အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ်လေးဆူ စံကျောင်းတော်ဝင်ပွဲ ရိုးရာလှေပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ

ညောင်ရွှေ     ၁၆     အောက်တိုဘာ   

  

နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ရှင်တော်မြတ် လေးဆူသည် အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံလျှက်ရှိရာ ယနေ့နံနက်(၈)နာ ရီတွင် ရုပ်ရှင်တော်မြတ်များသည် ရေသာစံကျောင်းတော်မှ ကိန်းဝပ်စံပယ်တော်မူရာ နန်းဟူးစံကျောင်း တော်သို့ ပြန်လည်ကြွချီခြင်း စံကျောင်းတော်ဝင်ပွဲကို ကျင်းပရာရိုးရာဆွဲလှေ(၁၅)စီးဖြင့် ပင့်ဆောင်ပူဇော် ၍ ပြဿဒ်မုခ်ဦး၌ ပထမအဆူကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်ကလည်း ကောင်း၊ ဒုတိယအဆူကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်ကလည်းကောင်း၊ တတိယအဆူကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း၊ စတုတ္ထအဆူကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးကလည်းကောင်း ကိန်းဝပ်စံပယ် ရာပလ္လင်တော်ထက်ဆီသို့ အသီးသီးပင့်ဆောင်၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြ သည်။

 

ထို့နောက် အင်းသားရိုးရာနှစ်ကျိပ်ခြောက်တက်လှေပြိုင်ပွဲ၊ လေးကျိပ်ခြောက်တက်လှေ ပြိုင်ပွဲ၊ ရာကျော်လှေပြိုင်ပွဲနှင့် တစ်ဦးချင်းလှေပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီးနောက် ဆုရရှိကြသည့် အသင်းများနှင့် ဆွမ်းပို့လှေသရုပ်ပြအဖွဲ့များ၊ လှေယဉ်ယိမ်းအဖွဲ့များကို ပြည်နယ်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ(ညောင်ရွှေ)