အပူဒဏ်၊ ရေဒုက္ခနဲ့ ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကိုပါ ခံစားနေရတဲ့ အိန္ဒိယပြည်သူများ

ထွန်းသစ်စ

 

ဘောလိဝုဒ် နာမည်ကျော်များနဲ့ နိုင်ငံရေးခေါင်းဆောင်များက အိန္ဒိယပြည်သူများကို ကိုရိုနာဗိုင်းရပ်စ်ရန်က ကာကွယ်ဖို့ လက်ဆေးကြရန် တိုက်တွန်းနေသော်ငြား နွေရာသီ အပူဒဏ်ကို ခါးခါးသီးသီးခံစားနေရတဲ့ ဘာလာဒေဝီလို ဆင်းရဲသားရပ်ကွက်မှာ နေထိုင်တဲ့သူတွေအတွက်ကတော့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုပါပဲ။

 

သန့်ရှင်းတဲ့ရေမရ

 

အသက် ၄၄ နှစ်ရှိ မုဆိုးမတစ်ဦးဖြစ်တဲ့ ဘာလာဒေဝီ နဲ့ သူ့ရဲ့ မိသားစုဝင် ရှစ်ဦးတို့ဟာ တခြား သန်းချီတဲ့ အိန္ဒိယနိုင်ငံသားတွေလို ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို လအတော်ကြာခံစားနေရသလို အိမ်တွင်း၌ နေထိုင်ရန် ကန့်သတ်ခံရခြင်း၊ အသွားအလောကန့်သတ်ခံရခြင်းတွေကိုလည်း ရင်ဆိုင်နေရတဲ့အပြင် ဆေးကြောလျှော်ဖွပ်ဖို့လည်း သန့်ရှင်းတဲ့ရေလည်း မရပါဘူး။

 

အလွန်ကိုပူတဲ့အတွက် ကလေးတွေကလည်း ရေသောက်ဖို့ပဲ တောင်းနေပါတယ်။ သောက်သုံးဖို့တောင် ရေအလုံအလောက်မရှိတာ မိမိအနေနဲ့ ဘယ်လိုများ ကလေးတွေကို လက်ဆေးဖို့ ရေပေးနိုင်ပါ့မလဲလို့ ဒေဝီက နယူးဒေလီမှာရှိတဲ့ သူ့ရဲ့ ကျဉ်းကျဉ်းကျုတ်ကျုတ် အိမ်လေးကနေ ပြောလိုက်ပါတယ်။

 

ရေတစ်စက်ဟာ မိမိတို့အတွက်တော့ ဇိမ်ခံပစ္စည်း တစ်ခုလိုပါပဲ။ အဲဒါကို မိမိတို့အနေနဲ့ ရေချိုးလိုက်ပြီး မဖြုန်းတီးနိုင်ပါဘူးလို့ ဘေးနားမှာ ညစ်ပတ်တဲ့ ကလေးတွေ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေတဲ့ ဒေဝီက အေအက်ဖ်ပီကို ပြောကြားလိုက်ပါတယ်။

 

အဖျားပြီးနေပြီ

 

သူ့ရဲ့ အိမ်အပြင်ဘက်မှာလည်းအပူချိန်ဟာ ၄၅ ဒီဂရီ ဆဲလ်စီးရပ်စ် (၁၁၃ ဒီဂရီ ဖာရင်ဟိုက်)အထိ ရှိနေပါတယ်။ သို့သော်လည်း ဒေဝီရဲ့ အိပ်ခန်းတစ်ခန်းတည်းသာရှိတဲ့ အိမ်လေးမှာတော့ ရရာနဲ့ ဖြစ်သလိုဖန်တီးထားတဲ့ မျက်နှာကြက် ပန်ကာလေးတစ်လုံးကတော့ မိသားစု အားလုံးအတွက် လေအေးခံရာ နိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

 

