အပြည်ပြည်ဆိုင်ရာ တရားရုံး ( ICJ ) ဆိုင်ရာ ဥပဒေရေးရာ စကားဝိုင်းကျင်းပ

အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice - ICJ) ဆိုင်ရာ ဥပဒေ ရေးရာစကားဝိုင်းကို ဦးဆောင် ဆွေးနွေးသူအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်)က ဆောင်ရွက်ပြီး ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် (ငြိမ်း) ဦးထွန်းမြတ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်တို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်များကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဦးကိုကို ။ ။ မြန်မာနိုင်ငံကို ICU မှာတရားစွဲဆိုခံရခြင်းနဲ့ ပတ်သက်လို့ ပြည်သူတွေအကြား၊ မီဒီယာတွေအကြား ICJ နဲ့ ပတ်သက်လို့ ပြောဆိုရေးသား ဝေဖန်သုံးသပ်ကြတာတွေ အမျိုးမျိုးရှိပါတယ်။ အဲဒီ အတွက်ကြောင့် ICJ ဆိုတာဘာလဲ၊ ICJ ဟာ ဘယ်လိုရပ်တည်နေသလဲ။ ICU နဲ့ မြန်မာနိုင်ငံ ဘယ်လိုဆက်စပ်မှုရှိသလဲ စသဖြင့် ဥပဒေရေးရာကိစ္စရပ်တွေကို အများပြည်သူသိရှိအောင် ဥပဒေရေးရာစကားဝိုင်းကို စီစဉ်ရခြင်း၊ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဆရာကြီးကိုစပြီးဆွေးနွေးစေလိုတာက ICJ ဆိုတာဘာလဲ။ မြန်မာနိုင်ငံနဲ့ရော ဘယ်လိုဆက်စပ်နေတယ်ဆိုတာကစပြီး ဆွေးနွေးပေးပါခင်ဗျာ။

ဦးထွန်းမြတ် ။ ။ ICJ ဆိုတာ အတိုကောက်ပါ။ အင်္ဂလိပ်လိုဆို International Court of Justice (အပြည်ပြည်ဆိုင်ရာ တရားရုံး) ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ပင်မအခြေခံအဆောက်အအုံ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ အခြားအဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အခြားအဖွဲ့အစည်းတွေနဲ့ ခြားနားတာကတော့ ရုံးချုပ်က နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာရှိနေပေမယ့် သူ့ရဲ့အဆင့်က အလွန်မြှင့်ထားပါတယ်။ အရေးကြီးတဲ့ အပိုင်းမှာလည်း ရှိပါတယ်။ ကုလသမဂ္ဂကထုတ်တဲ့ ပဋိညာဉ်စာချုပ်မှာ Charter of the United Nations လို့ ရေးထားပါတယ်။ ဒါပေမယ့် အောက်မှာရေးထားတာက and Statute of the International Court of Justice လို့ ရေးထားပါတယ်။ သူကတော့ အရေးကြီးလွန်းလို့ ပဋိညာဉ် စာတမ်းထဲမှာပါတယ်။ ကုလသမဂ္ဂကိုဝင်တာနဲ့ တစ်ပြိုင်နက် ICJ ကို ဝင်ပြီးသားသဘော သက်ရောက်ပါတယ်။ အလိုအလျောက် ကျရောက်တာဖြစ်ပါတယ်။ ၁၉၄၅၊ ၁၉၄၆ ခုနှစ် ကုလသမဂ္ဂ စပြီးပေါ်ပေါက်တဲ့အချိန် International Court of Justice ကလည်း အရင်တုန်းက စစ်မဖြစ်ခင်ကရှိတဲ့ အဖွဲ့ချုပ်က ဆင်းသက်လာတယ်။ အတူတူပေါ်လာတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာဝင်တဲ့ နိုင်ငံတိုင်းဟာ International Court of Justice မှာ အဖွဲ့ဝင်အနေနဲ့ ဖြစ်တဲ့အတွက် ရုံးတော်မှာအမှုတင်ရင် ဘာမှ အထူးသဘော တူညီချက်ယူနေစရာမလိုဘူး။ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်က အတည်ပဲဆိုတာ လက်ခံရာရောက်ပါတယ်။ ငြင်းဆန်လို့လည်းမရဘူး။ ကုလသမဂ္ဂကို ဝင်တာနဲ့ တစ်ပြိုင်နက် ရုံးတော်ရဲ့ အာဏာစက်အောက်ကို ရောက်တယ်။ ICJ ရဲ့ လုပ်ရိုးလုပ်စဉ်၊ လုပ်ငန်းတာဝန်လို့လည်း ပြောလို့ရပါတယ်။

