အဖေပေးသည့်အမွေ

၁၃  အောက်တိုဘာ

အခန်း(၁)

အရုဏ်တက်တိုင်း အိမ်အောက်က စကား ပြောသံတချို့ ကျွန်တော်အကြားအာရုံထဲကို ထွင်းဖောက်ဝင်လာမြဲဖြစ်သည်။ သို့သော် ကျွန်တော်သည် အိပ်ရာကနေ မထသေး။ မိုးစင် စင်လင်းမှ ထလေ့ရှိသည်။ ကျွန်တော် အိမ်အောက်ကို ဆင်းလာတိုင်း မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်ပြုတ်နေသည့် အမေ့ကိုသာ တွေ့ရသည်။ အဖေ့ကိုတော့ဖြင့် အရိပ်အခြေ တောင် မတွေ့ရတော့ပါ။ အဖေဘယ်သွားလည်း မေးလိုက်တိုင်း "သားအဖေ လယ်ထဲသွားတယ် လေ"ဟု အမေက ပြန်ဖြေလေ့ရှိ၏။

ကျွန်တော် သိတတ်စအရွယ်ကတည်းက အဖေသည် ကျွန်တော်နှင့် လက်ပွန်းတတီး မနေဖြစ်ခဲ့ပါ။ သည့်အတွက် အနီးကပ်ပြုစုယုယ မှုလည်း ကျွန်တော် မခံရဖူးချေ။ ကျွန်တော် စိတ်ထဲတွင် အဖေနှင့်စိမ်းနေခဲ့သည်။ အဖေ သည် အတန်းပညာမတတ်သူတစ်ယောက်ဖြစ် ၏။ အဖေသည် ငယ်ငယ်လေးကတည်းက လယ်အလုပ်ပဲလုပ်ကိုင်ခဲ့သည်ဟု ကျွန်တော် သိခဲ့သည်။ သည်ချိန်ထိလည်း လယ်အလုပ်ပဲ လုပ်ကာ ကျွန်တော်တို့ကို လုပ်ကိုင်ကျွေးမွေး၏။ သို့သော် အဖေသည် ခေသူမဟုတ်။ အဖေ ကိုယ်တိုင်က ဘာပညာမှမတတ်သော်လည်း သူ့သားဖြစ်သူ ကျွန်တော့်ကိုတော့ဖြင့် ပညာ အမွေကို ဆက်ခံစေခဲ့လေ၏။

ကျွန်တော်တို့ရွာလေးသည် မြို့ပြနှင့် အတော်ဝေးသည်။ ကျွန်တော်တို့မြို့နယ်မှာ ကျွန်တော်တို့ရွာသည် အစွန်အဖျားဖြစ်သည်။ လမ်းပန်းမဖွံ့ဖြိုးဘူး။ လျှပ်စစ်မီးမရဘူး။ တီဗွီ အိမ်က လူအစည်ကားဆုံးနေရာဖြစ်သည်။ ကာလာမပါသည့် အဖြူအမည်းတီဗွီကို ကျွန်တော်တို့ ရွာသားတွေ သည်းသည်းမဲမဲ ကြိုက်ကြသည်။ တီဗွီကို ဘက်ထရီအိုးနှင့် ကြည့်ကြရသည်။ ဆိုင်ကယ်တဝီဝိ၊ ကားတဝီဝီ နှင့် ခေတ်မမီလှဘူး။ စက်ဘီးတစ်စီးရှိရင် ရွာ ထဲမှာ မင်းသားလို လျှောက်နင်းပြလို့ရ၏။ ရွာ ၏အလယ်မှာ သက်ကယ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ပျဉ်ထောင် မူလတန်းကျောင်းတစ်ကျောင်းရှိ သည်။ တချို့နေရာများသည် မိုးရွာလျှင် မိုးပေါက်များ ယိုစိမ့်ကျလာတတ်သည်။ သို့သော်လည်း ကျွန်တော်တို့ ရွာသူ၊ ရွာသား အားလုံးသည် ဒီကျောင်း၏ အရိပ်ကို ခိုလှုံခဲ့ဖူး သူချည်းသာဖြစ်သည်။ ရွာ၏နွမ်းပါးမှုကြောင့် ကျောင်း၏အနေထားမှာ အများနှစ်လိုအားရ ဖွယ်ရာမရှိသော်လည်း ထိုကျောင်း၏ ဂုဏ်ရည် သည် အံ့ဩစရာဖြစ်သည်။ ယခုဆိုလျှင် ကျောင်းဆရာတွေ၊ ပန်းချီဆရာတွေ၊ စာရေး ဆရာတွေ၊ ဘွဲ့ရပညာတတ်တွေ မှိုလိုမျှစ်လို ပေါလာ၏။ ကျွန်တော်သည်လည်း ထိုကျောင်း ထွက်စစ်စစ်ဖြစ်သည်။

