အင်ဒိုနီးရှား၌ အင်အားပြင်းငလျင်တစ်ခု လှုပ်၊ ၂၀ ထက်မနည်း သေဆုံး

အမ်ဘွန်(အင်ဒိုနီးရှား) ၂၆ စက်တင်ဘာ

အင်ဒိုနီးရှားနိုင်ငံ၏ အရှေ့ဘက် ဝေးလံခေါင်းဖျားသော မာလူကူပြည်နယ်တွင် ယမန်နေ့အစောပိုင်းက ပြင်းအား ၆ ဒသမ ၅ ရစ်ချ်တာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သဘာဝဘေး တုံ့ပြန်ရေးဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံပြည်သူ၁၂၀ဝဝ တို့သည် နေအိမ်စွန့်ခွာခဲ့ကြပြီး ယာယီခိုလှုံရေး စခန်းများတွင် လတ်တလောနေထိုင်ကြကြောင်း ပြည်နယ် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေး အေဂျင်စီအတွင်းရေးမှူး အီဗာတူဟူမူရီက ပြောကြားသည်။

ငလျင်လှုပ်ခတ်မှုကြောင့် တက္ကသိုလ်ကျောင်း တစ်ကျောင်း၊ တံတား တစ်စင်း၊ ဆေးရုံ နှစ်ရုံနှင့် အိမ်ခြေ ၁၀ဝ တို့ ပြိုကျပျက်စီးခဲ့ပြီး ပြည်နယ်၏ မြို့တော် အမ်ဘွန်မြို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူက ထပ်လောင်းပြောကြားသည်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံများနှင့် မြေပြို မှုများဖြစ်ပွားကာ အဆောက်အအုံ အပိုင်းအစများနှင့် အုတ်အကျိုးအပဲ့ အပျက်အစီးများကြောင့် အမ်ဘွန်မြို့တွင် လူ ၂၀ ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ တချို့ကျေးရွာများရှိ ပြည်သူများသည်ဆူနာမီရေလှိုင်းဖြစ်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာ အရပ်သို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။

ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများ စာရင်းအတိအကျ မရရှိသေးသည့်အတွက် သေဆုံးသူဦးရေလည်း ထပ်တိုးလာဖွယ်ရှိကြောင်း တာဝန်ရှိသူက ထပ်မံပြောကြားသည်။ အဆိုပါ ငလျင်သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၆ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမ်ဘွန်မြို့မှအရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာ မြေအောက်အနက် ကီလိုမီတာ ၁၀ ခန့်တွင် ဗဟိုပြု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ကိုးကား - ဆင်ဟွာဘာသာပြန် - ဂျေတီ