အမျိုးသား မြို့ပြမူဝါဒနှင့် ဘဝပစ်မှတ်

mdn

သတင်းဆောင်းပါး - မင်းသိမ်း(နေပြည်တော်)

 

ဘဝရည်မှန်းချက်သည် "ပစ်မှတ်" ပင်ဖြစ်၏။ ပစ်မှတ်မရှိလျှင် ထိချင်ရာထိမှန်သလို တလွဲတချော်လည်း မှန်တတ်ပေ၏။ ရည်မှန်းချက်ရှိသူသည် ခရီးသွားနေသူနှင့်တူ၏။ ခရီးသွား နေသူသည် ခရီးပေါက်သလို ခရီးရောက်ပါသည်။ ရည်မှန်းချက်နှင့် ခရီးသွားလျှင် အဓိပ္ပာယ်ရှိပါသည်။ "သမုဒ္ဒရာထဲ တက်နှင့် ရွက်မပါသော လှေကလေးမျိုး၊" "အဝေးကမြက် ပိုစိမ်းသည်"ဆိုသော အတွေးမျိုး မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပါသည်။

 

ကျွန်တော်သည် အမျိုးသားမြို့ပြမူဝါဒရေးဆွဲရေး ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်နှင့်အညီ ညီလာခံ အကြို အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများမှ တင်ပြချက်များအပေါ် အခြေခံ၍ လက်ရှိဆောင်ရွက်နေမှု ဆောင်ရွက်မည့် အစီအမံများကို သိရှိစေလိုသည့် ရည် ရွယ်ချက်ဖြင့် ဤဆောင်းပါးကို ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။

 

မြို့ပြလုပ်ငန်းစဉ်သစ်

 

၂၀၁၆ ခုနှစ် အောက်တိုဘာလက ကိုလံဘီယာနိုင်ငံ မယ်ဒလင်းမြို့၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ မြို့ပြ ညီလာခံ(HABITAT II) မှချမှတ်ခဲ့သည့် မြို့ပြလုပ်ငန်းစဉ် သစ် New Urban Agenda (၂၀၁၆-၂၀၃၆)ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကကျင့်သုံးဖော်ဆောင်ရန် သဘောတူခဲ့ကြသဖြင့် ယခုအခါ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမြို့ပြမူဝါဒ ချမှတ်နိုင်ရေး၊ မူဝါဒရေးဆွဲရေး ကော်မတီဖွဲ့စည်းကာ ဌာနဆိုင်ရာများပါဝင်သည့် လုပ်ငန်း ကော်မတီများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ပါဝင်မှု၊ ပညာရှင်အဆင့် စီမံကိန်းရေးဆွဲရေးအဖွဲ့၊ လူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တော့မည် ဖြစ်ပါသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ စီးပွားရေးမူဝါဒအမှတ်စဉ်(၉)၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ပန်းတိုင် (Sustainable Development Goals- SDG) နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း Myanmar Sustainable Development Plan- MSDP) တွင် ပါဝင်သည့် 3 Pillars,5 Goals, 28 Strategies, 251 Action Plan များကို အခြေခံကာ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ထပ်တူကျမှုများမှ ရှောင်ရှားနိုင်ရေး ညှိနှိုင်းကြပ်မတ်ပေး မရေးတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ လုပ်ငန်းများတွင် ဆက်စပ်နေသည့် ဥပဒေ၊ မူဝါဒ၊ ဦးစားပေးကဏ္ဍများ မပေါင်းစပ်ပါဝင်လာရေး၊ ဝန်ကြီးဌာနနှင့် အကျိုးသက်ဆိုင် သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည့် ဆွေးနွေးပွဲများကို ပံ့ပိုးဆောင်ရွက်ပေးရေး၊ အမျိုးသား မြို့ပြမူဝါဒ ချမှတ်ဆောင်ရွက်မှုများကို သုံးသပ်ခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်း၊ အစီအစဉ်တစ်လျှောက် အားသာချက်များ၊ အခွင့်အလမ်းများနှင့် ဘေးအန္တရာယ် များအပေါ် ပြန်လည်သုံးသပ်မှုများကို အထောက်အကူ ပေးရေး၊ မြို့ပြစစ်တမ်းများ ကျိုးကြောင်းညီညွတ်မှုရှိစေ ရေး၊ နည်းပညာကျွမ်းကျင်မှုများအဖြစ် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် မိတ်ဖွဲ့အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြီး မူဝါဒနှင့် အကြံပြုချက်များ ရယူရေး၊ မှတ် တမ်းများ၊ အစီရင်ခံစာများကို တစ်နှစ်တစ်ကြိမ် (သို့) နှစ်ကြိမ်ထုတ်ပြန်နိုင်ရေး သက်ဆိုဝ်ရဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်၍ ဆွေးနွေးပွဲများ စာအုပ်ထုတ်ဝေ ဖြန့်ဖြူးရေးတို့ကို အားပေးကူညီရပါ တော့မည်။

