အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂ ဇွန်

 

"ပြည်သူ့လွှတ်တော်၌ အတည်ပြုထားသော အဆိုဖြစ်သည့် အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရေး" အတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါတွင် လူဦးရေတိုးပွားလာခြင်း၊ ရောဂါအသစ်အဆန်းများ ပေါ်ပေါက်ဖြစ်ပွားလာခြင်း၊ ကျန်းမာရေးနှင့်မညီညွှတ်သော နေထိုင်စားသောက်မှုပုံစံများကြောင့် မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားမှု ပိုမိုများပြားလာခြင်း၊ ခေတ်မီဆန်းပြားသည့် ဆေးကုသရေး နည်းစနစ်များနှင့် အဆင့်မြင့် ခေတ်ပေါ်ဓါတ်ခွဲ စစ်ဆေးသည့် ရောဂါရှာဖွေရေး စက်ပစ္စည်းကိရိယာများ ပေါ်ပေါက်လာခြင်းကြောင့် ဆေးကုသရာ၌ ငွေကြေးကုန်ကျမှု ပိုမိုများပြားလာခြင်း၊ ပဋိဇီဝဆေးယဉ်ပါးသည့် ရောဂါများပေါ်ပေါက်လာခြင်း စသည့် အမျိုးမျိုးသော အကြောင်းအရာများကြောင့် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်အားလုံးကို စိုက်ထုတ်ကျခံရန် အလွန်ခက်ခဲလာပါကြောင်း။

 

သို့ဖြစ်၍ မိမိတို့နိုင်ငံတွင် နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် သင့်တော်ကိုက်ညီသည့် ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်လာရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ပေါ်ပေါက်လာရန်မှာ ချက်ချင်းဆောင်ရွက်၍ရသည့် ကိစ္စရပ်မျိုးမဟုတ်ဘဲ အချိန်ယူဆောင်ရွက်ရသည့်ကိစ္စဖြစ်သည်ကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများမှ ကျန်းမာရေးအာမခံစနစ်များကို လေ့လာကာ သိရှိနိုင်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် အမျိုးသားကျန်းမာရေးအာမခံစနစ်တစ်ခု ပေါ်ပေါက်လာရေးတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ လက်ရှိကျန်းမာရေးစနစ်၏ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ၊ အထူးသဖြင့် ဆေးရုံများတွင် ကုသမှုပေးနေသည့် အခြေအနေ အဆင့်အတန်း၊ နိုင်ငံ၏စီးပွားရေး၊ ငွေကြေးဘဏ္ဍာရေးအခြေအနေနှင့် ဦးတည်ချက်လားရာ၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုရယူခြင်းအပေါ် ခံယူချက်၊ နားလည်မှု၊ အဆင့်အတန်းနှင့် အတိုင်းအတာ၊ နိုင်ငံအတွင်း လက်ရှိဖြစ်ပွားလျက်ရှိသော ရောဂါအမျိုးအစားများ၊ ဖြစ်ပွားမှု ပမာဏနှင့် အနာဂတ်တွင် ဖြစ်ပွားနိုင်မှုအလားအလာ အခြေအနေများကို ထည့်သွင်းလေ့လာသုံးသပ်ရန် လိုအပ်ပါကြောင်း။

 

အဆိုပါအချက်များသည် မိမိတို့အကောင်အထည်ဖေါ်မည့် အမျိုးသားကျန်းမာရေး  အာမခံစနစ်နှင့် ပုံသဏ္ဌာန်ကို ထပ်ဟပ်ပုံဖေါ် လွှမ်းမိုးမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆောင်ရွက်နေသော ကျန်းမာရေးအာမခံ စနစ်အသီးသီးကို လေ့လာရမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝသော နိုင်ငံကြီးများတွင် ဆောင်ရွက်နေသော စနစ်ဖြင့် မိမိတို့နိုင်ငံတွင် ဆောင်ရွက်ရန်မှာ အံဝင်ခွင်ကျ မဖြစ်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအာမခံစနစ်တွင် တစ်ဦးချင်းစီမှ ကိုယ်ကျိုးအတွက် စနစ်ကိုအလွဲသုံးစားပြုလုပ် လာနိုင်သည့် အခြေအနေများကိုလည်း ကြိုတင်မျှော်မှန်း စဉ်းစားပြီး ကာကွယ်ဟန့်တားရေး အစီအမံများကို ချမှတ်ထားရန်လိုအပ်ပါကြောင်း၊ အမျိုးသားကျန်းမာရေး အာမခံစနစ် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ဆေးရုံများ၏ ဝန်ဆောင်မှုပေးနိုင်သော အသင့်အနေအထား ရှိ/ မရှိ အခြေအနေကိုလည်း ဘက်စုံထောင့်စုံမှ သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိလူမှုဖူလုံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် မည်သို့ဆောင်ရွက်သင့်သည်၊ အမျိုးသားကျန်းမာရေးအာမခံစနစ် တစ်ခုလုံးကို အစမှစတင်ဆောင်ရွက်မည့်အစား လက်ရှိ လူမှုဖူလုံရေးစနစ်ကိုသာ ပြုပြင်မွမ်းမံပြီး တိုးချဲ့ဆောင်ရွက်ရန် သင့်၊ မသင့် စသည့် အချက်များကိုလည်း မိမိတို့သေချာစွာ စဉ်းစားသုံးသပ်ရမည် ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံတွင် (၁၉၄၈) ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ချိန်မှစ၍ ယခုအချိန်ထိ ကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်လာရေးကို မလုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ မိမိအနေဖြင့် (၂၀၁၆) ခုနှစ် ကတည်းက ဤကိစ္စကို သိရှိခဲ့ပြီး ချက်ချင်းအကောင် အထည်ဖေါ်ရန် လိုအပ်ချက်များ စွာရှိနေသည်ကို ဂရုပြုမိခဲ့ပါကြောင်း၊ ဝန်ကြီးဌာနသည် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းများရရှိစေရန် ပထမအဆင့်အနေဖြင့် အခြေခံအကျဆုံးသော ကျန်းမာရေး ဝန်ဆောင်မှုများကို အပြည့်အဝရရှိစေရန် လုပ်ဆောင်နေပါကြောင်း၊ အခြားသော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ခွဲစိတ်ကုသရခြင်း၊ ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ခေတ်ပေါ်ဓါတ်မှန်ရိုက်ခြင်း၊ ခေတ်ပေါ်နည်းစနစ်များဖြင့် ရောဂါရှာဖွေခြင်း၊ ဈေးကြီးသော နောက်ဆုံးပေါ် ဆေးဝါးများဖြင့်ကုသခြင်း၊ ကိုယ်အင်္ဂါအစားထိုး ကုသခြင်းများကို မည်သည့်ရန်ပုံငွေဖြင့် ကျခံမည်ကို စဉ်းစားရမည် ဖြစ်ပါကြောင်း။