ဦးကိုကို ။ ။ မြန်မာနိုင်ငံကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ICJ မှာ အလိုအလျောက်ပါဝင်တယ်။ အခု ဆောင်ရွက်နေတာကလည်း ICJ ရဲ့ လုပ်ထုံးလုပ်နည်း၊ လုပ်ရိုးလုပ်စဉ် ကိစ္စအဖြစ် ဆောင်ရွက်တယ်။ အခု မြန်မာနိုင်ငံကို ICJ က တရားစွဲတဲ့ ကိစ္စမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းလေးတစ်ခုက Genocide Convention ဆိုတဲ့ အသုံးအနှုန်းတစ်ခုပါ။ ဒါကဘာလဲဆိုတာ မေးချင်ပါတယ်။ မြန်မာနိုင်ငံကရော Genocide Convention မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တာ ရှိပါသလား။

ဒေါက်တာသီတာဦး ။ ။ မြန်မာလိုကတော့ လူမျိုးပြုန်းတီးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံပေါင်းစုံသဘောတူ စာချုပ်ပါ။ အင်္ဂလိပ်လိုကတော့ Convention for the Prevention and Punishment of the Crime of Genocide လို့ ခေါ်ပါတယ်။ ဒီစာချုပ်ကို ကျွန်မတို့ နိုင်ငံက ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ မူအားဖြင့် စာချုပ်ကိုသဘောတူလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ ဒီစာချုပ်ကို ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်မှာ အတည်ပြု ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဒီသဘောတူ စာချုပ်မှာရှိတဲ့ တာဝန်တွေအကုန်လုံးကို ကျွန်မတို့နိုင်ငံက လိုက်နာဆောင်ရွက်ပါမယ်လို့ သဘောတူလိုက်တဲ့ အခြေအနေဖြစ်ပါတယ်။

ရဲရဲဝံ့ဝံ့လက်မှတ်ရေးထိုးကြောင်းတင်ပြ

ဒီသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးစဉ်က တရားရေးဝန်ကြီး ဦးခင်မောင်လတ်က ပြည်သူ့လွှတ်တော်မှာ ဒီသဘောတူစာချုပ်ကို ပါဝင်ခွင့်ပြုဖို့ ၁၉၅၅ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ တင်ပြခဲ့တယ်။ သူ့ရဲ့ တင်ပြချက်က မှတ်သားစရာကောင်းပါတယ်။ မြန်မာနိုင်ငံက ယနေ့ထိ ရဲရဲတင်းတင်း ပြောရဲကြောင်း လူတစ်စုနဲ့တစ်စုဖြစ်စေ၊ ဘာသာတစ်ခုနဲ့တစ်ခု ကိုးကွယ်ရာလူမျိုး အလိုက်ဖြစ်စေလူအစုလိုက်ဖြစ်စေ ယနေ့အထိ ဒီလိုကိစ္စမျိုး တစ်ခါမှမပေါ်ဖူးသေးကြောင်း၊ နောင်ကိုလည်း ဘယ်တော့မှပေါ်မှာမဟုတ်ကြောင်း၊ ဒါကြောင့် Genocide Convention ကို ရဲရဲဝံ့ဝံ့ လက်မှတ်ရေးထိုးကြောင်း တင်ပြခဲ့ပါတယ်။ နောင်အတွက်ကိုပါ သူက ကတိကဝတ်ပြုလိုက်ပါတယ်။ ကိုယ့်နိုင်ငံအတွက် ကို ယုံယုံကြည်ကြည်နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြောလို့ရပါတယ်။ ၁၉၅၅ ခုနှစ် လွှတ်တော်မှာ သူက နောင်အနာဂတ်အတွက်ကိုပါ တာဝန်ယူပြီး တင်ပြခဲ့ပါတယ်။

