အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပတ်ကြားအက်နေလား

ခုလို ဆောင်းရာသီအချိန်က နဂိုအသားအရေခြောက်တဲ့သူတွေအတွက်တော့ ဒုက္ခအရောက်ရဆုံးပါပဲ။ အသားခြောက်တဲ့ သူတွေဆိုတာ နဂိုချွေးပေါက်ကနေ သဘာဝအဆီ (Sebum) ထုတ်လုပ်မှု နည်းလွန်းတာကြောင့် အသားက စိုစိုပြေပြေ မရှိဘဲ ခြောက်နေတာပါ။ အဲ့တော့ ခုလိုရာသီမှာ အပြင်က အေးလွန်းတဲ့လေကြောင့်ရော၊ ရေပူတွေနဲ့ ချိုးတာ၊ ရေစိမ်နေကြတာကြောင့်ရော၊ ရေသောက်နည်းပြီး အသားအရေက အစိုဓာတ်ဆုံးရှုံးမှုများလာတဲ့အခါ အရင်ကထက် ပိုပြီး အသားခြောက်တတ်ပါတယ်။

 

ဒီဆောင်းပါးမှာတော့ အခုချိန် ရာသီဥတုအေးလွန်းလို့ အသားအရမ်းခြောက်ပြီး ပတ်ကြားအက်နေတဲ့ သူတွေအတွက် အဆင်ပြေလွယ်ကူစွာ လုပ်လို့ရမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြ ပေးချင်ပါတယ်။

 

၁။ မှန်ကန်တဲ့ ဆပ်ပြာကို ရွေးပါ

 

ခုတလော အရမ်းအေးနေတာဆိုတော့ အရေပြားခြောက်ပြီး ယားယံတာ၊ ဓာတ်မတည့်တာ ပိုဖြစ်နိုင်ပါတယ်။ ဒါတွေကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက် ဆပ်ပြာ ရွေးတဲ့အခါ ရောဂါပိုးမွှားသန့်စင်ပေးနိုင်တဲ့ (Antibacterial) ဆပ်ပြာတွေကို အဓိကရွေးပါ။ သစ်သီးဝလံအနံ့နဲ့ အရမ်းမပြင်းတဲ့ ဆပ်ပြာအပျော့စားတွေကိုပဲ ရွေးပေးပါ။ မျက်နှာသစ်ဆပ်ပြာကို ကြေးချွတ်သန့်စင်ပေးခြင်း အာနိသင် (Exfoliating) ပါတာတွေ ရှောင်ပါ။ အသားခြောက်သူတွေအတွက် (Dry Skin only) အမှတ်အသားပါတဲ့ ဆပ်ပြာကို သုံးပေးပါ။

 

၂။ သတိထားပြီး ရေချိုးပါ

 

ဒီလိုအချိန်ဆို လူတော်တော်များများက ရေပူနဲ့ ရေချိုးရတာ၊ ရေစိမ်ရတာကို ပိုသဘောကျပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပေမဲ့ ရေပူက အရေပြားပေါ်မှာ ရှိနေတဲ့ သဘာဝအဆီတွေကို ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ နဂိုကတည်းက အဆီမရှိလို့ အသားခြောက်တဲ့သူတွေအနေနဲ့ ဒါကို လုံးဝသတိထားဖို့ လိုပါတယ်။ ဒါကြောင့် ရေကို ဆယ်မိနစ်ထက် ပိုပြီးချိုးတာ၊ ရေစိမ်တာ မလုပ်ပါနဲ့။ အရမ်းပူနေတဲ့ရေနဲ့ မချိုးပါနဲ့။ ရေကျက်နွေးကတော့ ဒီအချိန်အတွက် ချိုးဖို့ အသင့်တော်ဆုံးပါပဲ။ ရေချိုးသန့်စင်ပြီးတိုင်း မျက်နှာသုတ်ပဝါနဲ့ အရေပြားကို ပွတ်ဆွဲတာမျိုး မလုပ်ပါနဲ့။ ဖွဖွလေးပဲ ဖိသုတ်ပေးပါ။