ပိုက်လုံးနဲ့ ရေသွယ်ထားတာရှိသော်လည်း ရေကတော့ စိတ်ညစ်စရာကောင်းလောက်အောင် ရတစ်ချက် မရတစ်ချက်ပါပဲ။ မြေအောက်ရေနဲ့ ဆက်သွယ်ထားတဲ့ ရေပန့်ကလည်းလေတွေပဲ မှုတ်ထုတ်နေပါတယ်။ သူတို့ မိသားစုဟာ အများသုံးအိမ်သာကိုပဲ သုံးနေရပြီး သူတို့ရဲ့ အိမ်သာရေချိုးခန်းကတော့ လိုက်ကာနောက်ကွယ်မှာ ရှိတဲ့ ရေပုံးတစ်လုံးပါပဲ။

 

မဆေးကြော မသန့်စင်ရတဲ့အတွက် နေရာတိုင်းဟာ ညစ်ပတ်နေတာပါပဲ။ ကျိန်းသေတာကတော့ ဗိုင်းရပ်စ်က ကျွန်မတို့ကို တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့ဘာလုပ်နိုင်မှာလဲလို့ ဒေဝီရဲ့ အိမ်နီးနားချင်းဖြစ်သူ အနီတာဘစ်ရှ်က ပြောပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေကလည်း အဖျားပြီးနေကြပါပြီလို့ အောက်တစ်ပိုင်း အ၀တ်မပါတဲ့ကလေးကို ချီထားရင်း သူက ပြောပါတယ်။

 

ရေဟာ ရွှေပါပဲ

 

ကိုရိုနဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ခင်တုန်းက အိန္ဒိယ မြို့ပြ ဆင်းရဲသား သန်း ၁ဝဝ လောက်ဟာ ရေပြတ်လပ်မှု တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဝန်ကြီးချုပ် နာရန် ဒရာမိုဒီရဲ့ အစိုးရဟာ ရေကို အဓိက ထိပ်တန်းဦးစားပေးအနေနဲ့ လုပ်ဆောင်နေပြီး ၂၀၂၄ ခုနှစ်မှာ အိမ်ထောင်စု ၁၄၅ သန်း ကို ရေပေးဝေနိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။

 

သို့သော်လည်း လတ်တလောမှာ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံလောက်ဟာ နွေရာသီမှာ ရေဘုံဘိုင်ခေါင်းတွေ ခြောက်သွေ့ပြီး ရေပြတ်လပ်မှုတွေ ကြုံတွေ့နေရတာကြောင့် အဝတ်လျှော်ဖွပ်ခြင်းနဲ့ ရေချိုးခြင်းတွေ မလုပ်ရပါဘူး။

 

နွေရာသီမှာ ရေဒုက္ခခံစားနေရတဲ့ ဒေသတွေကို ရေကားတွေနဲ့ ရေတွေဖြန့်ဝေပေးနေပါတယ်။ သို့သော်လည်း ရေရရှိဖို့ တန်းစီစောင့်ဆိုင်းနေရင်း အချင်းချင်း ခိုက်ရန် ဒေါသမဖြစ်တဲ့နေ့ဆိုတာ မရှိပါဘူး။ လွန်ခဲ့တဲ့နှစ်က တောင်ပိုင်း ချန်နိုင်းမြို့မှာ ရေလုံးဝပြတ်လပ်သွားပါတယ်။

 

ပြင်းထန်တဲ့အပူဒဏ်ကို ခံစားရမယ်

 

အပူလှိုင်းတွေလည်း မကြာခဏဆိုသလို တိုး၍တိုး၍ ဖြစ်ပေါ်လာပြီး အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်ဟာ ယခုသီတင်းပတ်မှာ အပူချိန် ၅၀ ဒီဂရီဆဲလ်စီးရပ်စ်ထိ မြင့်တက်ခဲ့ပါတယ်။ ဒေလီရဲ့ အစိတ်အပိုင်း အတော် ျားများဟာ နှစ်ပေါင်း ၂ဝ နီးနီး မေလအပူချိန်ဟာ အပူဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

 

အပူလှိုင်းရိုက်ခတ်မှုကြောင့် ၂၀၁၅ ခုနှစ်ကစပြီး အိန္ဒိယနိုင်ငံတစ်ဝန်း လူပေါင်း ၃၅၀၀ လောက် သေဆုံးခဲ့တယ်လို့ အစိုးရရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ထို့အတူ လယ်သမားတွေလည်း မိုးခေါင်ရေရှားမှုက အသီးအနှံတွေကို ဖျက်ဆီးပြီး ဆင်းရဲဝန်ပိစေတဲ့အတွက် ဒဏ်မခံနိုင်တဲ့ နောက်ဆုံး သူတို့ကိုယ်သူတို့ သတ်သေတဲ့ သူတွေတောင် ရှိခဲ့ပါတယ်။ ။

