အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၅/၂၀၂၀) ကျင်းပ

နေပြည်တော် ဧပြီ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ မတ် ၃၀ ရက် မွန်းလွဲ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ အင်တာနက်ကွန်ရက် အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၅/၂၀၂၀) သို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြောင်းလဲလာသော အခြေအနေများနှင့်အညီ လုပ်ငန်းစဉ်နှင့် နည်းဗျူဟာများကို မွမ်းမံပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ရောဂါဖြစ်ပွားရာ နိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများအား အိမ်တွင်ထားရှိ အသွားအလာကန့်သတ်ခြင်း၊ ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်း၊ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်းနှင့် ဆေးရုံတွင်အသွားအလာ ကန့်သတ်ခြင်းတို့ကို စနစ်တကျ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့ အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများတွင် တိုက်ဆိုင်စစ်ဆေးစာရင်းပုံစံ (checklist) များအား အသုံးပြု၍ အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိအား ဆန်းစစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းပြီး ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိနှင့် အကယ်၍ ရောဂါဖြစ်ပွားခြင်းရှိပါကလည်း အခြားသူများထံ မကူးစက်စေရန်အတွက် အသွားအလာကန့်သတ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံကြီးများ၏ ပြင်ပလူနာဌာန (OPD) များတွင် လူနာများအားလုံး စုပြုံပြသနေခြင်းမှ အဖျားရောဂါလူနာများအတွက် သီးသန့် ပြင်ပလူနာဌာနပြုလုပ်ခြင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် စတင်ဆောင်ရွက်လျက်ရှိမှုကို အခြားဆေးရုံကြီးများက လေ့လာဆောင်ရွက်စေလိုပါကြောင်း၊ Video Conference အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ ရယူလိုသည့် ပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကပ်ရောဂါကဲ့သို့ ဘေးအန္တရာယ်များရောက်သည့်အခါ အသက်ဆုံးရှုံးမှုမရှိစေရေး၊ စည်းစိမ်ဥစ္စာပစ္စည်းများ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် စီမံချက်များချမှတ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ဦးချင်းစီမှ ရောဂါမကူးစက်စေရေး ကာကွယ်နိုင်သည့် နည်းလမ်းများကို သိရှိကာ အခြားသူများထံမှ ရောဂါကူးစက်ခြင်းမရှိစေရန်နှင့် မိမိတွင်ရောဂါရှိပါကလည်း အခြားသူများထံ မကူးစက်စေရန်တို့အတွက် ဆောင်ရွက်နိုင်ရန်မှာ အရေးကြီးပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် သတင်းများအား ပြည်သူများထံ ထပ်ခါထပ်ခါ ပေးပို့နေရမည်ဖြစ်ပါကြောင်း။

 

အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် ကန့်သတ်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိအား  ကြီးကြပ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ပူးပေါင်းပါဝင် ပံ့ပိုးမှုများဖြင့်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ အသွားအလာ ကန့်သတ်ရာနေရာများတွင် နှစ်သိမ့်ဆွေးနွေးပညာခြင်း၊ COVID-19 ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စောင့်ရှောက်ရေးနှင့် လူမှုအကာအကွယ်ပေးရေး စီမံချက်များရှိပြီး ယခုအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်များတွင် အသွားအလာကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရာနေရာများ စီမံခန့်ခွဲရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပါဝင်ပံ့ပိုးနိုင်သည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ကဏ္ဍများကိုဆွေးနွေးသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန) ညွှန်ကြားရေးမှူးချုပ် (လူမှုဝန်ထမ်းဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်