 

၃။ အစိုဓာတ်ထိန်းခရင်မ်က ဆောင်းတွင်းရဲ့ အသက်ပါ

 

ပုံမှန်အချိန်ထက် ဆောင်တွင်းက အသားခြောက်ခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုပိုများတာကြောင့် ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) တွေကို များများသုံးပေးဖို့ လိုပါတယ်။ ရေကို ခြောက်နေအောင် သုတ်ပြီးတဲ့အခါ မျက်နှာမှ ခြေဖျားအထိ အစိုဓာတ်ထိန်းခရင်မ်တွေကို လိမ်းပေးပါ။ ၅နာရီမှ ၆နာရီကြားတစ်ခါ လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ ပြီးသွားမှ ရှားစောင်းလက်ပပ်ပါတဲ့ Lotion တွေကို လိမ်းပေးပါ။ အပြင်သွားတော့မယ်ဆိုရင် Moisturizer, Lotion လိမ်းပြီးသွားမှ SPF 30 အနည်းဆုံးပါဝင်တဲ့ နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။

 

၄။ အသားခြောက်ပြီး ယားတဲ့အခါ မကုတ်ပါနဲ့

 

ဘယ်သူမဆို ယားနေရင် ကုတ်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာမလား။ ကိုယ်ကတော့ ခဏလေး အယားပြေအောင် ကုတ်လိုက်တာပဲ၊ ယားတဲ့နေရာက ပွန်းပဲ့ထိခိုက်ပြီး သွေးထွက်တဲ့အခါကျတော့ အပြင်ကနေ ပိုးဝင်ဖို့ ပိုလွယ်သွားတာပေါ့။ အဲ့တော့ ခဏလေးနဲ့ ပျောက်မယ့် ပြဿနာက အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ယားနေရင် မကုတ်မိအောင် စိတ်ကို ထိန်းထားပါ။ ယားနေတာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေပတ်တိုက်ပေးတာ၊ ဒါမှမဟုတ် အယားသက်သာစေမယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ပြီး မှီဝဲလို့ရပါတယ်။ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက် သွားပြကြည့်ပါ။

 

၅။ အသားအရေထိန်းသိမ်းပါ။ အလွန်အကျွံ မလုပ်ပါနဲ့

 

ဒီလိုရာသီက ပိတ်ရက်လည်းများတယ်၊ အပြင်မှာကလည်း အေးနေတော့ အိမ်တွင်းအောင်းပြီး ကိုယ့်အသားအရေကို ထိန်းသိမ်းမှုပိုလုပ်ကြမယ်လို့ ထင်ပါတယ်။ အသားအရေထိန်းသိမ်းတယ်ဆိုတာ ဘယ်ရာသီအတွက်မဆို ကိုယ့်အတွက် ကောင်းပါတယ်။ ဒါပေမယ့် ပုံမှန်လိုမျိုး အမြဲတမ်း လုပ်နေတာထက် တစ်ပတ်လောက်မှ တစ်ခါလုပ်ပေးတာ ပိုကောင်းပါတယ်။ အထူးသဖြင့် အိမ်တွင်း၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ အလွယ်တကူ အသားအရေထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံး ပဲပေါ့။

 

၆။ စားသောက်နေထိုင်မှုပုံစံကိုလည်း ဂရုစိုက်ပါ

 

အရည်ရွှမ်းပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ။ အသားအရေ စိုပြေနေစေဖို့ ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကိုလည်း စားပေးပါ။ တစ်နေ့ကို အိပ်ချိန် ၈ နာရီရအောင် အိပ်စက်အနားယူပါ။ အားလပ်ချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ပေးပါ သို့မဟုတ် Gym မှာသေချာကစားပါ။ ရေကို တစ်နေ့ ၃ လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။

 

ဆောင်းရာသီမှာ အသားခြောက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေက ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာ ပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်