အနာဂတ်ကိုမြော်တွေး ခေတ်ရှေ့ပြေးလုပ်ဆောင်

“ကျွန်မတို့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်အခါတုန်းကဆိုရင် လွတ်လပ်ရေး ဖခင်ကြီးများက ကြွေးကြော်ခဲ့တာဟာ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ရမယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ဖန်တီးနိုင်ဖို့ဆိုတာ နိုင်ငံရေးတစ်ခုတည်းနဲ့ မပြီးပါဘူး၊ စီးပွားရေးနဲ့လည်း ဆိုင်ပါတယ်။ စီးပွားရေးတောင့်တင်းမှလည်း ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ့်လက်ထဲမှာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားနိုင်မှာပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တတိယအကြိမ်မြောက် မြန်မာနိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များညီလာခံတွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ရည်မှန်းချက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာ၌ နိုင်ငံရေးခေါင်းဆောင်များ၏ စွမ်းဆောင်ရည်သည်အရေးပါခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ မှန်ကန်သောမူဝါဒများ၊ အလုပ် လမ်းညွှန်များ၊ အတွေးအမြင်များသည် နိုင်ငံကိုတိုးတက်စေသည့် သဘောတရားများကို ညွှန်ပြခြင်းမျှသာဖြစ်သည်။ လက်တွေ့တွင်ခိုင်မာသောနိုင်ငံတစ်ခုကို ဖန်တီးနိုင်ရန်မှာ စီးပွားရေး တောင့်တင်းရန် လိုအပ်သဖြင့် စီးပွားရေးလုပ်ကိုင်ကြသော စွမ်းဆောင်ရှင်များ နိုင်ငံ့အရေးကို မြော်တွေး၍ လုပ်ကိုင်ကြရန်လိုအပ်မည်ဖြစ်သည်။

စီးပွားရေးလုပ်ကိုင်ခြင်းသည် မိမိတို့၏အကျိုးစီးပွားအတွက် လုပ်ကိုင်သည်မှန်သော်လည်း အများပြည်သူအကျိုးစီးပွားကို မှန်မှန်ကန်ကန် ရှေးရှုမှသာ ရေရှည်တည်တံ့ခိုင်မြဲသော မိမိအကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းနိုင်သည်။ ထို့အပြင် နိုင်ငံ၏အနာဂတ်လည်း ပိုမိုတောက်ပြောင်လာနိုင်သည်။ ထို့ကြောင့် နိုင်ငံကို တိုးတက်အောင် ဆောင်ရွက်ရာ၌ နိုင်ငံရေးသည် ရှေ့ဆောင်လမ်းပြဖြစ်ပြီး စီးပွားရေးသည်လက်တွေ့လုပ်ငန်းစဉ်ဖြစ်သည်။

နိုင်ငံရေးနှင့်ပတ်သက်၍ “နိုင်ငံရေးလောကမှာဆိုရင် အဆိုရှိတဲ့ အတိုင်းပဲ တကယ်နိုင်ငံရေး လုပ်စားနေတဲ့သူတွေကတော့ နောက်ရွေးကောက်ပွဲအတွက်ပဲ စဉ်းစားတယ်။ ဒါပေမယ့် နိုင်ငံ့အရေးလုပ်တဲ့ သူတွေက နောက်မျိုးဆက်အတွက် စဉ်းစားတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ နိုင်ငံရေးလောကတွင် ဤကဲ့သို့အခြေအနေမျိုးရှိသည်။ ယင်းသဘောကိုညွှန်းပြ၍ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း နောင်မျိုးဆက်အတွက် စဉ်းစား၍ လုပ်ကိုင်စေလိုကြောင်းအသိပေးခဲ့သည်။

နိုင်ငံရေးလောကတွင်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်မည်သည့်လောကနယ်ပယ်တွင်မဆို နောင်မျိုးဆက်များအတွက်၊ နောင်အနာဂတ်နိုင်ငံအတွက် မြော်တွေးဆောင်ရွက်ရန် လိုအပ်ပေသည်။ မိမိတို့လောက၊ မိမိတို့တစ်ခေတ်သာမက နောင်လာ မည့်အနာဂတ်အတွက်ပါ ပိုမိုကောင်းမွန်အောင် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သည်။ အနာဂတ်စီးပွားရေး ဖြောင့်ဖြူးအောင်၊ နိုင်ငံ၏လုံခြုံရေး တောင့်တင်းခိုင်မာအောင်၊ နိုင်ငံသူ နိုင်ငံသားများစိတ်ဓာတ်မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

ထိုသို့ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံ၏အားနည်းချက်ကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသိပေးထောက်ပြထားသည်။ ယင်းမှာ နိုင်ငံသူနိုင်ငံသား၊ အဖွဲ့အစည်းများသည် ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ မိမိအောင်မြင်ဖို့၊ မိမိအဖွဲ့အစည်းတိုးတက်ဖို့အတွက်သာ လုပ်ကိုင်ကြမှု များသည်ကို တွေ့ရတတ် သည်။ ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲဆောင်ရွက်မှုမရှိလျှင် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကို ရရှိလိမ့်မည်မဟုတ်ချေ။

လက်ရှိအခြေအနေတွင် အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်လည်းကောင်း မိမိရည်မှန်းချက်၊ မိမိတို့ဆန္ဒ၊မိမိတို့သဘောထားအတွက် အလေးပေးဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ မတူကွဲပြားသူများနှင့် လက်တွဲဆောင်ရွက်ရန် အားနည်းနေသည်ကိုတွေ့ရသည်။ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာ၌ဘေးတိုက်လိုက်သူများ၊ ကန့်လန့်လိုက်သူများ၊ နောက်ပြန်ဆွဲသူများဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် နှေးကွေးနေသည်ကိုတွေ့ရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံရေးလောကတွင်ဖြစ်စေ၊ စီးပွားရေးလောကတွင် ဖြစ်စေ၊ လူမှုရေးလောကတွင်ဖြစ်စေ အများအကျိုးအတွက် ဆောင်ရွက်ခြင်းသည် မိမိ၏အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံရေးဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟူသော ခံယူချက်၊ မျှော်မှန်းချက်၊ ခေတ်ရှေ့ပြေးသော တွေးခေါ်ချက်များဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံး အတူပူးပေါင်းလက်တွဲလျက် အနာဂတ်နိုင်ငံတော်၊ အနာဂတ်နိုင်ငံသားများ တိုးတက်အောင် ရည်မျှော်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