အဲဒီလို Convention ကို ဝင်ရောက်မယ်ဆိုစဉ်တုန်းက လွှတ်တော်ကို ခြွင်းချက်နှစ်ရပ်တော့ ပြုခွင့်ပေးပါ။ ဒီ Convention မှာပါတဲ့ Article နှစ်ခုကိုတော့ ကျွန်တော်တို့ကလိုက်နာကျင့်သုံးဖို့ လက်မခံလိုတဲ့အတွက် Genocide Convention polos Article 6 နဲ့ Article 8 ကိုဖယ်ထားခွင့်ကိုလည်း လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ Artide 6 က Genocide Convention မှာ ပါရှိတဲ့ ပြစ်မှု Genocide ကို ကိုယ့်နိုင်ငံထဲက လူပုဂ္ဂိုလ်တွေက ကျူးလွန်ခဲ့ရင် ကိုယ့်နိုင်ငံရဲ့ တရားရုံးမှာ တရားစီရင်ပေးပါ။ ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ တရားရုံးတစ်ခုခုမှာ တရားစီရင်ပေးပါ။ တစ်ယောက်ယောက်က တောင်းဆိုတာနဲ့ ဒီလိုတောင်းဆိုချက်မျိုးဟာ ကိုယ့်နိုင်ငံထဲမှာ ပြစ်မှုကျူးလွန်ခဲ့ရင် ကိုယ့်တရားရုံးနဲ့ တရားစီရင်ရေးနဲ့ စီရင်မှာပဲ။ သူများက ကိုယ့်ကိုပြောမှ စီရင်တယ်ဆိုတာမျိုးကို လက်မခံဘူး။ နောက်တစ်ခုက Genocide Convention ကို ကျူးလွန်ခဲ့တဲ့နိုင်ငံကို အခြားနိုင်ငံတစ်ခုခုက ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အထွေထွေညီလာခံလို၊ လုံခြုံရေးကောင်စီလိုတွေဆီကိုသွားပြီး အရေးယူပေးပါဆိုပြီး တောင်းဆိုလိုက်ရင် ကျွန်တော်တို့ ၊ ကျွန်မ တို့က လိုက်နာဆောင်ရွက်ပါ့မယ်လို့ တစ်ခါတည်း သဘောတူလိုက်တဲ့ သဘောမျိုးဖြစ်လို့ အဲဒီနှစ်ခုကိုတော့ ခြွင်းချက်ထားဖယ်ပြီး ဝင်ခဲ့တာ ဖြစ်ပါတယ်။ ။

ဦးကိုကို ။ ။ အခုဖြစ်နေတာက မြန်မာနိုင်ငံက တရားစွဲခံရတဲ့သဘောမျိုးဖြစ်နေတယ်။ ဒီဇင်ဘာ ၁၀ ရက်ဆိုရင် ကျွန်တော်တို့ သွားရောက်ရှင်းလင်း တင်ပြရမှာတွေလည်း ရှိနေတယ်။ အဲဒီအပေါ်မှာလည်း အမျိုးမျိုးရေးကြ၊ သားကြတာတွေလည်း ရှိတယ်။ ဆရာမကတော့ ဥပဒေ ခုံရုံးကိစ္စ၊ တရားရုံးကိစ္စတွေ နိုင်ငံတကာ အတွေ့အကြုံလည်းရှိတော့ အခု သွားရမယ့်ကိစ္စရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာ ပြောပြပေးပါ။

ဒေါ်လှမျိုးနွယ် ။ ။ အခု ဒီဇင်ဘာ ၁၀ ရက်သွားရမယ့် ကိစ္စက ဂမ်ဘီယာနိုင်ငံက ယာယီတားဆီးပေးတဲ့ အမိန့်တစ်ရပ်ကို ထုတ်ပေးဖို့အတွက် ICJ ရဲ့ ဥပဒေကို ကိုးကားပြီး တောင်းဆိုပါတယ်။ သူ့ရဲ့ တောင်းဆိုချက်ထဲမှာ နိုင်ငံအတွင်းမှာ ဆက်ပြီး သတ်ဖြတ်မှု၊ လူကို ထိခိုက်နာကျင်စေမှုတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သက်သေအထောက်အထား ဖျက်ဆီးတဲ့ကိစ္စတွေ ဒါတွေကို ဆက်မလုပ်အောင် မြန်မာနိုင်ငံဘက်က တားပေးပါဆိုတာ တစ်ချက်။ နောက်တစ်ချက်က ရခိုင်မှာ အခုနေထိုင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေ၊ လူမျိုးစုတွေအပေါ်မှာ လူမျိုးတုံးဖြစ်စေမယ့် ပြစ်မှုတွေကို ဆက်လက်ပြီး မကျူးလွန်ဖို့ တားမြစ်ပေးပါဆိုတဲ့ တောင်းဆိုချက်တစ်ခု။ နောက်တစ်ခုက ဆရာမဒေါ်သီတာဦးပြောသွားတဲ့ Genocide Convention ထဲမှာ နိုင်ငံတစ်ခုအနေနဲ့ လိုက်နာဖို့ ဝန်ခံကတိလုပ်ထားတဲ့ အချက်ကိုလိုက်နာဆောင်ရွက်ပေးပါ။ နောက်ပြီး ဒီအငြင်းပွားမှုကို ပိုမိုဆိုးရွားအောင် မလုပ်ဆောင်နိုင်အောင် တားမြစ်မိန့်ထုတ်ပေးပါဆိုတဲ့ ကိစ္စကို ရင်ဆိုင်ဖြေရှင်းဖို့ သွားတာပါ။