 

မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ လူမျိုးရေး တန်းတူမှုဖြင့် မရှိအတူ၊ ရှိအတူအေးတူပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ ကောင်းတူဆိုးဖက် ထာဝစဉ်စည်းလုံး ညီညွတ်စွာ လက်တွဲနေထိုင်ကြမည်ဆိုသည့် သန္နိဋ္ဌာန် ချမှတ်ချက်နှင့်အညီ ဒေသအလိုက် ကြီးထွားရေး အချိုးကျ ဖွံ့ဖြိုးပြီး ဒေသတွင်းရှိ ကုန်ထုတ်စွမ်းအားစုများကို အကျိုး အဖြစ်ထွန်းဆုံး အသုံးချနိုင်ရေးအတွက် စီမံကိန်းများ ရေးဆွဲရပါတော့မည်။

 

ဒေသဖွံ့ဖြိုးမှုစီမံကိန်း

 

ဒေသဖွံ့ဖြိုးမှုစီမံကိန်းကို ရေးဆွဲရာတွင် ပထမအနေ ဖြင့် "ဒေသ"ဆိုသည့် စကား၊ "သတ်မှတ်ထားသည့် အတိုင်း  အတာတစ်ခုအတွင်းတူညီသမှုရှိ၍၊ တစ်ဆက်တစ်စပ်တည်း ရှိသော နယ်ပယ်၊ ဧရိယာတစ်ခု"ဟု နားလည်ပါသည်။ ပြည်နယ်/တိုင်းဒေသကြီးကဲ့သို့သော စီမံခန့်ခွဲမှုဒေသ၊ စီးပွားရေးဒေသ စသည်ဖြင့် နာမဝိသေသနအနေဖြင့် လုပ်ငန်းအလိုက်ဒေသများ သတ်မှတ်ထားရမည်ဖြစ်ပြီး "ဖွံ့ဖြိုးမှု"ကို လေ့လာသည့်အခါ ဖြစ်စဉ် (၄)ရပ် ပါဝင်သည်။ စီးပွားရေး လူမှုရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေး၊ စီမံခန့်ခွဲရေး ဖြစ်စဉ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်ပတ်သက်မှု ရှိသဖြင့် စီမံကိန်းရေးဆွဲရာတွင် ဖွံ့ဖြိုးမှုဖြစ်စဉ် (၄)ရပ်အပြင်  သမိုင်းဖြစ်စဉ် သယံဇာတအားသာချက် အားနည်းချက်၊ အကောင်အထည်ဖော်မည့်ကာလ သတ်မှတ်ချက်၊ နည်းလမ်းတစ်ခုစီ၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်၊ ပန်းတိုင်နှင့် နည်းလမ်းအတွက် နိုင်ငံရေးအတည်ပြုချက်၊ ဦးစားပေး အစီအစဉ်၊ တိုးတက်မှုအခြေအနေ စိစစ်ခြင်း၊ လိုအပ်လျှင် စီမံကိန်းပြုပြင်ခြင်းတို့ကို လုပ်ရပါမည်။

 

