အန္တရာယ်ရှိသည့် သားရဲတိရစ္ဆာန်များကို ဆိုင်ရာနိုက်အဆိပ် အသုံးပြုနှိမ်နင်းမှုကို ထရမ့်အစိုးရ ပြန်လည်ခွင့်ပြု

ဝါရှင်တန် ၉  သြဂုတ်

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့များထံမှ ကန့်ကွက်မှုများ ရှိနေသော်လည်း မြေခွေးများ၊ ဝံပုလွေများနှင့် ရိုင်းစိုင်းသည့် သားရဲတိရစ္ဆာန်များကို နှိမ်နင်းရန်အတွက် ဆိုင်ရာနိုက်ဗုံးဟုခေါ်သည့် အဆိပ်ထောင်ချောက်များ အသုံးပြုခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

တိရစ္ဆာန်များအား ထောင်ချောက်ဆင်ရာတွင် ဆိုဒီယမ်ဆိုင်ရာနိုက်အဆိပ်ကို ထုတ်လွှတ်ရန် အသုံးပြုသည့် အမ် ၄၄ အက်စ်အမည်ရှိ ကိရိယာများအား အသုံးပြုမှုကို အစိုးရက ပြီးခဲ့သည့်နှစ်က ပိတ်ပင်ခဲ့သည်။ ယင်းကိရိယာကြောင့် ကလေးတစ်ဦးနှင့် ၎င်း၏ခွေးတစ်ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက်တွင် အစိုးရက တားမြစ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ၎င်းမိသားစုများကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဖက်ဒရယ် အစိုးရကို အမှုဖွင့်ခဲ့သည်။

ယခုအခါ အဆိုပါ အဆိပ်ထောင်ချောက်များ အသုံးပြုခြင်းကို ပြန်လည်ခွင့်ပြုရန် ဆုံးဖြတ်ချက်ကို ယခုရက်သတ္တပတ် အစောပိုင်းတွင် ကြေညာခဲ့ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ကန့်ကွက်မှုများ ပေါ်ထွက်လာခဲ့သည်။ ယင်းအဆိပ်ထောင်ချောက်များသည် ပြည်သူများ၊ ၎င်းတို့၏အိမ်မွေး တိရစ္ဆာန်များနှင့် မျိုးသုဉ်းပျောက်ကွယ်တော့မည့် သားရဲတိရစ္ဆာန်များအတွက် လွန်စွာအန္တရာယ်ရှိကြောင်း ဇီဝမျိုးကွဲဌာန သားရဲတိရစ္ဆာန်များ ထိန်းသိမ်းရေး ဒါရိုက်တာကိုလက်တီအက်ကင်စ်က ပြောကြားခဲ့သည်။

အစိုးရ၏ ဖော်ပြချက်အရ အမ် ၄၄ အက်စ်ကိရိယာကြောင့် ၂၀၁၈ ခုနှစ်အတွင်း တိရစ္ဆာန် ၆၅၇၉ ကောင်အထိ သေဆုံးခဲ့ကြောင်းနှင့် ယင်းပမာဏမှာ လျှော့ပေါ့ဖော်ပြမှုသာဖြစ်ကြောင်း သိရသည်။

အေအက်ဖ်ပီ