အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာ ခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၃ ဩဂုတ် 

 

အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ် သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ယခုအခါ မီဒီယာ၏ ပုံသဏ္ဌာန်၊ မီဒီယာရှုမျှော်ခင်းသည် ပြောင်းလဲသွားပြီး ဒစ်ဂျစ်တယ်မီဒီယာများအဖြစ် အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်လာပါကြောင်း၊ မီဒီယာလုပ်ငန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိမိတို့ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ကမ္ဘာ့မီဒီယာအကြောင်း၊ မြန်မာ့မီဒီယာအကြောင်းနှင့် မီဒီယာ၏အရွေ့ကို သိရှိရန်လိုအပ်သကဲ့သို့  မည်သို့လိုက်ပါတည်ဆောက်ရမည်ကို သိရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ပြီး လေ့လာစရာ၊ ဆွေးနွေးစရာ၊ မျှဝေစရာ များစွာရှိပါကြောင်း၊ ကောင်းသည့်ဖက်ကို ဦးတည်နိုင်သည့် မီဒီယာအရွေ့ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပုံနှိပ်မီဒီယာနှင့် Digital Revolution and Society Changes အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးကျော်သက်လင်းက ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်ပြီး မူပိုင်ခွင့်ဆိုင်ရာဉပဒေများ အကြောင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဌေးက လည်းကောင်း၊ အွန်လိုင်းမီဒီယာနှင့် ရုပ်သံလွှင့်မီဒီယာအကြောင်းကို မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်ကြေးမုံက လည်းကောင်း၊ ပုံနှိပ်မီဒီယာများအကြောင်းကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ စာတည်း ဒေါ်မေသူစိုးက လည်းကောင်း၊ မြန်မာ့မီဒီယာအရွေ့နှင့် သတင်းမီဒီယာဥပဒေအကြောင်းကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ဟန်နီဝင်းကလည်းကောင်း ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းကာ အကြံပြုဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မီဒီယာအရွေ့သည် ရှောင်လွဲ၍ မရနိုင်သည့်အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ကြရန် အကြံပြု ဖြည့်စွက်ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အွန်လိုင်းမီဒီယာနှင့် မူပိုင်ခွင့်ဆိုင်ရာခေါင်းစဉ်ဖြင့် မြန်မာ့မီဒီယာအရွေ့အပေါ်  သုံးသပ်ဆွေးနွေးပွဲကို ရုတ်သိမ်းခဲ့သည်။ 

 

သတင်းစဉ်