အင်တာမီလန် အသင်းနှင့် ပွဲတွင် ရီးယဲလ်အတွက် ဘန်ဇီးမား၊ ရာမို့စ်၊ ဗယ်လ်ဗာဒီနှင့် ဂျိုဗစ် တို့ ပါဝင်နိုင်ခြင်းမရှိ

၂၄ နိုဝင်ဘာ

 

 

ရီးယဲလ်မက်ဒရစ်အသင်း အနေနဲ့ အင်တာမီလန် အသင်းကို ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ  ဒဏ်ရာပြဿနာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် ရီးယဲလ်မက်ဒရစ်ရဲ့ ကစားသမား ၂၁ ဦး စာရင်းမှာ  ဘန်ဇီးမား၊  ရာမို့စ်၊ မီလီတာအို၊ ဗယ်လ်ဗာဒီ၊ အော်ရီဇိုလာနဲ့ လူကာဂျိုဗစ်တို့ ပါဝင်လာခြင်း မရှိတာကို  တွေ့ရပါတယ်။

 

 

ကတ်စ်မဲရိုး၊ ဟာဇက်တို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ သက်သာလာခဲ့ပြီဖြစ်လို့ ရီးယဲလ်အတွက် ပြန်ကစားပေးဖို့ ရှိနေပေမယ့် အမှတ်လိုအပ်ချက် မြင့်မားနေတဲ့ အနေအထားမှာ အဓိက ကစားသမားတွေ မပါဘဲ အင်တာမီလန်ကို ရင်ဆိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ နည်းပြ ဇီဒန်းကတော့ ဗစ်တာချက်ထ်နဲ့  ဟူဂိုဒူရိုတို့ နှစ်ဦးကို အသင်းမှာ ခေါ်ယူအားဖြည့်ထားပါတယ်။  ရီးယဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာပဲ မန်စီးတီးကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို  ဒီနှစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေမှာလည်း သုံးပွဲကစားပြီး ရမှတ်လေးမှတ်သာ ရရှိသေးတာကြောင့် အုပ်စုအဆင့်ကနေ လွန်မြောက်ဖို့ အမှတ်လိုအပ်ချက် မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။

 

 

မေလဲ့သင်း