အင်တာမီလန် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူရန် အာဆင်နယ် ပြင်ဆင်နေ

 

ဇူလိုင် ၃၀

ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်းသည် စီးရီးအေကလပ် အင်တာမီလန်အသင်းမှ တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် ငွေသားအပြင် အသင်းမှ ဟက်တာဘယ်လာရင်ကို အလိုက်ပေးကမ်းလှမ်းရန် ချိန်ရွယ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အာဆင်နယ်အသင်းသည် ယခု နှစ်နွေရာသီအပြောင်းအရွှေ့ကာလတွင် အရည်အသွေးမြင့် တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူရန် ဆန္ဒရှိနေသည့်အတွက် အသက် ၂၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမား မာတီနက်ဇ်ကို ခေါ်ယူရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် အင်တာမီလန်အသင်းက သတ်မှတ်ထားသော မာတီနက်ဇ်၏ ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းကို ပေးချေရန် အခက်အခဲဖြစ်နေသည့်အတွက် ငွေသားအပြင် အသင်းမှ ဟက်တာဘယ်လာရင်ကို အလိုက်ပေး ကမ်းလှမ်းပြင်ဆင်နေခြင်းလည်းဖြစ်သည်။ အာဆင်နယ်အသင်း အသက် ၂၆ နှစ်အရွယ်ရှိ ညာခံစစ်ကစားသမား ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ သတ်မှတ်ထားသည်။ ဘယ်လာရင်နှင့် အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိသေးသည်။

စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းသည် အသင်းမှ ညာခံစစ်ကစားသမားတစ်ဦးဖြစ်သူ ဟာကီမီကို ပေါင်သန်း ၆၀ ကျော်ဖြင့် ပီအက်စ်ဂျီအသင်းထံသို့ ရောင်းချထားသောကြောင့် အဆိုပါကစား သမား၏နေရာကို ဘယ်လာရင်ဖြင့် အစားထိုးကာ အပြောင်းအရွှေ့ ဖြစ်မြောက်လာမလား စောင့်ကြည့်ရမည်ဖြစ်သည်။

မာတီနက်ဇ်သည် ပြီးခဲ့သည့်ရာသီတွင် အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုးသွင်းကာ ဂိုးရရှိ အောင် ၁၁ ကြိမ်ထောက်ပံ့ပေးထားသည်။

အောင်ဇော်