ထို့အပြင်တစ်နိုင်ငံလုံးစီမံကိန်းကဏ္ဍအလိုက်စီမံကိန်း၊ ဒေသအလိုက်စီမံကိန်း ဒေသန္တရအလိုက်စီမံကိန်း လုပ်ငန်း၊ စီမံကိန်း စသည်ဖြင့် လုပ်ငန်းသဘောအလိုက် အဆင့်ဆင့် ပြုလုပ်ရန်လိုပါမည်။ မြို့ပြဆိုင်ရာ မူဝါဒအသစ် မြို့ပြကြီးထွားခြင်းသည် ရှောင်လွဲ၍မရနိုင်သည့် ဖွံ့ဖြိုး မှု ဖြစ်စဉ်တစ်ခုဖြစ်ခြင်းကြောင့် မြို့ပြဆိုင်ရာ မူဝါဒအသစ် ဖြင့် မြို့ပြကြီးထွားမှုဆိုင်ရာ ကိစ္စရပ်များကို ဘက်စုံရှုထောင့်စုံမှ ဖြေရှင်းနိုင်မည့်နည်းလမ်း သစ်များကို ရှာဖွေရပါတော့မည်။

 

 NUP ၏ အဓိကအချက်တစ်ခုမှာ နိုင်ငံရေးအရ ရည်ရွယ်သော ပြဋ္ဌာန်းချက်တစ်ခု (သို့) နောင်အနာဂတ်အတွက် သေချာသောလမ်းကြောင်းတစ်ခုအဖြစ် ဆောင် ရွက်နိုင်ရန် ကတိကဝတ်ပြုချက်အဖြစ် သတ်မှတ်ရပါတော့ မည်။ ညီမျှခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ စီမံခန့်ခွဲမှု ဆိုင်ရာ ပေါင်းစည်းဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် ချိတ်ဆက်၍ သဟဇာတဖြစ်စေခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ ထောက်ပံ့မှုများ ပါဝင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်စသည့် NUP ၏ အခြေခံသဘော တရား (၈)ချက်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အသက်ရှင် နေထိုင်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှု၊ မြို့ပြ-ကျေးလက် ချိတ်ဆက်မှု၊ ကျေးလက်-မြို့ပြညီမျှမှုကို ထိန်းသိမ်းဆောင် ရွက်ခြင်း၊ မြေနေရာစီမံကိန်းရေးဆွဲခြင်းအပိုင်းတွင် စွမ်းရည် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ဗဟိုရည်မှန်း ချက်(၆)ရပ်ကို အကောင်အထည်ဖော်ရာတွင် မြို့ပြဖွံ့ဖြိုး တိုးတက်မှုနှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်ရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

 

ယခုအချိန်အခါတွင် လျင်မြန်စွာ ဖြစ်ထွန်းလာသော မြို့ပြအသွင်ကူးပြောင်းမှုဖြစ်စဉ်ကြောင့် အစိုးရအဖွဲ့ အစည်း များ၏ စီမံအုပ်ချုပ်နိုင်သည့် စွမ်းရည်ကန့်သတ်ချက်ရှိလာခြင်း၊ လယ်ယာစိုက်ပျိုးမြေများနှင့် အခြားမြေကွက် လပ်များ အား မြို့ပြအခြေချနေထိုင်ရန် မြေအသုံးချမှုအား ပြောင်းလဲ လိုက်၍ မြို့ပြမြေယာတန်ဖိုးများ မြင့်တက်လာခြင်း၊ မြေယာ ဈေးကွက်အတွင်း ဧကကျယ်လယ်မြေကွက်များနှင့် အခြား စိုက်ပျိုးမြေကွက်များ လွယ်လင့်တကူ ဝယ်ယူခွင့်ရရှိခြင်း ကြောင့် ပြင်းထန်သော အငြင်းပွားမှုဖြစ်ပေါ်ခြင်း၊ စိန်ခေါ်မှု များကို စီမံခန့်ခွဲရန် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြည့်စုံလုံလောက်မှု မရှိခြင်းတို့ကို တွေ့မြင်ကြားသိနေရပါ သည်။ သို့ဖြစ်၍ နယ်မြေဒေသစီမံကိန်းရေးဆွဲချမှတ်မည့်  အာဏာပိုင်အဖွဲ့အစည်းများလိုအပ်ကာမြို့နယ်တစ်ခုလုံး၏ မြေဧရိယာ အလုံးအကျုံးဝင်သည့်မြေနေရာ ချထားသတ် မှတ်မှုအတွက် တာဝန်ယူရပါတော့မည်။

