အင်းတော်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁   ဇွန်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မေ ၃၁ ရက် ညနေပိုင်းတွင် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်း၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခိုင်လင်း မောင်းနှင်လာသည့် ALPHARD ယာဉ်အား ရှာဖွေရာ ငွေကျပ် ၂,၈၇၁ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၇၆ ဒသမ ၅ ကီလိုနှင့် ဘိန်းဆီခဲ ၉ ဒသမ ၆ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲက ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ ဆောင်ဖို (မြောက်) ကျေးရွာနေ ခွန်ဗွောင်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၂၀၀ သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)