အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပနိုင်ရန် စီစဉ်နေ

၂၉  ဇွန်

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်လယ်ပိုင်း မတိုင်မီ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြန့်ကြာခဲ့ခြင်းဖြစ်ပြီး နှစ်ကုန်ပိုင်းတွင် ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၈-၂၀၁၉ ရာသီတွင် နောက်ဆုံးကျင်းပခဲ့ပြီး ရာသီသစ်ကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နိုင်ငံတကာ ပြိုင်ပွဲများကြောင့် နောက်ဆုတ်ခဲ့ရသလို ဗိုင်းရပ်စ်အခြေအနေကြောင့် လက်ရှိအချိန်ထိ မကျင်းပနိုင်သေးခြင်းဖြစ်သည်။

 

နောက်ဆုံးကျင်းပခဲ့သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အသင်းပေါင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသင်းအချို့မှာ နုတ်ထွက်ရန် စီစဉ်နေသောကြောင့် အသင်းများ ပြောင်းလဲဖွယ်ရှိနေပြီး အသင်းသစ်အချို့လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။ အသင်းသစ် နှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေပြီး မြန်မာနေရှင်နယ်လိဂ် ကော်မတီက ပြိုင်ပွဲကျင်းပရန် အတည်ပြုပြီးပါက အသင်းများ အတည်ပြုဖွယ်ရှိနေသည်။

 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၆-၂၀၁၇ ရာသီတွင် မြဝတီအသင်း၊ ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်း၊၂၀၁၈-၂၀၁၉ ရာသီတွင် အား/ကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