အမုန်းစကား၊ အမုန်းတရားကင်းစင်ရေး

၂၀  စက်တင်ဘာ

ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းဟု တင်စားလေ့ရှိ၏။ ဒီမိုကရေစီမရှိလျှင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူးဆိုလျှင် ဒီမိုကရေစီရှိသည်ဟု မဆိုနိုင်။

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်မှ ရုန်းထွက်ကာ ဒီမိုကရေစီစနစ်ကို ထူထောင်နေသည့်နိုင်ငံဖြစ်၏။ ပြည်သူလူထုက ဒီမိုကရေစီစနစ်ကို တောင့်တသည်၊ လိုချင်သည်ဟူသည့် အဆိုတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လိုချင်သည်ဟူသည်က ရှေ့တန်းကပါပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ခြင်းခံခဲ့ရသည်ကိုး။

ယနေ့အခါတွင် ဒီမိုကရေစီကို ခိုင်ခိုင်မာမာအုတ်မြစ်ချနိုင်ခဲ့ပြီဟု မဆိုနိုင်သေးသော်လည်း ဒီမိုကရေစီ အခွင့်အရေးများကို စတင်ရရှိလာနေပြီဖြစ်ရာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်လည်း ကျွဲကူးရေပါ တွဲလျက်သာဟု ဆိုရပါမည်။ သို့သော်.. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုသည်မှာ လွတ်လပ်စွာ တိုင်းထွာဆဲရေးခွင့်ရခြင်းတော့ မဟုတ်ပါ။ အထူးသဖြင့် လူမှုကွန်ရက်များပေါ်တွင် သတင်းအမှားများကို လုပ်ကြံရေးတင်ပြီး မကြားဝံ့မနာသာ ရုန့်ရုန့်ရင်းရင်းရေးကြ ပြောကြသည်မှာ တစ်စတစ်စ များပြားလာပါသည်။ နည်းပညာအကူအညီဖြင့် လုပ်ဇာတ် ထိုးဇာတ်များကို စနစ်တကျလုပ်လာကြခြင်းဖြင့် ရိုင်းစိုင်းမှုကို ပြိုင်ဆိုင်နေကြသကဲ့သို့ပင်။

ကြမ်းတမ်းရိုင်းစိုင်းပြောဆိုမှု အချိန်ကြာလာသည်နှင့်အမျှ ရင့်သီးပြင်းထန်သည့် စကားလုံးအသုံးအနှုန်းများနှင့် ယဉ်ပါးလာကြကာ ငယ်ရွယ်သူတို့အကြား မောင်နှင့်နှမ၊ သားနှင့်အမိ မကြားဝံ့ မနသာတို့ကို ထမင်းစား ရေသောက် ပြောဆိုသုံးနှုန်းနေကြလေသည်။ ချစ်ခင်သူတို့ကြား သုံးစွဲနေသည်ကပင် ရိုင်းပျလှပြီဖြစ်လေရာ အခြားသူများနှင့် ဆက်ဆံပြောဆိုရာတွင် သုံးနှုန်းသည့်အခါ လူလူချင်း မုန်းတီးမှုများ၊ ခက်ထန်မှုများကို ဖြစ်ပေါ်လာစေတော့သည်။

အမုန်းစကားများကအမုန်းတရားများကို မွေးဖွားပေး၏။ အမုန်းတရားဟူသည် လောက၏ ငြိမ်းချမ်းမှုကို ပျက်စီး ထိခိုက်စေသည့် အဆိုးရွားဆုံး အကြောင်းရပ်တစ်ခုဖြစ်၏။

