ထားသည်။

 

မျက်မှောက်အချိန်ကာလသည် ရောဂါကပ်ဘေးမှအစ စိန်ခေါ်မှုများစွာ တို့နှင့် ကြုံတွေ့ခဲ့ရသော ၂၀၂၀ ပြည့်နှစ်ကာလ ကုန်ဆုံးလုနီးပါးရှိလာပြီ ဖြစ်သည်။ လာမည့်နှစ်သစ်တွင် ပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ကောင်းမွန်သောအနာဂတ်သစ်ကို တည်ဆောက်ရယူနိုင်ရန်အတွက် ယနေ့အချိန်အခါသည် အရေးအကြီးဆုံးအချိန်ကာလဖြစ်သည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများအတွက် အကောင်းဆုံးဖြစ်အောင် စီမံဆောင်ရွက်နေပြီး ပြည်သူများကလည်း ထုတ်ပြန်ထားသော စည်းမျဉ်း။ စည်းကမ်း၊ ဥပဒေများကို အလေးထားလိုက်နာပြီး စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲပါဝင်ကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