အမျိုးသမီးများ ပေါင်းစည်းအား ကိုဗစ် - ၁၉ ဒို့ကျော်လွှား


 

မမမေ

ကိုဗစ်-၁၉ ကပ်ရောဂါကို တစ်ကမ္ဘာလုံး တွေ့ကြုံခံစား နေကြရသည်။ နိုင်ငံအသီးသီးမှ သက်ဆိုင်ရာအစိုးရတို့က မိမိတို့တတ်စွမ်းသမျှ ရောဂါ ပြန့်ပွားမှုမရှိစေရေး၊ စနစ် တကျ ဆေးကုသမှု ပေးအပ်နိုင်ရေးအတွက် ကြိုးပမ်းကြ သည်။ လုပ်အားရှင် ပြည်သူများက လည်း တတ်စွမ်းသမျှ မိမိတို့နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ပူးပေါင်းအားဖြည့်လျက်ရှိကြသည်။ မိမိတို့နိုင်ငံ သည်လည်း နိုင်ငံရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ လူမှုရေးနှင့် စီးပွားရေး နယ်ပယ်အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခံစားရမှုများ၊ တွန်းလှန်တိုက် ခိုက်ကြရမှုများစွာဖြင့် ကြုံတွေ့နေကြရသည်။ စုပေါင်း အားဖြင့် တွန်းလှန်ကာကွယ်ကြမည်ဆိုလျှင် ကိုဗစ်-၁၉ ရောဂါကို အထိုက်အလျောက်တော့ လျော့ပါးသက်သာ စေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ 
ကဏ္ဍအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကို ကျရာ နေရာ၊ တတ်စွမ်းရာ အခြေအနေများဖြင့် တွန်းလှန်သူ များတွင် အမျိုးသားများနည်းတူ ရင်‌ပေါင်တန်း၍ အမျိုးသမီးများကလည်း စွမ်းစွမ်းတမံဆောင်ရွက်နေကြ ပါသည်။ ဇူလိုင်လ ၃ ရက်နေ့သည် မြန်မာအမျိုးသမီး များနေ့ဖြစ်ပြီး ယခုနှစ်အတွက် သတ်မှတ်ထားသည့် ဆောင်ပုဒ်မှာ “အမျိုးသမီးများ ပေါင်းစည်းအား ကိုဗစ်-၁၉ ဒို့ကျော်လွှား” ဟူ၍ဖြစ်ပါသည်။
အမျိုးသမီးများသည် သမိုင်းတစ်လျှောက် ကြီးကျယ် မြင့်မြတ်သည့် လုပ်ရပ်များစွာကို စွမ်းဆောင်ခဲ့ကြဖူးသူများဖြစ်ပါသည်။ မိမိတို့နိုင်ငံတွင်လည်း ရာစုနှစ်ပေါင်း များစွာကပင် ကဏ္ဍအသီးသီး၌ ထင်ရှားကျော်ကြားသည့် အမျိုးသမီးများစွာထွက်ပေါ်ခဲ့ပြီး ယနေ့တိုင် ထွက်ပေါ် နေဆဲပင်ဖြစ်ပါသည်။ ယင်းသည်မှာလည်း ထူးချွန် ထက်မြက်ခြင်းနှင့် ကရုဏာတရားပြည့်၀ခြင်း၊ အများ အကျိုးအတွက် ကိုယ်ကျိုးမငဲ့ကွက် ဆောင်ရွက်တတ် ခြင်းတို့နှင့် ပြည့်စုံသည့် အမျိုးသမီးများကို အသိအမှတ်ပြု အားပေးလက်ခံခြင်း၊ တစ်နည်းအားဖြင့် ကျား မ အခွင့် အရေး မခွဲခြားခြင်းပင် ဖြစ်ပါသည်။
အမျိုးသမီးများသည် အကျပ်အတည်းကာလအတွင်း ပြုစုစောင့်ရှောက်ခြင်းဟူသည့် မိသားစုအတွက်တာဝန် ကို အခြားအချိန်များထက်ပင် ပိုမိုထမ်းဆောင်နေကြ ရပါသည်။ ပြုစုစောင့်ရှောက်ခြင်းများအနက် အိမ်ထောင်မှု ကိစ္စရပ်များသာမက မိသားစုဝင်များ၏ ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ သားသမီးများ၏ ပညာရေးအတွက် ပိုမို အချိန်ပေးသင်ကြားရခြင်းများအပြင် ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှုများတွင် လည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါသည်။ အမျိုး သမီးများ အလုပ်လုပ်ကိုင်ရန် အတားအဆီးများသည် မိသားစု၀င်ငွေကို လျော့ကျစေပြီး နိုင်ငံအတွက် ကုန်ထုတ်လုပ်မှုများတွင်လည်း ထိခိုက်စေနိုင်ပါသည်။