နောက်တစ်ခုက ဒီမှာ ကျွန်မတို့အားလုံး ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုတဲ့အချက်က ဂမ်ဘီယာက မူလတောင်းဆိုထားတဲ့အမှုက  Genocide Convention  မှာရှိတဲ့ တာဝန်ကို ချိုးဖောက်ခြင်း ရှိ၊ မရှိဆိုတဲ့ အမှု ကတော့ Original Case ဖြစ်ပါတယ်။ ဒါပေမယ့် အခုသွားမယ့် ကိစ္စကတော့ Original Case အတွက်ကို ရင်ဆိုင်ဖို့သွားတာ မဟုတ်ပါဘူး။ ဂမ်ဘီယာက အခုတောင်းဆိုထားတဲ့ ကြားဖြတ်တားဆီးမိန့် ထုတ်ပေးပါဆိုတဲ့ကိစ္စကို ကျွန်မတို့က ကျွန်မတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေအရ ဒီလိုထုတ်ပေးဖို့လည်း မလိုဘူး ဒီလိုအခြေအနေမျိုးလည်း မရှိဘူးဆိုတာကို ဥပဒေအချက်အလက် အခိုင်အမာနဲ့ ရှင်းရှင်းလင်းလင်း သွားပြီး လျှောက်လဲချက်ပေးမယ့်ကိစ္စပဲ ဖြစ်ပါတယ်။

ဦးထွန်းမြတ် ။ ။ သာမန်အားဖြင့် ဒီအမှုက ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်ဆိုသလို ကြာတတ်တဲ့အမှုမျိုးကို အဲဒီလောက်ထိအောင် မစောင့်ဘဲ အခုလောလောဆယ် ဒီပြဿနာပေါ်ဆဲ၊ ဖြစ်ဆဲ၊ ဖြစ်နေတဲ့ အတွက် ဒါတွေကို ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ သက်သေ သာဓကမပြခင် ဖြတ်လမ်းကဖြတ်ပြီး ဒါကိုတော့ ရပ်တန်းက ရပ်ပေးပါဆိုပြီး သူတို့က တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ဒါကို လက်မခံနိုင်ဘူးဆိုတာ သွားပြီး ပြောမှာဖြစ်ပါတယ်။

ဦးကိုကို ။ ။ အခုတရားစွဲဆိုမှုမှာ ICU ဆိုတော့ လူပုဂ္ဂိုလ်လည်းမဟုတ်ဘူး။ နိုင်ငံတော်ကို တရားစွဲတဲ့ကိစ္စလည်း ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က အင်မတန်မှ ကျယ်ဝန်းတယ်။ ပြည်သူလူထုပါ ပါလာပြီ။ အဲဒီတော့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးလာပြီ။ အဲဒီအပေါ် ဆရာ ဘယ်လိုများ ဆွေးနွေးချင်ပါသလဲ။

