အင်းငါးစပါးလင်ထောင်း

ပျော်ရာ မှာမနေရ တော်ရာ မှာနေရသည့် လူမှုဘဝတွင်မိမိတို့ ဒေသကိုစွန့်ခွာကာ ဘဝတိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရပေမယ့်လည်း မိမိဒေသစာများကို လွမ်းကျစမြဲ ဖြစ်ပါတယ်။

အထူးသဖြင့် မိမိဒေသထွက်ကုန်တွေနဲ့ ပြုလုပ်တဲ့ ဒေသစာတွေကို ပို၍လွမ်းတတ်ကြပါတယ်။ အခါတိုင်း ရုံးပိတ်ရက်တွေမှာဆို စာရေးသူက တောင်ငူဒေသကမို့ အတူနေသူငယ်ချင်းကို အလွမ်းပြေအဖြစ် မုန့်ဟင်းခါး၊ ဟင်းထုပ်၊ တိုဟူး စသည့်ဒေသစာများကို ချက်ကျွေးတတ်သလို့ သူငယ်ချင်းများက သူတို့ရဲ့ဒေသစာများကို အလုပ်နားရက်များမှာ အားကျမခံ ပြန်လည်ချက်ပြုတ်ကျွေးရင်း သူ့ဒေသ၊ ကိုယ့်ဒေသမခွဲခြားနိုင်အောင် ဒေသအစာများနဲ့ ရင်းနှီးလာပြီး ဒေသစာများ အမျိုးမျိုးကို စုပေါင်း ချက်ပြုတ်စားရတာ ပျော်စရာပင်ကောင်းလှပါတယ်။  ဒီနေ့မှာလည်း စာရေးသူရဲ့သူငယ်ချင်း ရှမ်းမလေးက သူ့ဒေသစာဖြစ်တဲ့ ငါးစပါးလင်ထောင်းကို သတိရနေတာနဲ့ ရုံးပိတ်ရက်လည်းဖြစ်နေတော့ သူငယ်ချင်းရေ ချက်လိုက်ကြရ အောင်ဆိုပြီး ချက်ဖြစ်ခဲ့ပါတော့တယ်။

ပါဝင်ပစ္စည်းများ

ငါး - ၁၀ ကျပ်သား

ကြက်သွန်ဖြူ - သုံးလုံး

ငရုတ်သီးစိမ်း - အနည်းငယ်

စပါးလင် - သုံးပင်

သံပရာသီး - တစ်လုံး

ပူစီနံ - အနည်းငယ်

ဆား - အနည်းငယ်

ဟင်းခတ်မှုန့် - အနည်းငယ်

ငါးစပါးလင်ထောင်းချက်တော့မယ်ဆိုရင် ပထမဆုံး ငါးကို ဆား၊ ဟင်းခတ်မှုန့်နဲ့ အရသာသွင်းပြီး ကြော်ပါ။ ပြီးရင် ငါးကြော်ကို အရေခွံခွာ အရိုးနွှင်ရပါမယ်။ စပါးလင်ကို အပေါ်ယံအခွံသင်ပြီး ပါးပါးလှီး တစ်ဆက်တည်း ကြက်သွန်ဖြူ သုံးလုံးလောက် အခွံသင်ပြီးထောင်းပါ။ ငရုတ်သီးစိမ်းပါ ထည့်ထောင်းပါ။ စပါးလင်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ညက်လောက်ပြီဆိုရင် ငါး၊ ဆားနှင့်ဟင်းခတ်မှုန့်ပါရော၍ သမအောင်ထောင်းပါ။ နောက်ဆုံးတွင် ပူစီနံနှင့် သံပရာရည် အနည်းငယ်ထည့် သမအောင်မွှေပြီး ထောင်းပါ။ အခုချက်တဲ့ဟင်းထဲမှာ ပါဝင်တဲ့စပါးလင်က ကိုယ်တွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်တဲ့အပြင် စပါးလင်မှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးအတွင်းက ယူရစ်အက်စစ်ကို လျော့နည်းစေတာကြောင့် ကျောက်ကပ်နဲ့ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။ အစာလည်း ဆေး ဆေးလည်းအစာဆိုသလို မိမိတို့နေ့စဉ် စားသုံးနေတဲ့အစားအစာများမှ ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် အစာများစားသုံးရင်း ဘဝမှာပျော်ရွှင်နိုင်ပါစေ။

ပရိုသီ