အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်

နေပြည်တော် ၂၂ စက်တင်ဘာ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme – UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. TitonMitra အား စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီတွင် video conference ဖြင့် လက်ခံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် Mr. TitonMitra က ၎င်း၏ ခန့်အပ်လွှာပေးအပ်ခြင်း အစီအစဉ်ကို video link မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက Mr. Titon Mitra အား UNDP ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု နောက်ခံဖြစ်စဉ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၈-၂၀၂၂) အရ ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်မှုစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု၊ တရားဥပဒေစိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအပါအဝင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် COVID-19 ကူးစက်ရောဂါကြောင့် ပြည်သူများ၏ လူမှု-စီးပွားဘဝအပေါ် သက်ရောက်မှုများ လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်