 

 ဒေသဖွံ့ဖြိုးရေးအတွက် အဟန့်အတား

 

အချို့နေရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် အဟန့် အတားကို လေ့လာရာတွင် သီအိုရီဆိုင်ရာ စီးပွားရေး၊ လူမှု ရေး လေ့လာချက်များသည် ယခုထက် ပိုမိုအလေးပေး လေ့လာရန်လိုသလို လက်တွေ့လုပ်ငန်းပိုင်းတွင် တွေ့ကြုံရ မည့် အခက်အခဲများကိုလည်း ပွင့်လင်းမြင်သာစွာ တင်ပြပြီး အဖြေရှာရန်လိုပါမည်။ နည်းဗျူဟာ သတ်မှတ်ရာတွင် လည်း ဒေသအသီးသီးတွင် တူညီသောဖွံ့ဖြိုးရေး (သို့) နှိုင်းယှဉ်အခွင့်သာသည့် ဒေသကို ဇောင်းပေးပြီး ဖွံ့ဖြိုးစေသည့်  နည်းဗျူဟာများရှိရာ မည်သည့်နည်းဗျူဟာကို သုံးစွဲပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတည်နေရာ ရွေးချယ်ရမည့်လုပ်ငန်းသည်လည်း အရေးကြီးပေသည်။ နိုင်ငံရေး အဆုံးအဖြတ်ပေးရာတွင် လိုအပ်သော လေ့လာချက်များကို တတ်ကျွမ်း သူများက ဒေသအသီးသီးနှင့်ယှဉ်ပြီး အခွင့်သာသည့် ဒေသ များကို လုပ်ငန်းအလိုက် လေ့လာတင်ပြပေးရန်လည်း လိုအပ်ပါသည်။ အလားအလာကို အထင်နှင့်လုပ်ခြင်း၊ အခြားဒေသမှာ အလားအလာရှိခြင်း၊ တွက်ခြေကိုက်ခြင်း တို့ကို အဓိက ဦးစားပေးရပါမည်။

 

အဓိကအားဖြင့် ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးမှုကိုကွဲပြားစွာ သိရန် လိုပေသည်။ မိမိတို့နိုင်ငံတွင် ကြီးထွားမှုသာ ဖြစ်ပေါ် လာပြီး ဖွံ့ဖြိုးမှုအပိုင်းက အချိုးမညီဖြစ်နေသည်ကို ခေတ်အဆက်ဆက် တွေ့ရှိခဲ့ရပါသည်။ ဖြစ်ရသည့် အကြောင်း အရင်းမှာ လုံလောက်တိကျသည့် အချက်အလက်များ ရှိမနေခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် အခြေကျ  နေထိုင်နိုင်ရေး ပြင်ဆင်ထားမှုမရှိသေးဘဲ တစ်နေရာတည်း မှလူအများအား အလုံးအရင်းလိုက် ရွှေ့ပြောင်း ခြင်းမျိုး နိုင်ငံတကာတွင် ရှောင်ရှားကြသည်ကို မိမိဝန်ထမ်းဘဝ  အိမ်ရာကဏ္ဍသင်တန်းများ၊ နိုင်ငံများစွာတွင် တက်ရောက် ခဲ့ဖူးရာမှရရှိခဲ့သည့် သင်ခန်းစာတစ်ခုပင် ဖြစ်ပါသည်။

 