ဦးဟန်ညွန့် ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူလူထုရဲ့ အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့ တုံ့ပြန်မှုက အင်မတန်အံ့မခန်းဖွယ် ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ကို အခုလိုတရားစွဲဆိုခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တစ်တိုင်းပြည်လုံးက ပြည်သူများက အုန်းအုန်းကျွက်ကျွက် ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့်တော့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ကြရမယ်ဆိုတဲ့ ပြည်သူအားလုံးရဲ့ အသိစိတ်ဓာတ် ပေါ်ပေါက်လာတာကို အံ့သြဖွယ်တွေ့ရပါတယ်။ နိုင်ငံတော်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဆောင်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မယ်ဆိုတာ သတင်းမီဒီယာများမှာ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်ပြီး နိုင်ငံတော် သမ္မတအပါအဝင် တာဝန်ရှိတဲ့ လူကြီးမင်းများကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် ကြိုတင်ရှင်းလင်းတင်ပြတဲ့ အခမ်းအနားများကိုလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ အကျိုးအကြောင်းအခြေအနေ၊ နောက်ခံ သမိုင်းတွေကိုလည်း သတင်းမီဒီယာများမှာ အများပြည်သူသိရှိအောင် ကျွန်တော်တို့ ထုတ်ပြန်ထားရှိပြီး ဖြစ်ပါတယ်။ ဒီလိုထုတ်ပြန်ပြီး နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံးက ဒီသတင်းကိုသိရှိပြီး ကြိုဆိုထောက်ခံပွဲတွေကိုလည်း ကျင်းပပြုလုပ်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။

ထူးထူးခြားခြားတင်ပြလိုတာက အဖွဲ့အစည်းအသီးသီးရဲ့ ထောက်ခံ တင်ပြချက်တွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘၀’ အထူးဒေသ(၂)၊နောက်ပြီး SSPP ၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ် အထူးဒေသ (၄) မိုင်းလား၊ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ စတဲ့အဖွဲ့အစည်းတော်တော် များများက နိုင်ငံတော်အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ်မှာ ထောက်ခံကြောင်း ကြေညာခဲ့ကြပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း အဖွဲ့အစည်းအသီးသီးရဲ့ ထောက်ခံတင်ပြချက်တွေက ပေါ်လွင်စေခဲ့ပါတယ်။ သို့သော်လည်း ဒီနေရာမှာ ကောက်နုတ်တင်ပြချင်တဲ့ အချက်တစ်ခုရှိပါတယ်။ ဥပမာအားဖြင့် မြောက်ပိုင်း ၃ ဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA တို့ကတော့ ဆန့်ကျင်ကြေညာခဲ့တဲ့ သဘောထား ရပ်တည်ချက်တွေကို တွေ့ရပါတယ်။ အများပြည်သူတို့က အားလုံးတွေ့မြင်သိရှိပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုဆောင်ရွက်ချက်တွေအပေါ်မှာ ကြိုဆိုထောက်ခံပွဲတွေကို အသီးသီး ဆက်လက်ဆောင်ရွက်နေတယ် ဆိုတာကိုလည်း တွေ့ရပါတယ်။ တစ်ခုက အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စ၊ အထူးသဖြင့် အလှမ်းမမီတဲ့ကိစ္စ ဖြစ်တဲ့အတွက် အများပြည်သူလူထုရဲ့ ဘဝမှာ ဥပဒေအသိအမြင်များ ထင်သာမြင်သာ မှန်ကန်စွာ သိရှိအောင် ဖြန့်ဖြူးပေးကြပါဆိုတဲ့  အချက်တစ်ချက် ကိုလည်း ကျွန်တော်မေတ္တာရပ်ခံတင်ပြလိုပါတယ်။ ။

ဦးကိုကို ။ ။ ဆက်လက်ပြီး မေးမြန်းလိုတာက အတိုကောက်ဝေါဟာရတွေ ပေါကြွယ်ဝတဲ့ဆော်မှာ ICC ၊ ICJ ဆိုပြီး ရောထွေး နေကြတော့ ကွာခြားမှုကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဦးထွန်းမြတ် ။ ။ အင်္ဂလိပ်လို တစ်ခုက International Criminal Courses တစ်ခုက International Court of Justice ပါ။ စာလုံးချင်းကတော့ ကွာပါတယ်။ နှစ်ခုစလုံးရဲ့ ဌာနချုပ်တွေက နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့မှာ အခြေစိုက်ပါတယ်။ နှစ်ခုစလုံးက တရားရုံးတွေချည်းပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံး ကွာခြားချက်က International Court of Justice က နိုင်ငံအချင်းချင်းအကြားမှာ ပေါ်ပေါက်လာတဲ့ အချင်းဖြစ်ပွားတာ၊ အငြင်းပွားတာတွေကို ဖြေရှင်းဖို့ရာအတွက် ရပ်တည်ထားတဲ့၊ တရားသူကြီး ၁၅ ဦးပါဝင်တဲ့ တရားရုံးတော်ပါ။ ခုနပြောသလိုပဲကုလသမဂ္ဂ အဖွဲ့ဝင်တွေအပေါ် ဒီရုံးတော်ရဲ့ ဩဇာညောင်းပါတယ်။ ၁၉၄၅ ခုနှစ်ကတည်း က ပေါ်ပေါက်လာပြီး အဖွဲ့ဝင်တွေအကုန်လုံး အကျုံးဝင်ပါတယ်။ ICC ကတော့ ပေါ်ပေါက်တာ အနှစ်နှစ်ဆယ်ရှိပါပြီ။ ပုဂ္ဂလိက နာမည်နဲ့ရွေးပြီး သာမန်ရုံး တွေလိုပဲတရားစွဲဆိုတာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မဆိုင်ပါဘူး။ ပထမတစ်ခုကတော့ ပုဂ္ဂလိကနဲ့မဆိုင်ဘူး။ တိုင်းပြည်နိုင်ငံအချင်းချင်း ဖြစ်ပါတယ်။ အဲဒီလိုကွာခြားပါတယ်။ နာမည်သာ ဆင်တူယိုးမှားဖြစ်ပေမယ့် ပုံစံနဲ့ ရပ်တည်မှု အနေအထား၊ အဆင့်အတန်းက ကွာပါတယ်။