အမျိုးသမီးအများစုသည် အိမ်မှုကိစ္စရပ်များကို သာမက စီးပွားရေး၊ လူမှုရေး စသည့် နယ်ပယ်အသီးသီး တွင်လည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုသကဲ့သို့ အမျိုးသားများနည်းတူ မိမိအကျိုး၊ အများအကျိုး ဆောင် ရွက်လျက်ရှိကြသည်။ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် အမျိုးသမီးများ ပေါင်းစည်းအား ကိုဗစ်-၁၉ ဒို့ကျော်လွှား ဟူသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်မှု များတွင် အမျိုးသမီးများ၏ ပါ၀င်မှုနှင့် စိန်ခေါ်မှုများကို အားလုံးက အသိအမှတ်ပြုခြင်း၊ လေးစားအားပေးခြင်းနှင့် အမျိုးသမီးများပါဝင်မှုကို ပိုမိုအားပေးခြင်းဖြင့် ကောင်းမွန် သည့်ရလဒ်များကို ရရှိစေမည် ဖြစ်ပါသည်။
ကျန်းမာရေးအသိုက်အဝန်းမှ အမျိုးသမီးများ
ကျန်းမာရေးကဏ္ဍအတွင်း နေ့မအား၊ ညမနား ဆောင်ရွက်သူများ၌ အမျိုးသမီးများစွာ ပါ၀င်နေပြီး သူတို့ကြုံတွေ့ရသည့် စိန်ခေါ်မှုများသည် အမျိုးသားများ ထက် မလျော့သည့် စိန်ခေါ်မှုများပင်ဖြစ်သည်။ မိသားစု တိုင်းအတွက် မိခင်သည် အလွန်အရေးကြီးသကဲ့သို့ မိခင်စိတ်ထားဖြင့် လူနာများအပေါ် စောင့်ရှောက်တတ် သည့် ကျန်းမာရေးကဏ္ဍမှ ဆရာ၀န်များ၊ သူနာပြုများ သည်လည်း လူနာများအတွက် အလွန်အရေးကြီးပါ သည်။ ထို့ပြင် ကူးစက်မြန်ရောဂါကို တွန်းလှန်နေကြရ သည့် ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်ခြင်းကြောင့်လည်း စိန်ခေါ်မှုပြင်းထန်သည့် အခြေအနေ၌ မိမိနှင့် မိသားစု အရေးထက် လူနာများအတွက် ပေးဆပ်ကြသူများကို ပြည်သူများက အားပေးဂုဏ်ပြုကြသည်မှာလည်း အမျိုးသမီးကျန်းမာရေး၀န်ထမ်းများအတွက် အားဆေး တစ်ခွက်ပင် ဖြစ်ပါလိမ့်မည်။ 
“ကျွန်မတို့ ကျန်းမာရေးကဏ္ဍမှာ အများစုက အမျိုး သမီးတွေဖြစ်ပါတယ်။ သူတို့မှာ မိသားစုတွေ ရှိကြပါ တယ်။ ကိုဗစ် - ၁၉ ရောဂါက အသေအပျောက်ရှိတယ်။ ကူးစက် တာမြန်တယ်။ ကူးစက်နိုင်ခြေများတဲ့သူတွေထဲမှာ ကျွန်မတို့ ကျန်းမာရေး၀န်ထမ်းတွေ ပါဝင်နေပါတယ်။ ဒါဟာ ကျွန်မတို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ သို့သော် ကျွန်မတို့တွေက ပြည်သူနဲ့အတူ အောင်မြင် အောင် တိုက်ထုတ်နိုင်မယ်လို့လည်း အပြည့်အဝယုံကြည် ချက်ရှိတယ်။ ကြိုတင်ပြင်ဆင်မှုတွေလည်း တတ်နိုင် သလောက်လုပ်ကြတယ်။ ဝန်ကြီးဌာနနဲ့ နိုင်ငံတော် အစိုးရရဲ့ လမ်းညွှန်ချက်တွေကိုလည်း အတိအကျ လိုက်နာပြီး စိန်ခေါ်မှုတွေကို ဖြေရှင်းနေတာလည်း ဖြစ်ပါ တယ်” ဟု အထူးကုဆေးရုံ ဝေဘာဂီမှ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန၊ ပါမောက္ခ ‌ဒေါက်တာစံပယ်ဖြူက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကိုဗစ်-၁၉ အကျပ်အတည်းကာလအတွင်း အမျိုးသမီးများ၏ ကျန်းမာရေးကဏ္ဍ စိန်ခေါ်မှုများ စကားဝိုင်းတွင် ထည့်သွင်းပြောကြားထားသည်။
ပြည်သူလူထုနှင့် ကျန်းမာရေးအသိတိုးတက်လာ
ကျန်းမာရေး၀န်ထမ်းအမျိုးသမီးများ၏ စိန်ခေါ်မှု များတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ ကဲ့သို့ ဆောင်ရွက်ချက်အချို့ ကိုဗစ်-၁၉ ရောဂါကြောင့် နှောင့်နှေးရခြင်းများအပြင် လူနာများ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာများကို နှစ်သိမ့်ပညာပေးရခြင်းများ နှင့် မီးဖွားလူနာများ ဆေးရုံသို့ အချိန်မီလာရောက်ရန် အခက်အခဲများကိုလည်း ကြုံတွေ့နေရသည်။ ထို့ပြင် ကူးစက်ရောဂါအသိပညာနှင့်ပတ်သက်သည့် သိရှိမှု အားနည်းသော လူနာများနှင့် လူနာရှင်များကြောင့်လည်း အခက်အခဲများကြုံတွေ့ရသည်ကို မြင်တွေ့ရသည်။ သို့သော် ယခုအခါ နိုင်ငံတော်၏ ကြိုးပမ်းမှု၊ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန၏ ကြိုးပမ်းမှု၊ ပြည်သူအားလုံးစုပေါင်းပါ၀င်မှုဖြင့် ကျန်းမာရေးအသိပညာများကို ဒေသအသီးသီးတွင် ဖြန့်‌‌ဝေနိုင်ခဲ့ခြင်းကြောင့် နားလည် သဘောပေါက်မှု မြင့်တက်လာကြပြီ ဖြစ်ပါသည်။ 
မူလက ဆေးရုံများတွင် လိုအပ်သည့် လှူဒါန်းမှုများ ကိုပင် ကိုယ်တိုင်မလှူဒါန်းရဲလောက်အောင် ကြောက်ရွံ့မှု များရှိခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး လိုအပ်သည့်အကွာ အ‌ဝေးလုံလောက်မှုနှင့် ရောဂါမကူးစက်စေရေးအတွက် စနစ်တကျ နေထိုင်ရမည့် နည်းလမ်းများအကြောင်း ပြည်သူလူထုသိရှိလာမှုမှာ အားရကျေနပ်ဖွယ်ကောင်းလှ သည်။ ထို့ပြင် ကိုယ်၀န်ဆောင်များ လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် ကျန်းမာရေးအသိများပေးအပ်ခြင်း၊ ကိုယ်၀န်ဆောင်နှင့် သားဖွားမိခင်များအား ငွေကြေး အထောက်အပံ့များပေးအပ်ခြင်း၊ သက်ကြီးရွယ်အိုများ အား ငွေကြေးထောက်ပံ့ခြင်းများနှင့် အခြေခံစားကုန်များ ပေးအပ်ခဲ့ခြင်းသည်လည်း အမျိုးသမီးများကြုံတွေ့နေရ သည့် စိန်ခေါ်မှုများကို လျော့ပါးသက်သာစေခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်း အရ ၅၄ ဒသမ ၅၈ သန်းအနက် အမျိုးသမီးဦးရေသည် ၂၈ ဒသမ ၄၃ သန်းနှင့် အမျိုးသားဦးရေသည် ၂၆ ဒသမ ၁၅ သန်း ရှိမည်ဟု ခန့်မှန်းထားရာ အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် နှစ်သန်းကျော်မျှ ပိုမိုများပြားလျက် ရှိပါသည်။ ထို့ကြောင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ ၏ ထမ်းဆောင်မှု တာဝန်ဝတ္တရားများသည်လည်း များပြားလွန်းလှပါသည်။ ထို့ကြောင့် ကိုဗစ် - ၁၉ ကပ်ရောဂါ အကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်သည့် လုပ်ငန်းများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ် များ၏ လိုအပ်ချက်များကို ပြည့်ဝစွာဖြည့်ဆည်းပေး ရန်နှင့် အမျိုးသမီးများ၏အခန်းကဏ္ဍကို အသိအမှတ်ပြု မြှင့်တင်ပေးနိုင်ရန် လိုအပ်ပါသည်။ 
အမျိုးသမီးများ၏ ဝင်ငွေရရှိမှုကို ထိခိုက်လာ
အသွားအလာကန့်သတ်မှုများ ရှိနေရချိန်တွင် ဝင်ငွေ ရရှိမှုသည်လည်း အမျိုးသမီးများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး ယင်းအတွက်ကြောင့်ပင် အကြမ်းဖက် ခံရမှုများလည်း ပိုမိုခံစားလာနေရသည်ကို ကမ္ဘာအရပ်ရပ် တွင် တွေ့ရှိနေကြရသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုး သမီးများ အလုပ်အကိုင်များလုပ်ကိုင်ရန် ခက်ခဲလာနိုင် ခြင်းသည် ကုန်ထုတ်လုပ်မှု ကျဆင်းလာစေနိုင်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ‌ဝေးကွာရခြင်း၊ အလုပ်အကိုင် တိုးတက်မှုရပ်တန့်သွားခြင်းအပြင် အမျိုးသမီးအလုပ် သမားများ အခက်အခဲမျိုးစုံကြောင့် ကုန်ထုတ်လုပ်မှုများ တွင်လည်း လုပ်သားလိုအပ်ချက်များ ကြုံတွေ့လာနိုင် ကြောင်း UN Women မှ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat က မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျိုး သက်ရောက်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည် စွမ်းရည်တည်ဆောက်ရန်အတွက် ပကတိအခြေအနေပေါ် တွင် လေ့လာသုံးသပ်ခြင်းနှင့် ရှေ့အလားအလာဆွေးနွေးပွဲ အတွင်း ထည့်သွင်းပြောကြားသည်။
ကိုဗစ် - ၁၉ ကြောင့် အာရှ-ပစိဖိတ်ဒေသများတွင် အမျိုးသမီးများ အများဆုံးပါ၀င်သည့်ကဏ္ဍများ ရပ်ဆိုင်း သွားရသည်ကိုလည်း မြင်တွေ့ရသည်။ ခရီးသွားလုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်း၊ အိမ်အကူလုပ်ငန်း၊ စက်ရုံ၊ လယ်ယာအလုပ်အကိုင်များ စသည်ဖြင့် အဝေးမှ လုပ်ကိုင်ရန် မဖြစ်နိုင်သည့်လုပ်ငန်းများတွင် အမျိုးသမီး အများစုမှာ လုပ်ကိုင်နေကြခြင်းဖြစ်သည်။
အလုပ်အကိုင်ပြဿနာအဖြေရှာ
မြန်မာနိုင်ငံတွင်လည်း စက်ရုံ၊ အလုပ်ရုံများ၏ ၈၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ၀င်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်ပါသည်။ ဧည့်ခံကြိုဆိုရေးလုပ်ငန်းများ၊ ၀န်ဆောင်မှုလုပ်ငန်းများ၏ အလုပ်သမားများမှ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ ခရီးသွား လုပ်ငန်း၏ အလုပ်သမားအများစုသည်လည်း အမျိုးသမီး များဖြစ်ကြပြီး ယခုအချိန်တွင် လုပ်ငန်းအတော်များများ ရပ်ဆိုင်းနေကြရပါသည်။ ရွှေ့ပြောင်းအမျိုးသမီး အလုပ် သမားများသည်လည်း နေရပ်သို့ပြန်လည်ရောက်ရှိရန် အခက်အခဲများရှိခြင်း၊ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရန် ခက်ခဲခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းများကို ကြုံတွေ့နေ ကြရနိုင်ကြောင်း Mr. Nicolas Burniat က ‌ ထောက်ပြ ထားပါသည်။
လက်လီအရောင်းအ၀ယ်များကဲ့သို့သော အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင် နေကြရသည့် အမျိုးသမီးများသည် လုပ်ငန်းတူအမျိုးသား များထက် ကိုဗစ်-၁၉ ရောဂါ၏ ရိုက်ခတ်မှုကို ပိုမိုခံရနိုင် ဖွယ်ရှိသည်ဟု အမျိုးသမီးရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းကြပါသည်။ ကမ္ဘာ့ဘဏ်စာရင်းများအရ မြန်မာ နိုင်ငံတွင် အလွတ်တန်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသူများတွင် အမျိုးသမီးများ ပိုမိုများပြားကြပြီး ဥပမာ အားဖြင့် လမ်းဘေးစျေးသည်များ၏ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြသည်။ စိုက်ပျိုးရေး ကဏ္ဍတွင်လည်း အမျိုးသမီးဦးရေက ပိုမိုများပြားစွာ ဝင်ရောက်လုပ်ကိုင်လျက် ရှိပါသည်။
ထို့ပြင် အသေးစားစီးပွားရေးလုပ်ငန်းရှင် အမျိုး သမီးများသည် အမျိုးသားများထက် ချေးငွေနှင့် ငွေရေး ကြေးရေးဆိုင်ရာ ၀န်ဆောင်မှုများကိုလည်း လက်လှမ်းမီ မှုအားနည်းလျက်ရှိနေသည်ကို မြင်တွေ့ရပါသည်။ ကိုဗစ် - ၁၉ အတွက် စီးပွားရေးတုံ့ပြန်မှုများ ဆောင်ရွက် ရာတွင် အမျိုးသမီးများပါ၀င်လာရန် ကြိုးပမ်းခြင်းသည် စီးပွားရေးကို အမြန်ဆုံး ပြန်လည်ဦးမော့စေရန် အားလုံးအကျုံးဝင်ပါ၀င်လာနိုင်အောင် မောင်းနှင်ပေးနိုင်မည် ဖြစ်ရာ အမျိုးသမီးများအား ပံ့ပိုးပေးရန် မှန်ကန်စွာဆောင် ရွက်ရုံသာမက စနစ်တကျ ဆောင်ရွက်ရန်အတွက် နိုင်ငံတော်မှ ရေးဆွဲဆောင်ရွက်လျက်ရှိသည့် CERP သည် အမျိုးသမီးများ၏ လိုအပ်ချက်များ၊ ပါဝင်မှုများကို မည်မျှ အလေးထားဆောင်ရွက်ပေးလျက်ရှိသည်ကို မြင်တွေ့ နိုင်မည် ဖြစ်ပါသည်။
စီးပွားရေးအကျပ်အတည်းအတွက် ဖြေရှင်း
“ကုန်သည်/စက်မှုအသင်းချုပ်မှာ ညီနောင်အဖွဲ့ ၇၄ ဖွဲ့ရှိပြီး အမျိုးသား အမျိုးသမီးတန်းတူ ပါဝင်ခွင့် ရရှိ ထားပါတယ်။ ကုန်သည်/စက်မှု အသင်းချုပ်ရဲ့ လုပ်ကိုင် ချက်တိုင်းမှာ အမျိုးသမီး၊ အမျိုးသား ခွဲခြားလုပ်ကိုင်ခြင်း မျိုးမဟုတ်ပေမယ့် အမျိုးသမီးများအပေါ် များစွာ အထောက်အကူပြုတဲ့ ဆောင်ရွက်ချက်တွေ ပေးအပ်နိုင် ခဲ့ပါတယ်။ စားသောက်ကုန်အသင်းအဖွဲ့၊ ဆန်၊ ဆီ၊ ဆား စသည့် အသင်းအဖွဲ့များနဲ့ပူးပေါင်းပြီး ကိုဗစ် - ၁၉ ကာလ အမျိုးသမီးတွေရဲ့ ဘ၀အမောတွေဖြစ်လာမယ့် ကုန်စျေး နှုန်းတွေ တည်ငြိမ်စေဖို့အတွက် ထိန်းညှိပေးခဲ့တာတွေ၊ စက်မှုဇုန်တွေအထိ သွားရောက်ပြီး ကုန်စည်တွေကို စျေးသက်သာစွာနဲ့ ရောင်းချပေးတာတွေက အမျိုးသမီး တွေကြုံရမယ့် ဒီကာလအကျပ်အတည်း ကူညီဖြေရှင်းပေး ခဲ့တာဖြစ်ပါတယ်” ဟု အမျိုးသမီး စီးပွားရေးစွမ်းဆောင် ရှင်တစ်ဦးလည်းဖြစ်ပြီး ကုန်သည်/စက်မှုအသင်းချုပ်၏ တွဲဖက် အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်က မြန်မာအမျိုးသမီးများနေ့အထိမ်း အမှတ်စကားဝိုင်းအတွင်း ထည့်သွင်း ပြောကြားထား သည်။
အိမ်ထောင်စု၏ ဖိအား၊ စား၀တ်နေရေးအတွက် ဖိအား၊ ကျောင်းသားများ၊ အလုပ်အားနေသည့် မိသားစု ဝင်များ၏ ဖိအားများကိုခံစားနေရချိန်တွင် ကုန်စျေး နှုန်းထိန်းညှိနိုင်ခြင်းသည် အမျိုးသမီးများအတွက် စိတ်သက်သာမှုတစ်ရပ်ဖြစ်စေခဲ့သည်။ ထို့ပြင် နိုင်ငံတော် နှင့်အသင်းအဖွဲ့များက အမျိုးသမီးများအတွက် ကျန်းမာ ရေးအသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကဏ္ဍများအတွင်း အမျိုးသမီးများ ပိုမိုပါ၀င် လာစေရေးအတွက် နိုင်ငံတော်မှ ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ သည်ကိုလည်း မြင်တွေ့ရသည်။ 
အထည်ချုပ်လုပ်ငန်း၊ လက်ခစားလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ပညာပေးလုပ်ငန်း၊ ဟိုတယ် ခရီးသွားလုပ်ငန်း၊ ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပြီး အဆိုပါ ကဏ္ဍအတွင်း အမျိုးသမီးအလုပ်သမားများစွာ ရှိနေသည်ကိုလည်း မြင်တွေ့ရသည်။ ၎င်းတို့လုပ်ငန်းများ ပုံမှန်လည် ပတ်စေရေးနှင့် မိသားစုအချင်းချင်း အပြန်အလှန်နားလည် မှုရှိရှိ ရင်ဆိုင်ကျော်လွှားရေး၊ အမျိုးသမီး အချင်းချင်း အပြန်အလှန် ဆက်သွယ်ချိတ်ဆက် အကူအညီပေးနိုင်ရေး တို့ကိုလည်း ပိုမိုအားကောင်းလာစေရန် အားလုံးစုပေါင်း အဖြေရှာ ဖော်ထုတ်နေကြသည်ကိုလည်း တွေ့ရှိရသည်။
နည်းပညာအကူအညီဖြင့် အလုပ်အကိုင်များ ဖန်တီး
နည်းပညာအကူအညီကိုရယူကာ သက်မွေးဝမ်း ကျောင်းသင်တန်းများ တက်ရောက်နိုင်ရန်ကူညီပေးခြင်း၊ ဒစ်ဂျစ်တယ်စျေးကွက်ကို အမျိုးသမီးများ ဝင်ရောက် ခြေဆန့်နိုင်ရန် ကူညီခြင်းတို့သည်လည်း အမျိုးသမီး များ၏ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းအောင် မြင်နိုင်စေမည်ဖြစ်ကြောင်း အမျိုးသမီးရေးရာ ကျွမ်းကျင် သူများက ခန့်မှန်းထားကြပါသည်။ မိမိတို့နိုင်ငံသည် သဘာ၀အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ခြင်း ကြောင့် အခြေခံဒေသထွက်ကုန်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့မှထွက်ရှိသည့် ကုန်ကြမ်းအပေါ် အခြေခံကာ နည်းပညာအကူအညီဖြင့် သွင်းကုန်အစားထိုး ကုန်စည်များ ထုတ်လုပ်နိုင်မည်ဆိုပါကလည်း အမျိုးသမီး များအတွက် စီးပွားရေးနှင့် ဝင်ငွေအခွင့်အလမ်းကို ပြန်လည်ဦးမော့လာစေရန် အခွင့်အလမ်းများ ရရှိနိုင် ပါသည်။
“အရင်တုန်းက အဆိုအတိုင်း ပုခက်လွှဲတဲ့လက်က ကမ္ဘာကို လွှမ်းမိုးတယ်တဲ့။ ကမ္ဘာကို အုပ်စိုးတယ်ဆိုတာ တကယ်တော့ လွှမ်းမိုးဖို့၊ စိုးမိုးဖို့မဟုတ်ပါဘူး။ မတည် ပေးဖို့သာဖြစ်ပါတယ်။ ဖေးမဖို့၊ လက်တွဲခေါ်ဖို့က အဓိက ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ သာဖြစ်ပါတယ်” ဟု ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ရက်နေ့ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ဖူးသည်။ အမျိုးသမီးများသည် မိမိနှင့် မိသားစုဝင်များ၊ မိမိနိုင်ငံနှင့် သတ္တလောကကြီးတစ်ခုလုံး၏ ကောင်းကျိုးအတွက် နှလုံးရည်မြင့်မားစွာဖြင့် အချင်း ချင်း မျှဝေလက်တွဲကာ ကိုဗစ် - ၁၉ ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ရင်း ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီး များနေ့ကို ကြိုဆိုလိုက်ရပါသည်။ ။

မြန်မာ့အလင်း