အခန်း(၂)

အဖေသည် ကျွန်တော်လေးတန်းအောင် သည့်အခါ ကျောင်းဆက်တက်စေချင်သည်။သည့်အတွက်ကြောင့် ငနီရွာက ဦးလေးထံ အကူအညီတောင်းသည်။ ဦးလေးက ခွင့်ပြု သည်နှင့် အဖေသည် ကျွန်တော့်ကို ဦးလေးထံ ပို့ဖို့စီစဉ်ခဲ့သည်။ အကြောင်းမှာ ဦးလေးအိမ် မှာနေပြီး နှစ်မိုင်လောက်ဝေးသေးသည့် အထက်တန်းကျောင်းသို့ ကျောင်းသွားတက်ရန် ဖြစ်သည်။ အိမ်ကမထွက်မီ ကျွန်တော်တို့ သားအမိ အလွမ်းသယ်ကြ၏။ "ငါ့သားလေး မပျော်ရင်ပြန်ခေါ်ခဲ့ပါ"ဟု အမေသည် မျက်ရည် ကျနေသည့်ကြားက အဖေ့ကို မှာလိုက်သေး သည်။ အဖေသည်အမေ့ကို ဘာမှပြန်မပြော။ ကျွန်တော့်လက်ကိုဆွဲကာ ဦးလေးရှိရာ ငနီရွာသို့ ခရီးနှင်လာခဲ့သည်။ ကျွန်တော်နှင့် အဖေသွားရသည့်ခရီးမှာ နီးလှသည်မဟုတ်။ စိတ်ခန့်မှန်းခြေ သုံးမိုင်တော့ကျော်မည်။ လမ်းပန်းမသာသည့် တောလမ်းလေးအတိုင်း ခြေကျင်လျှောက်သွားရသည်။ လမ်း တစ်လျှောက် အဖေနှင့်ကျွန်တော် စကား မပြောဖြစ်။ အဖေ့ကိုကြောက်၍သာ လိုက်လာ ခဲ့ခြင်းဖြစ်သည်။ အိမ်နှင့်မခွဲဖူးသည့်အတွက် ကျွန်တော် ဝမ်းနည်းကြေကွဲနေရပါသည်။ တစ်လမ်းလုံး ရှိုက်ကြီးတငင်ငင်နှင့်ပင် ကျွန်တော် လိုက်ပါလာခဲ့သည်။ အဖေ့ကို ကျွန်တော်မော့ကြည့်တော့ ဘာမှမဖြစ်သလို ပါပဲလေ။ သည်လိုနှင့် လျှောက်လာလိုက်ရာ ဦးလေးအိမ်ကို ရောက်ခဲ့သည်။

"သား "

"ဗျာ အဖေ"

"အဖေ သားဦးလေးနဲ့ ခြံထဲသွားကြည့် လိုက်ဦးမယ်။ ပြီးမှ အဖေပြန်လာခေါ်မယ်"

"ဟုတ်ကဲ့ အဖေ။ သားကိုမထားခဲ့ပါနဲ့ နော်"

 