ဒေသဖွံ့ဖြိုးရေးချက်မနှင့် ဗဟိုများနှင့် ပတ်သက်၍ လည်း တစ်နိုင်ငံလုံးအဆင့်အတွက် ဖွံ့ဖြိုးရေးချက်မများကို သတ်မှတ်ပြီး ဒေသအဆင့်တွင် ဖွံ့ဖြိုးဗဟိုများက စနစ် တကျ ရွေးချယ်သတ်မှတ်ရန် လိုအပ်ပါသည်။ ဒေသ အဆင့်တွင် လူနေမြို့ရွာကို ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျော ညီထွေမှုဖြစ်ရန် ကြိုတင်ရွေးချယ် အကောင်အထည် ဖော်ပေးဖို့ လိုအပ်ပါသည်။

 

မှန်ကန်သင့်မြတ်သည့် နည်းစနစ်များ

 

မှန်ကန်သင့်မြတ်သည့် နည်းစနစ်များနှင့် ပတ်သက်၍ နိုင်ငံတကာတွင် အသုံးပြုဆောင်ရွက်လျက်ရှိသော စနစ်၊ များကို လေ့လာပြီး မိမိနိုင်ငံ၏ ဖွံ့ဖြိုးမှုစနစ်နှင့် ကိုက်ညီ မည့်စနစ်များကို ရွေးချယ်ခြင်း၊ တီထွင်ခြင်းများကို သုတေ သနပြု၍ သတ်မှတ်ရပါမည်။ သုတေသနပြုရာတွင် စပါယ် ရှယ်စီးပွားရေးလေ့လာမှုဘောင်အတွင်း လုပ်ငန်းတစ်ခု၏ အတိုင်းအတာပမာဏ အလိုက် ဖြစ်ပေါ်လာနိုင်သော အခွင့် အလမ်းသာမှုနှင့် ဆုတ်ယုတ်မှုလုပ်ငန်းတစ်ခုနှင့် တစ်ခု ဆက်စပ်မှုနှင့် ဆင့်ပွားအကျိုးသက်ရောက်မှု၊ ဖွံ့ဖြိုးရေး ချက်မနှင့် ဗဟိုများ၏ အထိရောက်ဆုံး စွမ်းဆောင်နိုင်မှု စွမ်းရည်တို့၏ အဟန့်အတားများနှင့် ဖွဲ့စည်းမှုဆိုင်ရာ ပြဿနာများ၊ ဖွံ့ဖြိုးစနိုင်ငံများတွင် သီးခြားဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာရန်လိုပါမည်။  လူနေ မြို့ရွာပြန့်ပြူးမှုကို ဆောင်ရွက်သည့်နေရာတွင် စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုသော တောနှင့်မြို့တစ်ဆက် တစ်စပ်တည်း ပုံစံမျိုး အပြန်အလှန်အကျိုးပြုသော သဖွံ့ဖြိုးရေးပုံသဏ္ဌာန်ဖြစ်ရေးကို အလေးထား စဉ်းစားရန် လိုပေသည်။

 

အမျိုးသားစီမံကိန်း ထိရောက်အောင်မြင်ရေးသည် ဒေသစီမံကိန်းပေါ်တွင် မူတည်ပါသည်။ ဒေသစီမံကိန်းများ သည် အမျိုးသားအဆင့်၏ လမ်းညွှန်မှုလမ်းကြောင်းပေး မှုများအပေါ် အခြေခံဖို့ လိုပေသည်။ သို့မှသာ ဒေသများ၏ လိုအပ်ချက်နှင့် လက်ရှိအခြေအနေအရပ်ရပ်အရ ဗဟိုမှ စိစစ်ပေါင်းစပ်ပြီးပြဋ္ဌာန်းပေးသော စီမံကိန်းများဖြစ်လာပါ မည်။ စပါယ်ရှယ်စီမံကိန်းဆိုသည်မှာ နိုင်ငံတော်၏ နှစ်တို နှစ်ရှည်စီးပွားရေး ရည်မှန်းချက်များကို ထိရောက် အကောင်အထည်ဖော်နိုင်ရန်အတွက်ဗဟို၏ လိုအပ်ချက် နှင့် ဒေသများ၏လိုအပ်ချက်ကိုပေါင်းစည်းသော စီမံကိန်း ဖြစ်၍ ပေါင်းစပ်စုစည်းပေးမည့် အဖွဲ့ အစည်းတစ်ရပ်တွင် ကျွမ်းကျင်သူအများအပြား လိုအပ်ပြီး ကျွမ်းကျင်သူနှင့် ဆုံးအဖြတ်သူဟူ၍ ပြတ်သားစွာ ပိုင်းခြားထားရန် လိုအပ် ပါသည်။ ကျွမ်းကျင် သူသည် စီမံကိန်းရေးဆွဲရေးကို တာဝန်ခံဆောင်ရွက်ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ တင်ပြ အဆုံးဖြတ်ယူရန်သာ ဖြစ်ပါသည်။ သို့ရာတွင် မူဝါဒနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာ အာဏာပိုင်များထံမှ ရယူရပါမည်။

