အနုပညာလက်ရာမြောက် ပုလင်းပန်းချီကို ပညာအမွေဆက်ခံရေးဆွဲ

မန္တလေး ၂၆ စက်တင်ဘာ

ပညာရှင်ရှားပါးပြီး ရေးဆွဲရခက်ခဲသည့် လက်ရာမြောက်ပုလင်းပန်းချီကို အမရပူရမြို့မှ ပုလင်းပန်းချီဆရာကြီး ဦးချစ်မြ၏သား မျိုးဆက်သစ်လူငယ် ပုလင်းပန်းချီ ပညာရှင်ကိုရှိန်ဝါလင်းမှ ပညာအမွေဆက်ခံကာ ဆက်လက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။ ရှားပါး ပုလင်းပန်းချီပညာရှင် ဦးချစ်မြ ကွယ်လွန်သွားပြီးနောက်ပိုင်း သားဖြစ်သူမှ ပုလင်းပန်းချီ၊ မှန်ပန်းချီ၊ ဘူးပန်းချီများကို ဆက်လက်ထိန်းသိမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။

လက်ရှိကာလတွင် ရှားပါးပုလင်းပန်းချီ အရောင်းအဝယ်အေးနေသော်လည်း ဟိုတယ်များမှ မှာယူသော အော်ဒါအထည်များကို ရေးဆွဲပေးနေရသည်။ မြန်မာမှုဆိုင်များနှင့် ဟိုတယ်များမှ အများစုမှာယူသော ပုလင်းပန်းချီမှာ နန်းမြို့ရိုးပုံနှင့် ကျုံးအလှရှုခင်းပုံကို အများစုမှာယူကြသည်။ နန်းမြို့ရိုးနှင့် ကျုံးအလှပုလင်းပန်းချီမှာ ပုလင်းအမြင့် ၁၆ လက်မ လုံးပတ် ၂၈ လက်မအတွင်း ရေးဆွဲခြင်းဖြစ်သည်။    

ရှားပါးပြီး အနုပညာလက်ရာမြောက်သည့် မှန်ပန်းချီ၊ ပုလင်းပန်းချီ၊ အုန်းခွက်ပန်းချီ၊ ဘူးပန်းချီများကို ရေးဆွဲမှုလုပ်ငန်းမှာ ကင်းဘတ်ပေါ်တွင်ရေးဆွဲသည့် ပန်းချီကို အခြေခံကာ မှန်ပန်းချီရေးဆွဲခြင်းလုပ်ငန်းမှ စတင်ခဲ့ပြီး ပုလင်းပန်းချီမှာ ပုလင်းအတွင်းမှာ ရေးဆွဲရသည့်အတွက် ခက်ခဲလှသည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း လက်ရာမြောက် မှန်ပန်းချီရေးဆွဲရာမှ ကျောက်ဆည်မြို့ ပုလင်းပန်းချီဆရာကြီး ဦးညိုလေး၏ ပုလင်းပန်းချီကိုကြည့်ကာ  ပုလင်းပန်းချီ ဦးချစ်မြက သုံးနှစ်တိတိ ရေးဆွဲလေ့ကျင့်ပြီး ငါးလုံးမြောက် ပုလင်းပန်းချီ မဟာမုနိရုပ်ပွားတော်ရေးဆွဲရာမှ စတင်ကျွမ်းကျင်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ပုလင်းပန်းချီ ဦးချစ်မြ၏သား ကိုရှိန်ဝါလင်းက ဖခင်ဖြစ်သူထံမှ ပုလင်းပန်းချီပညာကို အမွေဆက်ခံကာ ထိန်းသိမ်းရေးဆွဲလျက်ရှိသည်။           

တိမ်တမန်