"အင်းပါသားရဲ့။ သားကို အဖေ မထားခဲ့ပါ ဘူး။ သားညီတွေနဲ့ဆော့ပြီး စောင့်နေ"

"ဟုတ်ကဲ့ အဖေ"

တကယ်တော့ အဖေသည် ဘကြီးအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရတော့သည့် မှောင်ရီ ပျိုးစအချိန်ထိ အဖေပြန်လာတာ ကျွန်တော် မတွေ့ရပါ။ ကျွန်တော် အားရပါးရ ငိုချလိုက်ပါ သည်။ အမေ့ဆီပြန်ခေါ်မသွားသည့် အဖေ့ကို ကျွန်တော်စိတ်ဆိုးသည်။ ကျွန်တော့်စိတ်ထဲ တွင် အဖေသည် သားကိုမချစ်သည့် အဖေ လူဆိုးကြီးဖြစ်ခဲ့သည်။ ရွာကိုသတိရတိုင်း အဖေ့ကို ပို၍စိတ်ဆိုးမိသည်။

အဖေသည် တစ်လတစ်ခါ မုန့်ဖိုးလာလာ ပေးသည်။ အဖေလာတိုင်း ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားဖို့ ကျွန်တော်ပြောသည်။ သို့သော်လည်း အဖေသည် အကြင်နာကင်းလှ စွာပဲ ကျွန်တော့်ကို ထားထားခဲ့သည်။ အမေနှင့် ကျွန်တော့်ကို ခွဲထားသည့်အဖေ့ကို ကျွန်တော် မချစ်ချင်တော့ပါ။ အဲဒီချိန်ကစပြီး အဖေ့ကို ကျွန်တော့် မသိစိတ်ထဲကနေ မုန်းတီးခဲ့သည်။ သို့သော်လည်း အဖေသည် ကျွန်တော့်၏စိတ်ကို နားမလည်သကဲ့သို့ နေတတ်သည်။ သီတင်း ကျွတ်ကျောင်းပိတ်ရက်ဆို ကျွန်တော်အိမ်ကို ပြန်လာရသည်။ အဖေသည် ကျွန်တော့်ကို လယ်ထဲခေါ်ခေါ်သွားသည်။ လယ်ကွင်းအပြည့် ထိုးထိုးထောင်ထောင်နှင့် စိမ်းစိုနေသည့် စပါး ပင်များကို လက်ညိုးထိုးပြသည်။ ကိုင်းညွှတ်နေ သည့် စပါးမှည့်ခင်းတချို့ကိုလည်း လိုက်ပြ သည်။ အဲဒီအချိန်က အဖေ့စေတနာကို နားမလည်သော်လည်း စပါးရရင် ပိုက်ဆံရမယ် ဆိုတာကိုတော့ ကျွန်တော်သိခဲ့သည်။ သည် အတွေးကြောင့်ပဲ အဖေကျေနပ်လောက်အောင် ကျွန်တော်ပြုံးပြခဲ့သည်။ ကျွန်တော် ငါးတန်း ကနေ ရှစ်တန်းအထိ ထုံးစံအတိုင်း ဦးလေး အိမ်မှာပဲတည်းပြီး ကျောင်းတက်ခဲ့ရသည်။

အခန်း(၃)

