အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အနောက်ဘင်ဂေါလ်ပြည်နယ်အား အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၆ သန်း ပံ့ပိုးပေးရန် အိန္ဒိယဝန်ကြီးချုပ်ကြေညာ

နယူးဒေလီ   ၂၂   မေ

အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အိန္ဒိယနိုင်ငံအရှေ့ဘက် အနောက်ဘင်ဂေါလ်ပြည်နယ်ကို လေကြောင်းဖြင့် ဆန်းစစ်လေ့လာခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အရေးပေါ်အကူအညီအဖြစ် အနောက်ဘင်ဂေါလ်ပြည်နယ်အား အမေရိကန်ဒေါ်လာ ၁၃၁ ဒသမ ၆ သန်း ပံ့ပိုးပေးရန် ယနေ့ကြေညာလိုက်သည်။

အဆိုပါ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံအရှေ့ဘက် အနောက်ဘင်ဂေါလ်ပြည်နယ်တွင် လူ ၈၀ ထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

နာရန်ဒရာမိုဒီသည် ယနေ့အစောပိုင်းက အနောက်ဘင်ဂေါလ်ပြည်နယ်၏ မြို့တော်ကိုလ်ကတ္တာမြို့သို့ ရောက်ရှိခဲ့ပြီး မြို့တော်ဝန် ဂျာ့ခ်ဒစ်ပ်ဒန်ခါရ်နှင့် ပြည်နယ်ဝန်ကြီးချုပ် မာမတာဘနာဂျီးတို့နှင့်အတူ ပြည်နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း အဆိုးရွားဆုံး ထိခိုက်သွားသည့် ဒေသတချို့ကို လေကြောင်းဖြင့် ဆန်းစစ်လေ့လာခဲ့ကြောင်း သိရသည်။

အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၉၀ နှုန်းဖြင့် အိန္ဒိယနိုင်ငံအရှေ့ဘက် ကုန်းတွင်းပိုင်းသို့ မေ ၂၀ ညနေပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မုန်တိုင်း၏ အရှိန်ကြောင့် အနောက်ဘင်ဂေါလ်ပြည်နယ်နှင့် သြဒိဿကမ်းရိုး တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွားကာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှု၊ ဓာတ်တိုင်များပြိုလဲမှုနှင့် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့သည်။

ထို့အပြင် မိုဒီသည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သည့် မိသားစုတစ်စုချင်းစီကို အမေရိကန်ဒေါ်လာ ၂၆၃၂ စီနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် မိသားစုတစ်စုချင်းစီကို အမေရိကန်ဒေါ်လာ ၆၅၈ စီ ပံ့ပိုးပေးရန် ကြေညာခဲ့ကြောင်း သိရသည်။

မိုဒီသည် အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် သြဒိဿပြည်နယ်ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း လေကြောင်းမှလေ့လာရန် စီစဉ်ထားကြောင်း သိရသည်။ အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သြဒိဿပြည်နယ်တွင်လည်း ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပြီး ကမ်းရိုးတန်းဒေသများတွင် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံအများအပြား ထိခိုက်သွားကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- ဂျေတီ