 

တချို့ အိန္ဒိယမိသားစုဝင်တွေ ဝင်ငွေမြင့်မားလာတဲ့အတွက် ဇိမ်ခံပစ္စည်းတွေကို ဝယ်ယူနိုင်သော်လည်း အဲကွန်းရှိတဲ့ အိန္ဒိယမိသားစုဝင် အရေအတွက်ဟာ ၇ ရာခိုင်နှုန်းပဲရှိပါတယ်။ သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဉာဏ်ကြီးရှင်အဖွဲ့မှ တာရွန်ဂိုပါလာခရစ်ရ်နန်က အိန္ဒိယနိုင်ငံဟာ အနာဂတ်ကာလမှာ ပြင်းထန်တဲ့ အပူနဲ့ ရင်ဆိုင်ခံစားရမယ်လို့ ပြောပါတယ်။

 

ရေရရေး အလုအယက်ကြိုးစားကြ

 

မိမိတို့ ရာသီအလိုက် သဘာဝတရားကြီးကို ပြန်ကြည့်မယ်ဆိုရင် အပူချိန်ဟာ တဖြည်းဖြည်း မြင့်တက်လာတယ်ဆိုတာကို တွေ့ရမှာဖြစ်ပြီး အဲဒါက လူမှုအနှောင့်အယှက် ဖြစ်ပေါ်စေလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေး နေသော်လည်း လတ်တလော အပူချိန်မြင့်မားမှုဆိုင်ရာ ကန့်သတ်ချက်တွေကတော့ ပိုဆိုးလာပါတယ်။ လူဦးရေ သန်း ၂၀ လောက်ဖွေးဖွေးလှုပ်နေတဲ့ ဒေလီမှာ တစ်နေ့ကို ရေလိုအပ်ချက်ဟာ ဂါလန်သန်း ၂၀၀ (လီတာသန်း ၇၆၀) လောက်ရှိပါတယ်။

 

ရေကားအလာကို စောင့်နေတဲ့ အခြေအနေဟာ ကိုရိုနာဗိုင်းရပ်စ်မြို့တော်ကို ဖိစီးနှိပ်စက်တဲ့အခြေအနေ ထက်တောင် ဆိုးနေပါသေးတယ်။ ပလတ်စတစ်ရေပုံး တွေ၊ ရေဘူးတွေနဲ့ နာရီပေါင်းများစွာကြာအောင် ရေရဖို့အရေး စီတန်းစောင့်ဆိုင်းနေကြပါတယ်။ ရေဒုက္ခကြောင့် မိမိတို့အနေနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းမျဉ်းကိုတောင် မလိုက်နာနိုင်ဘူးလို့ ဆင်းရဲသား တစ်ဦးဖြစ်တဲ့ လက်ခ်ပက်ကပြောပါတယ်။ လူတွေဟာ သူ့ထက်ငါအရင် ရေပုံးတွေ ရေပြည့်ရေး အလုအယက် ကြိုးစားနေကြပါတယ်။

 

အခုဆိုရင် အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲသားအများစုဟာ အပူဒဏ်ခံရတဲ့ဒုက္ခ၊ ရေဒုက္ခတွေသာမက အိမ်တွင်း၌သာ နေထိုင်ရန် ကန့်သတ်ခံရခြင်းဒုက္ခ၊ အသွားအလာ ကန့်သတ်ခံရခြင်း ဒုက္ခတွေကို ခါးသီးစွာခံစားနေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကလည်း နေ့စဉ် လူနေမှုဘဝကို ခြိမ်းခြောက်နေသလို အပူဒဏ်နဲ့ ရေဒုက္ခတွေပါ ပေါင်းစပ်လိုက်တော့ ကြမ်းတမ်းမှုပြည့်စုံတဲ့ ဘဝမုန်တိုင်းတစ်ခုလို့တောင် ဆိုရမလိုဖြစ်နေပါပြီ။ ။

 

ကိုးကား - အေအက်ဖ်ပီ