ဦးကိုကို ။ ။ နာမည်သာ ဆင်တူယိုးမှားဖြစ်ပေမယ့် ပုံစံနဲ့ ရပ်တည်မှုနဲ့ အနေအထားက တော်တော်ကွာတယ်ဆိုတာ သိရှိရပါတယ်။

ဦးထွန်းမြတ် ။ ။ ကျွန်တော်တို့နိုင်ငံနဲ့ ICC ဘယ်လိုပတ်သက်တယ်ဆိုတာ နည်းနည်း ဆွေးနွေးချင်ပါတယ်။ ၂၀၀၀ ပြည့်နှစ် မှာ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာတဲ့အချိန်ကနေ အခုထက်ထိ ကျွန်တော်တို့က အဖွဲ့ဝင်အဖြစ် မပါပါဘူး။ ဒါပေမယ့် ICJ ကတော့ အဖွဲ့ဝင်ဖြစ်ကိုဖြစ်သွားတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်ရင် ဖြစ်ကိုဖြစ်သွားတယ်။ ICC ကတော့ မိမိဆန္ဒပေါ်မှာပဲ မူတည်တယ်။ အခုထက်ထိ မြန်မာနိုင်ငံက လက်မှတ်မထိုး ရသေးဘူး။ တစ်ခုပဲ။ ဒီကိစ္စမှာလည်း ပြဿနာက ဘာလဲဆိုတော့ ရခိုင် ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မွတ်စလင်တွေ၊ ဘင်္ဂါလီလို့လည်း ခေါ်တယ်။ အမျိုးမျိုးခေါ်ကြတယ်။ သူတို့ကဘင်္ဂလားဒေ့ရှ်ကို ပြောင်းသွားတဲ့အခါကျတော့ င်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ထားတဲ့ နိုင်ငံဖြစ်နေတယ်။ အခုပြဿနာက ICC နဲ့ပေါ်နေတယ်။ သတင်းတွေက ICJ ကိစ္စကများတယ်။ ICC က နည်းနည်း မှိန်နေတယ်။ ICC က ဖြစ်နေတာက တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ရှိနေပြီး၂၀၁၇ ခုနှစ်ကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း ဒီလူတွေ ဟိုဘက်ရောက်တယ်။ ဟိုဘက်ရောက်တော့ မေးတယ်၊ မြန်းတယ်။ သက်သေယူတယ်ဆိုပြီး ကုလသမဂ္ဂ ကလည်း Fact Finding Mission တွေ ဝင်လာတယ်။ အခု စကားပြောနေတာ ဘယ်သူ့ကို တရားစွဲမယ်၊ ဘယ်သူ့ကို ဦးတည်မယ် ဒါမျိုးတွေ ပြောနေတယ်။

မြန်မာနိုင်ငံက လက်မှတ်မထိုးပေမယ့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ကို ရောက်သွားတဲ့သူတွေရဲ့ သက်သေသာဓကကို မူတည်ပြီး တရားစွဲဖို့ သူတို့တွေက ကြံနေတယ်။ အခုအဲဒီအခြေအနေမှာပါ။

(ဆက်လက်ဖော်ပြပါမည်)