အင်္ဂလန်ကလပ်အသင်းငါးသင်းက သီယာဂိုဆေးလ်ဗားကို ခေါ်ယူရန် စိတ်ဝင်စားနေ

mdn

၁၁ ဇွန်

 

ပီအက်စ်ဂျီအသင်းရဲ့ အသင်းခေါင်းဆောင် သီယာဂိုဆေးလ်ဗားကို ပရီမီယာလိဂ်ကလပ်အသင်းငါးသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီနောက်တန်းကစားသမား သီယာဂို ဆေးလ်ဗားဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာအလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားဖို့လည်း စီစဉ်နေသူဖြစ်ပါ တယ်။

 

ဒါကြောင့် အင်္ဂလန်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် အသင်း၊ အဲဗာတန်အသင်း၊ နယူးကာဆယ်အသင်း၊ ဝက်စ်ဟမ်းအသင်း နဲ့ ဝုလ်ဘတ်အသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ သီယာဂို ဆေးလ်ဗားဟာ ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီအသင်းနဲ့အတူ ဘောလုံးရာသီရှစ်ရာသီကြာ ဖြတ်သန်းခဲ့ ရာမှာ ပြင်သစ် ပထမတန်းဖလားချန်ပီယံအဖြစ် ခုနစ်ကြိမ်အထိအောင်ပွဲခံနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုနဲ့ ဆက်ဆံရေးမပြေလည်မှုတွေကြောင့် စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်နေရပြီး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ် ထားတာမရှိဘူးလို့လည်း သိရပါတယ်။

 

နောက်တန်းကစားသမား သီယာဂိုဆေးလ်ဗားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ဇွန် ၃ဝ ရက်မှာ ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားမှာမဟုတ်ဘူးလို့လည်း သီယာဂိုဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။

 

လက်ရှိ အင်္ဂလန်ကလပ်အသင်းတွေထဲမှာ သီယာဂိုဆေးလ်ဗား အနေနဲ့ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ရှိနေပြီး ၂၀၁၂ ခုနှစ်က ပီအက်စ်ဂျီအသင်းဆီသီယာဂိုဆေးလ်ဗား ရောက်ရှိလာချိန် မှာ ပီအက်စ်ဂျီ အသင်းနည်းပြအဖြစ်အန်စလော့တီက တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်ကလက်တွဲခဲ့တဲ့ နည်းပြ အန်စလော့ တီရှိရာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ကစားမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ နောက်တန်းကစားသမား သီယာဂိုဆေးလ်ဗားဟာ အသက် အရွယ်အားဖြင့် ၃၅ နှစ်ရှိပြီဖြစ်ပေမယ့် အင်္ဂလန်ကလပ် အသင်းတွေ အပြင် အမေရိကန်၊ ဂျပန်၊ တရုတ်နဲ့ ကာတာနိုင်ငံတို့မှ ကလပ်အသင်းတွေကလည်း ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

ငွေကြယ်