နွေကို မိုးကစား၊ မိုးကို ဆောင်းကစား၊ ဆောင်းကို နွေကပြန်စားရင်းနှင့်ပင် ကျွန်တော် အထက်တန်းကျောင်းသား ဖြစ်ခဲ့သည်။ ကျွန်တော် ကိုးတန်းရောက်သည့်အခါ အဖေ သည် ဘော်ဒါလိုက်ပို့ပေးသည်။ အဲဒီအရွယ်ထိ ကျွန်တော်သည် အမေနှင့်မခွဲချင်သေးပါ။ သို့သော်လည်း သိတတ်နေပြီမို့ အဖေပြန်သွားမှ ကျွန်တော်ငိုဖြစ်သည်။ အဖေသည် ကျွန်တော် ဘာလိုလို မညည်းမညူ ခြေကျင်လျှောက်ပြီး လာပို့ပေးလေ့ရှိသည်။ ကျောင်းရော၊ ဘော်ဒါ ရော ရက်အတူပိတ်သည့်အခါ ကျွန်တော်အိမ်သို့ ပြန်လာရသည်။ အဖေသည် ထုံးစံအတိုင်း ကွင်းထဲခေါ်လေ့ရှိသည်။ သီးနှံတွေ ဝဖြိုးစွာ သီးနေသည့် စပါးခင်း၊ ပဲခင်းများ၏ အခင်း အကျင်းများကို လိုက်ပြခြင်းဖြစ်သည်။ သည် အပင်တွေကို ဖြစ်ထွန်းလာအောင် အဖေ ဘယ်လိုလုပ်ခဲ့ရလဲဆိုတာကိုတော့ ကျွန်တော် မသိခဲ့ပါ။ မေးလည်း မမေးကြည့်မိခဲ့ပါဘူး။ စီးပွားရေးအဆင်ပြေရင် သုံးလို့ ဖြုန်းလို့ကောင်း သည်ကိုသာ ကျွန်တော်သိခဲ့သည်။အဖေသည် ငယ်ငယ်လေးကတည်းက ကျွန်တော့်ကို တင်းကုပ်ထဲက နွားချေးတစ်ပုံတောင် ကျုံးခိုင်း လေ့မရှိပါ။ အမေသည်လည်း ရေတစ်ခွက် ခပ်တိုက်ခိုင်းခြင်းမရှိ။ ဘဝကို သာယာအေးချမ်း စွာ ကျွန်တော်ဖြတ်သန်းခဲ့ရသည်။ သည့်အတွက် ကြောင့်လည်း လယ်သမားသားဖြစ်ပြီး လယ်အလုပ်ကို ကျွန်တော် နားမလည်ခဲ့ခြင်း ဖြစ်သည်။

အခန်း(၄)

နေ့မှရက်ပြောင်း၊ ရက်မှလပြောင်း၊ လမှနှစ်တွေပြောင်းခဲ့လေပြီ။ လယ်သမားသား ကျွန်တော် ဆယ်တန်းအောင်ခဲ့ပြီဖြစ်သည်။ သည်အချိန်မှ ကျွန်တော်နားလည်လာခဲ့သည်။ ကျွန်တော် ဆယ်တန်းဖြေပြီးကတည်းက ငယ်ပေါင်းသူငယ်ချင်းများ၏ဘဝကို သိခွင့်ရခဲ့ ပြီဖြစ်သည်။ သူဌေးအိမ်မှာ လယ်စာရင်းငှား လုပ်သူကလုပ်၊ နွားကျောင်း၊ လယ်ထွန်ရင်း အချိန်ကုန်နေသူကကုန်၊ အိမ်ထောင်ရပ်သားကျသည့်သူကကျနေပြီဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ထဲမှာ နှစ်ယောက်တည်းသာ ဆယ်တန်း အထိ တက်နိုင်ခဲ့သည်။ သည်တော့ ထိုနှစ်က ဆယ်တန်းအောင်သူက ကျွန်တော်တို့ နှစ်ယောက်တည်းသာရှိ၏။ အဖေ့ကြောင့် သည်လိုဖြစ်ခဲ့ရသည်ဆိုတာကို ကျွန်တော် တဖြည်းဖြည်းနားလည်လာခဲ့ရသည်။

