အင်းတော်မြို့တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ရွှေတစ်ပိဿာခွဲနှင့် ငွေကျပ်သိန်း (၅၀) ပါသွား

အင်းတော် ဇန်နဝါရီ ၁၇

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်ရှိ ရွှေဆိုင်တစ်ဆိုင် ဇန်နဝါရီ ၁၆ ရက်က ဓားပြတိုက်ခံရ၍ ရွှေတစ်ပိဿာခွဲနှင့် ငွေကျပ်သိန်း (၅၀) ပါသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အောင်ချမ်းသာရပ်ကွက်ရှိ ဦးတင်အောင် ရွှေဆိုင်သို့ အမည်မသိ လက်နက်များကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦး ရောက်ရှိလာပြီး သေနတ်ပြ၍ ဓားပြတိုက်ခဲ့ကြောင်း၊ ရွှေဆိုင်ပိုင်ရှင်မှ ဖင်ထိုင်ခုံဖြင့် ပစ်ပေါက်ခဲ့သောကြောင့် လက်နက်ကိုင်တစ်ဦးက ရွှေဆိုင်ပိုင်ရှင်အား ဓားမြှောင်ဖြင့် လည်ပင်းထောက်၍ တစ်ဦးမှ သေနတ်ဖြင့် နားထင်ထောက်ကာ ကျန်သည့် လက်နက်ကိုင်(၃)ဦးမှ ရွှေထည့်ထားသော ကောင်တာအား ရိုက်ခွဲပြီး ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ရွှေနားတောင်း စုစုပေါင်း ရွှေတစ်ပိဿာခွဲနှင့် ငွေကျပ်သိန်း(၅၀)တို့ကို ယူဆောင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

 

ဓားပြတိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အင်းတော်မြို့ မြို့မရဲစခန်းမှ စုံစမ်းစစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)