အင်ဒိုနီးရှားနိုင်ငံ တံတားပြိုကျမှုကြောင့် လူကိုးဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ

၂၀ ဇန်နဝါရီ 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဘန်ကူလူပြည်နယ်တွင် ယမန်နေ့က ကြိုးတံတားတစ်စင်း ပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများက လူကိုးဦး၏အလောင်းများကို ပြန်လည်ရရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ရှာဖွေနေကြကြောင်း ထိုပြည်နယ် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးဌာန အကြီးအကဲ အဘဒူလ် မာလစ်ခ်က ယနေ့ပြောကြားခဲ့သည်။

 

i2

 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ညပိုင်းက ထိုပြည်နယ်ရှိ ကြိုးတံတား ပြိုကျခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီက ပြောကြားခဲ့သည်။ 

ထိုမတော်တဆမှုကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဟီရူ၏ ပြောကြားချက်အရသိရသည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အေဂျင်စီ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင် ရဲတပ်ဖွဲ့များ၊ စစ်သားများနှင့် ကယ်ဆယ်ရေးသမားများ ၁၀၀ ကျော်ပါဝင်ကာ  ပျောက်ဆုံးနေသူများကို ထိုမြစ်၏ရေစုန်တွင် ပိုက်စိပ်တိုက်ရှာဖွေနေကြသည်ဟု သိရသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ကျွန်းစုများစွာရှိသည့် နေရာအများအပြားတွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုများ  လွန်ကဲစွာရွာသွန်းနိုင်ဖွယ်ရှိကြောင်း အင်ဒိုနီးရှား မိုးလေဝသနှင့်ဇလဗေဒအေဂျင်စီက သတိပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို