အမှုစစ်ဆေးရာမှာ ဘာ့ကြောင့်ကြာ

၁၄  ဧပြီ

ဥပ‌ဒေအတွေး ရေးပါရစေ အပိုင်း (၂၁၅)

ချိန်းလိုက်ပြန်ပြီ

“ဒီနေ့လည်း သက်သေမလာလို့ အမှုမစစ်ဖြစ်ဘူး။ ချိန်းလိုက်ပြန်ပြီဆရာကြီး” ဟု အလုပ်သင် ရှေ့နေ မောင်ပျင်းရိက စိတ်ပျက်သည့်လေသံနှင့် ကျွန်တော့်အား ပြောနေလေသည်။ အမှုတွေကြာ တာ သက်သေမလာလို့ဆိုတဲ့ အကြောင်းပြချက် နဲ့ တရားသူကြီးတွေက ချိန်းနေကြတယ်။ “သက်သေလာအောင် စီမံရမှာက တရားသူကြီးတွေရဲ့ တာဝန်မဟုတ်လား”ဟုလည်း မောင်ပျင်းရိ က ကျွန်တော်အားမေးနေပြန်ပါသည်။

ဘာ့ကြောင့်ကြာ

အမှုတွေစစ်သည့်အခါ ဘာ့ကြောင့်ကြာသလဲ။ လက်တွေ့ဘဝတွင် တရားသူကြီး၏ အဓိကတာဝန်ဟု ပြောရမည်ဖြစ်သော်လည်း စုပေါင်း တာဝန်ယူရမည့် လုပ်ငန်းဖြစ်သည်ကို သတိပြု သင့်ပါသည်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း နှင့် မပြည့်စုံပါ။ တရားစီရင်ရေးကို ဝိုင်းလုပ်ရမည့် သူများ တာဝန်ကျေမှ ဖြစ်ပါသည်။

သက်သေ

တင်ပြသော သက်သေမှန်မှန်လာဖို့မှာ အဓိက ဖြစ်ပါသည်။ သက်သေစာရင်းကို တရားလိုဘက်က တိတိကျကျ၊ လိပ်စာမှန်မှန်နှင့် တင်ပြသင့်ပါသည်။ တရားလိုဘက်သက်သေ မှန်မှန်လာဖို့ တရားလို ဘက်၏ တာဝန်သည် အဓိကဖြစ်ပါသည်။ သက်သေများ အချိန်မီ၊ အချိန်မှန်လာရန် တရားလိုဘက် (တာဝန်ယူသူ အမှုစစ်အရာရှိ)က အပြည့်အဝ တာဝန်ယူသင့်ပါသည်။

သက်သေခံစာရွက်စာတမ်းများ

အမှုတွဲတင်သည့်နေ့တွင် အမှုနှင့်စပ်ဆိုင်သော စာရွက်စာတမ်းများ၊ (ဥပမာ၊ ဆေးစာ၊ ထင် မြင်ချက်အရေးကြီးစာ) များစုံလင်ဖို့ လိုအပ်သည်။ နာကျင်စေမှုများတွင် ဆေးစာမပါဘဲ အမှုစွဲတင် ခြင်းမှာ အရုပ်ဆိုးလှသည်။ ဒဏ်ရာ အခြေအနေ မသိဘဲ ပုဒ်မတပ်၍ မရသဖြင့် ဥပဒေအရာရှိက ဥပဒေအကြံပေးရာတွင်လည်း အခက်အခဲဖြစ်ရ သည်။ ဥပဒေလောကသားတိုင်း သိကြပြီးသား ကိစ္စပါ။ တရားရုံးသို့အမှုစွဲတင်ပြီးမှ စာရွက်စာတမ်း (မစုံလင်) ဟု အကြောင်းပြချက်မှာ အမှုကြန့်ကြာခြင်း၏ အကြောင်းရင်းတစ်ချက် ဖြစ်ပါသည်။

နှစ်ဖက်ရှေ့နေ

တရားလို၊ တရားခံ နှစ်ဖက်ရှေ့နေများရက် ချိန်းမှန်ဖို့မှာလည်း အဓိကကျပါသည်။ တရားလိုဘက်က ရှေ့နေက ပျက်လိုက်၊ တရားခံဘက်က ရှေ့နေက ပျက်လိုက်နှင့်၊ ရက်ချိန်းယူမှုတွေ များနေလျှင် အမှုကြာမည်။ ရှေ့နေမပါဘဲ မစစ်နိုင်သော အမှုများတွင် ပို၍ခက်ခဲမည်။ တရားသူကြီးကလည်း နှစ်ဖက်ရှေ့နေမလာ၍ အခက်တွေ့မည်။ အဝေးကြီးက သက်သေက ခရီးဝေးက ရောက်နေပါလျက် စစ်မေးမည့် ရှေ့နေမလာ၍ ပြန်ချိန်းရလျှင် အတော်မလွယ်။ နိုင်ငံတော်စရိတ် လည်းကုန်၊ ခရီးဝေးကလာရသည့် သက်သေလည်း နောက်တစ်ခေါက် ထပ်ပြီးလာရဦးမည်။ နောက်တစ်ခေါက်ရက်ချိန်းမှာ လာသည့်သက်သေ၏ ကျန်းမာရေး (မဖျား၊ မနာဖို့) လိုသေးသည်။

ရုံးကိုစိတ်ပျက်

ရုံးရောက်ပြီးမှ ဘာမှအကျိုးမရှိ။ အမှုမစစ်၊ ပြန်လွှတ်ခြင်းမှာ အတော်အရုပ်ဆိုးသည်။ တရားရုံးကို ပြည်သူတို့ အားကိုးသည်။ ယုံကြည်သည်။ တရားရုံးရောက်ပြန်တော့လည်း တောသူတောင် သားများက ဘာမှမသိ၊ ဘာမှ နားမလည်၊ တရားခွင်စာရေးသို့ သတင်းပို့ပြီး၊ ရုံးခေါ်စာပြသ၊ ဘယ်အချိန်၊ ဘယ်တရားခွင်မှာ အစစ်ခံရမည်၊ ဥပဒေ အရာရှိနှင့် စစ်ရမည့်အမှုလား၊ သက်သေခေါ်သည့် ဘက်က ဘယ်သူလဲ၊ ဘာအတွက်၊ ဘယ်အမှု၊ ဘာကိစ္စ အစစ်ခံရမည်လဲ စသည်စသည်များ ပညာပေးကြမှ ဖြစ်မည်။ ရှေ့နေပါသည့်အမှု ဆို လျှင် ဘယ်လိုစသည်များ တရားရုံးက ပြန်ကြားရေး အရာရှိနှင့် တွေ့ရမည်လား။ ဘယ်သူက လမ်းညွှန်မှာလဲ။ တာဝန်ရှိသူနှင့်မတွေ့ဘဲ အမှုပွဲစားနှင့်သွား တွေ့လျှင်တော့ ကိစ္စပြတ်ပြီ။ သက်သေဖျက်မည့်သူ၊ အမှုဖျက်မည့်သူများက တောသူတောင်သား မလည်မဝယ် သက်သေများကိုတွေ့ပြီ၊ မနှိပ်စက် စေချင်ပါ။ တရားစီရင်ရေးကို ကူညီရမည့်အစား အမှုပျက်အောင်၊ လိမ်တတ်၊ ညာတတ်အောင် အမှုပွဲစားများက ဖန်တီးတတ်သည်မို့ သတိပြု သင့်သည်ပါ။ မကြာခဏလည်း သတိပေးနေလျက်ပါ။

ဆရာဝန်

ဆရာဝန်သက်သေများအနက် ပုံမှန်လာသူ များလည်း ရှိပါသည်။ သို့သော် တစ်ခါတစ်ရံ အရေးကြီးကိစ္စ(ဥပမာ၊ ခွဲစိတ်ခန်းဝင်နေရ၍) တရားရုံးရုံးချိန်းနှင့် တိုက်ဆိုင်နေသောကြောင့် (ကြိုတင်စီမံညှိနှိုင်းထားပါလျက်) ပျက်ကွက်ခြင်း များ ရှိနိုင်ပါသည်။ သို့ဖြစ်၍ ကျန်းမာရေးဌာနနှင့် တရားရုံးတို့ သီးခြားတွေ့ ညှိနှိုင်းလျှင် အဆင်ပြေ ကြောင်း သာဓကများရှိပါသည်။

ရဲအရာရှိ

ရဲအရာရှိနှင့် တရားသူကြီးမှာ နေ့စဉ်မိတ်ဖက်များဖြစ်ကြပါသည်။ ဆက်သွယ်မှု အများဆုံးပြုလုပ်ရသော ဌာနလည်း ဖြစ်ပါသည်။ တရားရုံး၏ အခက်အခဲများကို အဓိကနေရာက ကူညီရသော ရဲအရာရှိ များလည်း ဖြစ်ပါသည်။

ဥပဒေအရာရှိ

ဥပဒေအရာရှိများ၏ အခန်းကဏ္ဍမှာ တရားစွဲ မတင်ပို့မီ အထူးတာဝန်ယူရသူများ ဖြစ်သောကြောင့် အပြစ်မရှိသူ(တရားခံ)မဖြစ်ရေး၊ ဥပဒေနှင့်အညီ ဥပဒေအခွင့်အရေးရရှိရေး အလေးပေးဆောင် ရွက်ရပါသည်။ တရားသူကြီးများ အမှန်ကန်ဆုံး အဆုံးအဖြတ်ပေးနိုင်အောင် စွမ်းဆောင်ပေးရသော ဥပဒေတာဝန်ယူရသည့် ဥပဒေအရာရှိများ၏ တာဝန် ကြီးလေးလှပါသည်။

အကျဉ်းဦးစီး

အကျဉ်းဦးစီးဌာနသည်လည်း တရားရေး ကဏ္ဍတွင် အဓိကအင်အားတစ်ရပ်ပါ။ ထောင်ကျ အကျဉ်းသား၏ အမှုကိစ္စကို အချုပ်သားဘဝ မှစတင်၍ ရာဇဝင်အစုံအလင်၊ ပြစ်ဒဏ်ကျမှု အခြေအနေ၊ ရုံးထုတ်ရက်ချိန်း၊ ဘဝသစ်ထူထောင် ရေးများအထိ အရေးပါလှပါသည်။ အချုပ်ကား ပျက်နေ၍၊ ထောင်မှာ အရေးကြီးတာဝန်ရှိနေ၍ အချုပ်သားကို ထုတ်မပေးနိုင်ပါ။ တရားရုံးက အမှု စစ်သည့်အချိန်(နံနက် ၁၀ နာရီ) အရောက်မပို့နိုင် ပါဟုဆိုလျှင် တရားသူကြီး ဘာမှမတတ်နိုင်ပါ။ ရက်ချိန်းပြန်ပေးဖို့သာ ရှိပေလိမ့်မည်။

PRIMAFACIE CASE

လုံလောက်သော သက်သေထွက်ချက် (Primafacie Case) ရှိပြီးသားအမှုများကို တရား သူကြီးက သိပါသည်။ သက်သေတွေ ဘယ်လောက် များများရှိပြီးသား သက်သေများနှင့်ပင် အမှုက ပေါ်နေပြီ၊ ထင်ရှားနေပြီဆိုလျှင် ကျန်သက်သေများ မစစ်တော့ဘဲ စွဲချက်တင်ခြင်းမျိုးကို ဆိုလိုပါ သည်။ ရာဇဝတ်ကျင့်ထုံးနှင့်အညီ ဆောင်ရွက်နိုင် ပါသည်။ အမှုမကြာအောင်၊ မြန်အောင်စေတနာနှင့် ဆောင်ရွက်သည့်သဘောဖြစ်ပါသည်။

တရားသူကြီး

အမှုစစ်ဆေးသော တရားသူကြီးမှာ အမှုမြန် ခြင်း၊ နှေးခြင်းတို့အတွက် အဓိကတာဝန် ရှိသူဖြစ်ပါသည်။ တရားရုံးအမှုတွဲ၏ လုပ်ထုံးလုပ်နည်း၊ တရားရုံးများလက်စွဲ၊ ရာဇဝတ်ကျင့်ထုံး၊ တရားမကျင့်ထုံးများကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါက အကင်းပါးပြီး အများသဘောကျသော တရားသူ ကြီးဖြစ်ပါသည်။ စာတွေ့သာမက လက်တွေ့ကျင့် ကြံနိုင်လေလေ တရားစီရင်ရေးပို၍ ပို၍ အောင်မြင်လေ ဖြစ်ပါမည်။

အမှုခေါ်စာရင်း

အမှုခေါ်စာရင်းကို ရုံးရှေ့နို့တစ်တွင် ကပ်ထားပြီးပါပြီ။ စာရင်းပါအတိုင်း တိတိကျကျ၊ အချိန်မှန် မှန်ဆောင်ရွက်ပါသလား။ တရားခွင်စာရေးကလည်း တက်တက်ကြွကြွ၊ မျှမျှတတ ပူးပေါင်းကူညီပါသလား။ မည်သူ့တာဝန် ချို့ယွင်းနေပါသလဲ။ အမှုတစ်မှုကို အချိန်နှင့်တစ်ပြေးညီ မှန်မှန်ကန်ကန် စစ်နိုင်ပါသလား။ မလိုသောမေးခွန်း၊ မထိရောက် သောမေးခွန်း၊ သက်သေခံမဝင်သောမေးခွန်း၊ သက်သေခံဥပဒေနှင့် မညီသော မေးခွန်းများကို တရားသူကြီးက အချိန်ကုန်ခံပြီး မေးခွင့်ပြုနေပါ သလား။

တစ်ဖက်ဇောင်းနှင်း (တရားလိုဘက်ကိုဖြစ်စေ၊ တရားခံဘက်ကိုဖြစ်စေ)အလေးပေးနေသော ဖြစ်ရပ်မျိုး တရားသူကြီး ကိုယ်တိုင်က ခွင့်ပြုထားပါသလား။ ဤသို့သော မြင်ကွင်းမျိုးရှိနေကြောင်း အများပြည်သူက (တရားရုံးရှေ့ ပရိသတ်က) အထင်အမြင်သေးဖွယ်ရှိနေခြင်းမျိုး ပေါ်ပေါက် စေပါသလား။

ဤတရားသူကြီးက တိကျသည်၊ သေချာသည်၊ ဥပဒေနှင့်ညီသည်၊ ဥပဒေကျွမ်းကျင်သည်၊ ဘယ်ဘက်မှ ဘက်မလိုက်။ သက်သေများစစ်မေး ရာတွင်လည်း မလို၊ မပို၊ အမှန်တရားကိုသာ ဦးတည်သည်၊ အချိန်ကိုလေးစားသည်။ ရပ်ဝေးသက်သေ(ဥပမာ၊ သင်္ဘော၊ မီးရထား၊ မော်တော် ကား) အချိန်နာရီသတိမူ၍ ဦးစားပေးစစ်ဆေး သည်။ အမှုခေါ်စာရင်းအတိုင်း မှန်ကန်စွာ ဆောင်ရွက်သည်။ တရားသူကြီး ပီသသည်။ အများ လေးစားသည်။

တရားသူကြီး အစည်းအဝေးရှိ၍

တရားသူကြီးမလာနိုင် အစည်းအဝေးရှိ၍ဟု ကြိုတင်အကြောင်းမကြားဘဲ ပျက်ကွက်ခြင်းမျိုး (မကြာခဏ)မဖြစ်စေရ။ ရုံးချိန်မှန်၊ နောက်မကျ၊ မိမိကြောင့် ဘယ်တော့မှသူတစ်ပါးအခက်အခဲ မဖြစ်စေရဟု တရားစီရင်ရေး၏ စံပြဝန်ထမ်းဖြစ်စေ ရမည်ဟုခံယူသော တရားသူကြီးများကို ပြည်သူတို့ ကြိုဆိုသည်။

စေတနာ

အမှုစစ်ဆေးရာမှာ ဘာ့ကြောင့် ကြာသည်ကို အများသိကြပါသည်။ မကြာအောင် ဘာလုပ်ကြ မည်လဲဟု တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ...။ ။

ဦးဟန်ညွန့် (ဥပဒေ)