"ပညာရွှေအိုးလူမခိုး"ဟူသည့် ဆိုရိုးစကား သည်မှန်၏။ ပညာသည် တန်ဖိုးကြီးသည်။ ဈေးကြီးသည်။ ပညာလိုချင်လျှင် ငွေဖိနပ်စီးပြီး သင်္ချာလှေကားထစ်တွေကို နင်းတက်သွားရ သည်။ ကျွန်တော်တက်နိုင်ဖို့ အဖေ့ချွေးတွေ၊ အဖေ့သွေးတွေ၊ အဖေ့ဝီရိယတွေက ထမ်းပိုး တင်ခဲ့သည်။ အဖေ့၏ခေါင်းတွင် ဇရာက ဆံဖြူ များကို ထိုးစိုက်ပေးခဲ့သော်လည်း ယနေ့အချိန်ထိ အဖေသည် ဇွဲကိုမလျှော့ခဲ့ပါ။ ကျွန်တော့်အပေါ် မှာ အဖေသည် တစိုးတစိမျှ မျှော်လင့်ထားပုံ မရ။ ထို့ကြောင့် အဖေသည် ချွေးဒီးဒီးကျနေ သည့်ကြားက အလုပ်တွေလုပ်နေတုန်းဖြစ်မည်။

မေတ္တာဟူသည် တင့်တယ်ခြင်းအသစ်ပွား လာရန် အာရုံပြုတောင့်တသောသဘောဟု ဆော့ခရတ္တိက ဆိုခဲ့ဖူးသည်။ ကျွန်တော် လူဖြစ်လာရခြင်းသည် ကမ္ဘာကြီးပေါင်ချိန်တက် ပြီး အိမ်ထောင်စုဇယားထဲ လူတစ်ယောက်တိုး လာရုံမဟုတ်ကြောင်း သက်သေပြဖို့ အဖေ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဂျုံရည်နှင့်ပေါင်မုန့် တစ်ဖဲ့အတွက် အဖေသည် ကျောပြင်ကို နေလှန်းခဲ့သည်မဟုတ်ကြောင်း ကျွန်တော် နားလည်ခဲ့ရသည်။ အဖေ့မေတ္တာတရားသည် သမုဒ္ဒရာထက်နက်ရှိုင်း၏။ မြင်းမိုရ်တောင်ထက် မြင့်မား၏။ အဖေပေးခဲ့သော အမွေသည် လူခိုး ၍မရသည့် ပညာရွှေအိုးဖြစ်သည်။

ယနေ့ ကျွန်တော်သည် အရင် ကျောင်းအိုလေးမဟုတ်တော့သည့် ရွာလယ်က တိုက်ကျောင်းဆောင်ထဲမှာ စာသင်နေသည့် ကျောင်းဆရာဖြစ်ခဲ့သည်။ သည်အချိန်သည် အနေအထားအထိ ကျွန်တော့်ဘဝပြောင်းလဲခဲ့သော်လည်း ကျွန်တော်အိပ်ရာက နိုးလာတိုင်း အဖေ့ကိုမတွေ့ရပါ။ အမေ့ကို ကျွန်တော် မေးကြည့်သည့်အခါ "သားအဖေ လယ်ထဲ သွားတယ်လေ"တဲ့။

အဖေသည် ပညာမတတ်သော်လည်း အမျှော်အမြင်ကြီးပါ၏။ ကျွန်တော်သည် အချိန်က တိုက်စားလာသည်နှင့်အမျှ လူငယ် သဘာဝ သီးကြပွင့်ကြရဦးမည်ဖြစ်သည်။ ထိုသို့ ဖြစ်ခဲ့မည်ဆိုလျှင် သားရတနာရပါလိမ့်ဦးမည်။ ကျွန်တော့်ကို သားရတနာလေးက မေးတိုင်း ကျွန်တော့်အမျိုးသမီးက သည်လိုဖြေလိမ့်ဦး မည်။ "သားအဖေ ကျောင်းကို စာသွားသင်တယ် လေ"။ ဦးနှောက်အလုံးအထွားက သည်လို တွေးပြတိုင်း အဖေ့ကို ကျွန်တော်ဘာကြောင့် အံဆွဲထည့်သိမ်းထားရမည်လောဟု ကိုယ့် ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်နေမိပါသည်။

ဇော်ထွဋ်(သင်္ဃန်းတော်)