အင်ဒိုနီးရှားဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောမီးလောင်မှုဖြစ်ပွား ခုနစ်ဦး သေဆုံး

၁၃ မေ

 

အင်ဒိုနီးရှားနိုင်ငံ မြောက် ဆူမားတြားပြည်နယ် ဘီလာဝန် ဆိပ်ကမ်းရှိ Jag Leela ရေနံတင်သင်္ဘောတွင် တနင်္လာနေ့မနက်ပိုင်းက မီးမတော်တဆမှုဖြစ်ပွားသဖြင့် လူ ခုနစ်ဦး သေဆုံးသည်ဟု မြောက် ဆူမားတြား ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့သည်။

 

အဆိုပါ သေဆုံးသူများမှာ ပြုပြင်နေဆဲဖြစ်သော ထို သင်္ဘောအတွင်း ပိတ်မိနေခဲ့ကြခြင်း ဖြစ်သည်။

 

ယင်းသေဆုံးသူများ၏ ရုပ်အလောင်းများကို ၎င်းတို့၏ မိသားစုများထံသို့ ယနေ့ပေးပို့မည်ဖြစ်ကြောင်း မြောက်ဆူမားတြား ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Tatan Atmaja က ထိုပြည်နယ်မြို့တော် မဒန် ရှိ ရဲဆေးရုံတွင် ယမန်နေ့ညက ပြောကြားခဲ့သည်ဟု ပြည်နယ်သတင်းအေဂျင်စီ အန်တရာ က ကိုးကားဖော်ပြထားသည်။

 

ထိုဆိပ်ကမ်းရှိ ဝါရန်နာ သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသည့် ယင်းရေနံတင်သင်္ဘောတစ်စီး မီးမတော်တဆဖြစ်ပွားမှုတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒေသန္တရဆေးရုံများတွင် လူ ၂၂ ဦးထက်မနည်း ဆေးကုသမှုခံယူနေဆဲ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို