အမျိုးသမီးများ ကျန်းမာရေးနှင့် အခွင့်အရေးတို့ကို ဂရုပြုဖော်ဆောင်

၁၂ ဇူလိုင်

 

ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည်။ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ ဦးတည် ချက်မှာ ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများနှင့် မိန်းကလေး ငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများတို့ကို အလေးဂရုပြု အာရုံစူးစိုက်လာကြစေရန် ရည်ရွယ်သည်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါသည် ကမ္ဘာပေါ်ရှိ ဆင်းရဲချမ်းသာ မည်သည့်နိုင်ငံမျိုးကိုမှ သက်ညှာခွင့်မပေး။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် ဘက်ပေါင်းစုံတွင် အကျပ်အတည်း၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြရသည်။ ယင်းသို့သော အခြေအနေမျိုးတွင် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ ဓားစာခံဖြစ်ကြရရှာသော အိမ်တွင်း အကြမ်းဖက်မှုများက ကမ္ဘာတစ်ခွင်လုံးတွင် မြင့်တက်လာသည်။

 

ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာ တားဆီးကန့်သတ်မှု၊ အိမ်အပြင် မထွက်ကြရန် တားမြစ်ထားမှုများအတွင်း မိသားစုများ၏ ဝင်ငွေနှင့် စားဝတ်နေရေး တို့ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာရချိန်တွင် စိတ်ဖိစီးမှုများနှင့်အတူ အားနည်းသူများဖြစ်သည့် အမျိုးသမီးများ၊ မိန်းကလေးငယ်များ အကြမ်းဖက်ခံကြရခြင်းဖြစ်သည်။ မိမိတို့နှင့် အိမ်နီးချင်းဖြစ်သည့် အိန္ဒိယနိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုနှင့်စပ်လျဉ်း၍ တိုင်တန်းမှု အရေအတွက် ပမာဏကြီးမားစွာ မြင့်တက်ခဲ့သည်ဟု အိန္ဒိယအမျိုးသမီးရေးရာ အမျိုးသားအဆင့်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများရှိ အမျိုးသမီး ၄၇ သန်းတို့မှာ ခေတ်မီသားဆက်ခြားဆေးဝါးများ မရရှိနိုင်ကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ လေ့လာချက်တစ်ရပ်က ဖော်ပြ ခဲ့သည်။ ထို့အပြင် ကမ္ဘာတစ်ခွင်ရှိ ပုံမှန်မဟုတ်သော ကျပန်းအလုပ် များ လုပ်ကိုင်အသက်မွေးနေကြရသည့် အမျိုးသမီး ၆၀ ရာခိုင်နှုန်း တို့မှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရာရှိနေသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံအနေဖြင့်မူ ကိုဗစ် - ၁၉ ကူးစက်ပျံ့နှံ့မှုနှင့် စပ်လျဉ်း၍ ကိန်းဂဏန်းအချက်အလက်များကို နေ့စဉ်ရရှိနေပြီး ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေကို ရရှိထားသည်ဟု ဆိုရမည်ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဖြစ်ပေါ်လာသည့် စီးပွားရေး၊ လူမှုရေးအကျိုးဆက်များနှင့် စပ်လျဉ်း၍မူ ကိန်းဂဏန်းအချက်အလက်များဖြင့် သိရှိခွင့်နည်းပါးနေပြီး သာမန်အားဖြင့် ထိခိုက်မှုရှိသည်ဟူ၍သာ သိကြရသည်။ အထူးသဖြင့် လူမှုရေးအရ မည်မျှထိခိုက်မှုရှိကြောင်း ကိန်းဂဏန်းအချက်အလက်များ မသိရသော်လည်း ထိခိုက်မှုအချို့ ရှိနိုင်သည်ဟူ၍သာ မှန်းဆကြည့်နိုင်သည်။ အချို့ စက်ရုံအလုပ်ရုံများမှ လုပ်သားအင်အား လျှော့ချခြင်း၊ အလုပ်ပိတ်သိမ်းခြင်း၊ ကုန်စည်အရောင်းအဝယ်များ လျော့နည်းကျဆင်းသွားခြင်း၊ ရာသီသီးနှံထုတ်ကုန်များ ဈေးကွက် ပျက်သွားခြင်း စသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ် လာသည့် ဂယက်များက လူမှုရေးအပေါ်တွင်လည်း အမှန်တကယ် ရိုက်ခတ်မှု ရှိနိုင်သည်သာဖြစ်သည်။

 

လက်ရှိ မြန်မာနိုင်ငံ လူဦးရေတွင် အမျိုးသမီးဦးရေက အမျိုးသား ဦးရေထက် သိသာစွာပိုများနေခြင်း၊ အလုပ်လုပ်နိုင်သည့်အရွယ် အမျိုးသမီးများ၏ ၅၀ ရာခိုင်နှုန်းခန့်ကသာ အလုပ်လုပ်ကိုင်နေခြင်း စသည့်အချက်များက မြန်မာအမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင် ပေးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာအောင် ဖန်တီးပေးရေး၊ ခေတ်နှင့်လျော်ညီသည့် သက်မွေးဝမ်းကျောင်း ပညာရပ်များကို လေ့ကျင့်သင်ကြားပေးရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ အသိပညာပေးရေးနှင့် အခွင့်အရေးများ မှန်မှန်ကန်ကန်ရရှိအောင် ဖော်ဆောင်ပေးရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဘဝ လုံခြုံရေးနှင့် ဥပဒေနှင့်အညီ အကာအကွယ်ပေးရေးတို့ကို ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ ကမ္ဘာအနှံ့ ပြန့်ပွားနေသည့်ကာလ မိမိတို့နိုင်ငံတွင် ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နေသည့်ကာလအတွင်း မဖြစ်မနေ ဖော်ဆောင်ပေးရန် မီးမောင်းထိုးပြနေသည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း။ ။

 

မြန်မာ့အလင်း