 

အကျုံးဝင်သော လုပ်ငန်းစဉ်

 

ထို့အပြင် လူနေမှုဘဝ လိုအပ်ချက်အမျိုးမျိုးကို ရောနှောထားသည့် မြေအသုံးပြုမှုစနစ်မျိုး မဟုတ်ဘဲ အစီအစဉ်မကျသည့် ပြန့်ကားမှုမဖြစ်ရေးကိုလည်း သတိ ချပ်ကာ ကမ္ဘာနှင့်အဝန်း တွေ့ကြုံရင်ဆိုင်နေရသည့် စသည့် လူမှုဝန်းကျင်သာယာရေးကိုလည်း အမြော်အမြင် ရှိစွာဖြင့် နောင် ၁၀ နှစ် ၁၅ နှစ်အထိ အကျုံးဝင်သော လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါဝင်ရန်လည်း လိုအပ်ပါသည်။

 

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ဘဝတွင် အရေး ကြီးသော အဆုံးအဖြတ်များကိုပေးသောအရာသည်မိမိတို့ နေ့စဉ်တွေ့ကြုံနေရသော ဖြစ်ရပ်များ မဟုတ်ပါ။ ထိုဖြစ်ရပ်များအပေါ် မိမိတို့ထားရှိသော စိတ်သဘောထား သာလျှင်ဖြစ်၍ ဖြစ်ရပ်များကို တုံ့ပြန်ရာတွင် မှန်ကန်သော သဘောထားဖြင့် တုံ့ပြန်ရန်သာ ဖြစ်ပါသည်။

 

လူဟူ၍ ဖြစ်လာကတည်းက မိမိသည် အခြားသူများ ထက် အလွန်အမင်း နိမ့်ကျခြင်းမရှိသလို အပြတ်အသတ် သာလွန်နေခြင်းမျိုးလည်း မရှိပါ။ သို့ဖြစ်၍ မိမိ၏ လုပ် ဆောင်ချက်များကို မှန်ကန်မှုရှိကြောင်း သေချာအောင် ပထမဆုံးလုပ်ရန်လိုပြီး ထို့နောက်မှ ဆက်လုပ်ခြင်းဖြင့် လိုရာပန်းတိုင်သို့ အချိန်တိုအတွင်း ရေကျောက်ရှိနိုင်မည်ဖြစ် ရာ နောက်တစ်ချိန် အခွင့်အလမ်းအတွက် ဘာလုပ်ရမည် ဆိုသည်ကို စဉ်းစားပြီး အဖြေထုတ်နိုင်ကြပါစေ......။ မျှဝေ ခံစားခြင်းသည် တင်းမာမှုကို လျော့ပါးစေသော်လည်း မိမိလှမ်းမည့် ခြေလှမ်းအပေါ် ပရိသတ်ယုံကြည်ရန်သာ လိုပေသည်။ စခန်းသစ်ဖွင့်လှစ်နိုင်ရန် ဆိုလျှင်တော့ တစ်ဆင့်ပြီးတစ်ဆင့် လှမ်းနိုင်ရန်သာ ကြိုးစားကြပါဟု စေတနာအရင်းခံ၍ တင်ပြလိုက်ရပေသည်။ ။