အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြီးစီး

၂၀  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ်၊ မြန်မာနိုင်ငံပြေးခုန်ပစ်ဥက္ကဌဖလားနှင့် (၆၅) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ နောက်ဆုံးနေ့နှင့် ဆုချီးမြင့်ပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲနှစ်ခုပေါင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ ဗိုလ်စွဲခဲ့သည်။

 

ပြိုင်ပွဲနောက်ဆုံးနေ့တွင် ဗိုလ်လုပွဲပွဲစဉ် ၁၃ ပွဲကျင်းပခဲ့ပြီး မာရသွန်၊ လှံတံပစ်၊ တန်းမြင့်ခုန်၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ မီတာ ၁၅၀၀၊ သုံးဆင့်ခုန်၊ မီတာ ၁၅၀၀၊ မီတာ ၁၀၀ အမျိုးသား၊ အမျိုးသမီးပွဲစဉ်များ၊ အမျိုးသား+အမျိုးသမီး မီတာ ၄၀၀× လက်ဆင့်ကမ်းပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသား+အမျိုးသမီးပြိုင်ပွဲနှစ်ခုပေါင်းတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်းတို့ကို အားကစားနှင့်ကာယာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်း၊  မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။ ထို့ပြင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။

 

ပြိုင်ပွဲအပြီးတွင် အမျိုးသမီးပြိုင်ပွဲ၌ ကာကွယ်ရေးအသင်းက ရွှေ ၁၂ ခု၊ ငွေ ၁၀ ခု၊ ကြေးငါးခု၊ ၁၈၅ မှတ်ဖြင့် ပထမ၊ ပြည်ထဲရေး အသင်းက ရွှေရှစ်ခု၊ ငွေကိုးခု၊ ကြေးခြောက်ခု၊ ၁၅၄ မှတ်ဖြင့် ဒုတိယ၊ ဆောက်လုပ်ရေး အသင်းက ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးနှစ်ခု ၅၄ မှတ်ဖြင့် တတိယ၊ အမျိုးသားပြိုင်ပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အသင်းက ရွှေ ၁၃ ခု၊ ငွေကိုးခု၊ ကြေးလေးခု၊ ၁၆၇ မှတ်ဖြင့် ပထမ၊ ပြည်ထဲရေးအသင်းက ရွှေငါးခု၊ ငွေသုံးခု၊ ကြေးရှစ်ခု၊ ၁၁၆ မှတ်ဖြင့် ဒုတိယ၊ ကာကွယ်ရေးအသင်းက ရွှေတစ်ခု၊ ငွေနှစ်ခု၊ ကြေးငါးခု၊ ၈၇ မှတ်ဖြင့် တတိယ၊ အမျိုးသား+အမျိုးသမီး ပြိုင်ပွဲနှစ်ခုပေါင်းတွင်  ကာကွယ်ရေးအသင်းက စုစုပေါင်းရမှတ် ၂၇၉ မှတ်ဖြင့် ပထမ၊ ပြည်ထဲရေးအသင်းက စုစုပေါင်းရမှတ် ၂၇၅ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အသင်းက စုစုပေါင်းရမှတ် ၁၈၆ မှတ်ဖြင့် တတိယတို့ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် စံချိန်သစ်သုံးခုတင်ခဲ့ပြီး အမျိုးသားကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် ရဲထက်အောင် (ပြည်ထဲရေး)က ၂၀၁၉ ခုနှစ်က ၎င်းတင်ထားသည့်  ၅၁.၄၄ မီတာကို ၅၅.၀၅ မီတာဖြင့်လည်းကောင်း၊ အမျိုးသမီးကြိုးတပ် သံလုံးပစ်ပြိုင်ပွဲတွင် ပပဦး (ပြည်ထဲရေး)က ၂၀၁၇ ခုနှစ်က အမ်စိုးဇာတင်ထားသည့် ၄၃.၉၆ မီတာကို ၄၅.၃၅ မီတာဖြင့်လည်းကောင်း၊ အမျိုးသမီး မီတာ ၃၀၀၀ တားဆီးကျော်ပြိုင်ပွဲတွင် နှင်းယုစိုး (ကာကွယ်ရေး)က ၂၀၁၉ ခုနှစ်က အေးအေးမြို့တင်ထားသည့်  ၁၁ မိနစ် ၁၇.၈၉ စက္ကန့်ကို ၁၁ မိနစ် ၁၂.၂၄ စက္ကန့်ဖြင့်လည်းကောင်း စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအသင်းသည် အမျိုးသားတံခွန်စိုက်ဆုကို ကိုးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း

ဓာတ်ပုံ-စိုးညွန့်