 

အဆိုပါကိစ္စများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဘဏ္ဍာငွေ အထောက် အပံ့ပေးမည့် အစီအမံ (Health Care Financing) နှင့် အမျိုးသားကျန်းမာရေး အာမခံဥပဒေများရှိမှသာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ ဘဏ္ဍာငွေအထောက်အပံ့ပေးမည့် အစီအမံ (Health Care Financing) နှင့် ပတ်သက်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တစ်ခုကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

အမျိုးသားကျန်းမာရေးအာမခံစနစ် တည်ထောင်အကောင်အထည်ဖေါ်မည်ဆိုပါက  ကနဦးရှေ့ပြေးစီမံချက်တစ်ခုကို စမ်းသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စနစ်ဖြင့် ချဉ်းကပ်ဆောင်ရွက်ခြင်း၊ စနစ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားခြင်း (System approach, system thinking) များပြုလုပ်၍ ဘက်စုံထောင့်စုံမှ ရှုမြင်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဤသို့ ကျန်းမာရေးအာမခံစနစ် ပေါ်ပေါက်ရန် ဆောင်ရွက်သည့်ကာလ တစ်ချိန်တည်း၌ ကုသရေးလုပ်ငန်းများကိုသာမက ရောဂါဖြစ်ပွားမှုများ ကျဆင်းစေရန် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုလည်း အလေးထား ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက ရောဂါဖြစ်ပွားမှုများ များပြားကာ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ဝန်ပိကာ မနိုင်မနင်းဖြစ်မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း မိမိတို့၏ အမြင်များကို ပွင့်လင်းစွာဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက အမျိုးသားကျန်းမာရေးစနစ် ပေါ်ပေါက်လာပါက ဌာနတစ်ခုတည်းအတွက်သာမက နိုင်ငံ တစ်ခုလုံး၊ ပြည်သူအားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ပေါက်လာရေးအတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်သဖြင့် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးအနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမျိုးသား ကျန်းမာရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NIMU) မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူးက အမျိုးသားကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ နိုင်ငံအချို့တွင် ကျန်းမာရေးအာမခံစနစ် ထူထောင်ရာတွင် နှစ်ကာလများစွာ အချိန်ယူကာ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး အားနည်းချက်များကိုလည်း အဆင့်ဆင့်မွမ်းမံဆောင်ရွက်ခဲ့သဖြင့် ကောင်းမွန်သည့် စနစ်ကို ထူထောင်ဆောင်ရွက်ခဲ့မှု၊ နိုင်ငံအချို့ရှိ ကျန်းမာရေးအာမခံစနစ်တွင်မူ အလောတကြီးဆောင်ရွက်ခဲ့သဖြင့် ကျန်းမာရေး အာမခံစနစ်အတွက် လိုအပ်ချက်များ မကိုက်ညီခြင်းနှင့် စနစ်တွင် အားနည်းချက်များ ပြည့်နှက်ကာ ကျရှုံးမှုများ ရင်ဆိုင်နေရမှု၊ ကျန်းမာရေးအာမခံစနစ်ကောင်းတစ်ရပ် ထူထောင်ရန် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များ၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဥပဒေတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့အစည်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို ငွေကြေးသတ်မှတ်ဝယ်ယူသည့် အဖွဲ့အစည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး သတ်မှတ်ရေးအဖွဲ့ဟူ၍ သီးခြားသတ်မှတ်ပြဋ္ဌာန်းရန်ကိစ္စ၊ မိမိတို့နိုင်ငံတွင် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Health Policy Advisor က Mr. Luis Vinylas အမျိုးသားကျန်းမာရေးအာမခံစနစ် ဥပဒေရေးဆွဲအကောင်အထည်ဖော်ခြင်းတွင် ထည့်သွင်းစဉ်း စားရမည့်အချက်များ တင်ပြဆွေးနွေးသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ကထိကများက ဆွေးနွေးအကြံပြုကြသည်။

 

သတင်းစဉ်