အမုန်းတရားတို့က မကောင်းသော ဒုစရိုက်မှုများကို မီးမြိုက်ပေး၏။ အမုန်းစကားတို့ကလူတို့၏ ကိုယ်၊ နှုတ်၊ နှလုံးတို့ကို ရိုင်းပျ လာအောင် နှိုးဆွ၏။ ရိုင်းစိုင်းပြောဆိုမှုက ရိုင်းပျတုံ့ပြန်လာအောင် လှုံ့ဆော်၊ ရိုင်းပျလာသည့်အခါ ရိုင်းစိုင်းမှုက ပိုမိုခက်ထန်ကြမ်းတမ်းလာ။ ဤသို့ဖြင့် ဒုစရိုက်သံသရာ မပြတ်တမ်း လည်တော့သည်။

အမုန်းစကားတို့၏ အစမှာ မဟုတ်မမှန်ပြောဆိုခြင်း၊ မုသာဝါဒ၊ ကုန်းတိုက်စကားပြောဆိုခြင်း၊ ပိသုဏဝါစာ၊ ဆဲရေးတိုင်းထွာခြင်း၊ ကြမ်းတမ်းသော စကားပြောဆိုခြင်း၊ ဖရုသဝါစာ၊ အကျိုးမရှိ သိမ်ဖျင်း အနှစ်မဲ့သော စကားကို ပြောခြင်း သမ္ဖပ္ပလာပ ဟူသည့် ဝဇီဒုစရိုက် လေးပါးပင် ဖြစ်ပါသည်။ ယင်းတို့သည်ကား အမုန်းစကားဟု ထင်ထင်ရှားရှားပေါ်လွင်စေသည့် အရင်းခံများဖြစ်ပါသည်။

ထို့အတူပင် ညင်သာသိမ်မွေ့စွာဖြစ်စေ ပြောဆိုရင်း ကြားနာသူတို့၏ ခံစားချက်တွင် မုန်းတီးမှုများ ပေါ်ပေါက်လာအောင် ဆွဲဆောင်တတ်သော ပရိယာယ်စကားများလည်း ရှိ၏။ နားထောင်သူ တို့ ရင်ထဲတွင် မတရား၊ မမျှတ၊ နှိမ့်ချသည်၊ ဖိနှိပ်သည်၊ အနိုင်ကျင့်သည်ဟူသည့် ခံစားချက်များ ဖြစ်ပေါ်လာအောင် နှိုးဆွပြောဆိုမှု များသည်လည်း အမုန်းတရားများကို မွေးဖွားစေသည့် အမုန်းစကား များဖြစ်မည်သာ။ မိမိတို့၏ နှုတ်ထွက်စကား၊ မိမိတို့၏ အရေးအသား တို့ကြောင့် လူတို့စိတ်တွင် မုန်းတီးမှုများ ခက်ထန်စိတ်များ ထကြွ ဖြစ်ပေါ်လာစေခြင်းသည်ကား ဒုစရိုက်သာ။

လူ့ဘောင်လောကတွင် လူတို့သည် မတူကွဲပြားခြားနားမှုများ မည်သို့ရှိစေ၊ တစ်ဦးနှင့်တစ်ဦး မတော် မတရား မပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး စာနာနားလည်ထောက်ထားခြင်း၊ ဖေးမကူညီလိုခြင်း၊ တို့သည်သာ လောကငြိမ်းချမ်းရေးအတွက် သော့ချက်များပင်ဖြစ်သည် မဟုတ်ပါလား။

အမုန်းစကားတို့သည် ဒီမိုကရေစီမဟုတ်။ အမုန်းစကားတို့သည် ဒီမိုကရေစီကို အတွင်းက လှိုက်စား လောင်ကျွမ်းစေမည့် မီးဖြစ်၏။ အမုန်းစကားတို့သည် ဒီမိုကရေစီကို သိမ်ဖျင်းအောင်ပြုလုပ်မည့် အင်အားရှိ၏။ အမုန်းစကားတို့ ကင်းစင်ကာ မေတ္တာစကားတို့ဖြင့် လောကတစ်ခွင် ငြိမ်းချမ်းသာယာ ရှိပါစေသား။ ။

မြန်မာ့အလင်း