အမှိုက်ကင်းကွာ ဒို့ကျေးရွာ၊ ကျေးရွာသန့်ရှင်း ရောဂါကင်း

၂၀ ဇန်နဝါရီ

 

ယခုအခါ လူဦးရေတိုးတက်များပြားလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာခြင်းတို့နှင့်အတူ စွန့်ပစ်အမှိုက်ထွက်ရှိမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်ဖြစ်သည့် ပလတ်စတစ်များကြောင့် ပင်လယ်သမုဒ္ဒရာများနှင့် အဏ္ဏဝါဂေဟစနစ်အား ပျက်စီးစေပြီး လူသားတို့၏ကျန်းမာရေးကို ခြိမ်းခြောက်နေသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ်စတစ်အိတ်အလုံးရေ ၅၀၀ ဘီလီယံခန့် အသုံးပြုလျက်ရှိပြီး ပလတ်စတစ်အိတ် တန်ချိန် ကိုးသန်းခန့်သည် ပင်လယ်သမုဒ္ဒရာများအတွင်း ပျံ့နှံ့မျောပါလျက်ရှိသည်။ ကမ်းရိုးတန်း ၁၉၂ နိုင်ငံမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြားသည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ဖြစ်ကြသည်။ ယင်းပမာဏအတိုင်း ဆက်လက်အသုံး ပြုနေပါက၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်သမုဒ္ဒရာများအတွင်း ငါးများထက် ပလတ်စတစ်များ ပိုများလာနိုင်ကြောင်း စစ်တမ်းများက ဖော်ပြထားသည်။

 

ပလတ်စတစ်ပစ္စည်းများကြောင့် လူ့ကျန်းမာရေးနှင့် အဏ္ဏဝါပတ်ဝန်းကျင်အပေါ် ထိခိုက်မူဆိုးကျိုးများ

 

မြန်မာနိုင်ငံတွင် လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်ဒေသများတွင် ပလတ်စတစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြောင်း တွေ့ရှိရသည်။ ပလတ်စတစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ် ခြင်းသည် ကျေးရွာသန့်ရှင်းသာယာလှပမှုကို ထိခိုက် ပျက်စီးစေသည့်အပြင် စားကြွင်းစားကျန်များကို ပလတ်စတစ်အိတ်များထဲတွင်ထည့်၍ စွန့်ပစ်ခြင်းကြောင့် ရောဂါပိုးမွှားများနှင့် ဗက်တီးရီးယားပိုးမွှားများ ပေါက်ပွားကာ လူတို့၏ကျန်းမာရေးကိုပါ ထိခိုက်စေနိုင် သည်။ ထို့အပြင် ပလတ်စတစ်ပစ္စည်းများသည် မြစ်ချောင်းများနှင့် ပင်လယ်သမုဒ္ဒရာများအတွင်း ရောက်ရှိသွားပြီး အဏ္ဏဝါဂေဟစနစ်ကို ပျက်စီးစေခြင်း၊ အထူးသဖြင့် ပလတ်စတစ်အိတ်များသည် ဂျယ်လီငါးနှင့်တူသောကြောင့် ပင်လယ်လိပ်များသည် ၎င်းတို့၏အစား အစာအဖြစ် လွဲမှားစားသုံးမိသဖြင့် သေဆုံးကြရခြင်း၊ ပလတ်စတစ်အိတ်များကြောင့် လယ်ကွင်းများတွင် အမိုး နီးယားဓာတ်ငွေ့ ထွက်ရှိမှု မြင့်တက်လာခြင်း၊ ရွှံ့ညွန်တော များတွင်လည်း ပလတ်စတစ်အိတ်များကြောင့် အောက်ဆီဂျင်ဓာတ်ငွေ့ လျော့ကျစေပြီး သက်ရှိများ ပေါက်ပွားမှု ကိုလည်း ကျဆင်းစေခြင်းတို့ ဖြစ်ပေါ်စေပါသည်။

 

ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရေး၊ ကျေးလက်နေပြည်သူလူထု ပျော်ရွှင် ကျန်းမာစွာ နေထိုင်နိုင်ရေးတို့အတွက် ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးကို ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်အား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

 

ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဆောင်ရွက်ရ ခြင်းရည်ရွယ်ချက်မှာ ကျေးရွာများတွင် ကျေးရွာလူထု အခြေပြုသည့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲရေးစနစ်အား ကျင့်သုံးဆောင်ရွက်တတ်လာစေရန်၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကိုယ့်အားကိုယ်ကိုး ဖွံ့ဖြိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်မှု အားကောင်းလာစေရန်၊ ထိရောက်ကောင်းမွန်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်မှ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်နိုင်စေမှု အလားအလာများကို လျှော့ချပေးနိုင်စေရန် စွန့်ပစ်အမှိုက်များကို ပြန်လည်တီထွင် သန့်စင်အသုံးပြုသည့် စနစ်ကြောင့် သဘာဝသယံဇာတအရင်းအမြစ် ထုတ်ယူသုံးစွဲမှုကို လျော့နည်းစေရန် စသည်တို့ ဖြစ်သည်။

 

အမှိုက်ထွက်ရှိနိုင်သော နေရာများ

 

အမှိုက်ထွက်ရှိသည့် အရင်းအမြစ်များကို လေ့လာရာတွင် အမှိုက်ထွက်ရှိနိုင်သည့်နေရာများမှာ - လူနေအိမ်မှ ထွက်ရှိသောအမှိုက်၊ စီးပွားရေးလုပ်ငန်းမှ ထွက်ရှိသော အမှိုက်(ဈေးဆိုင်၊ စားသောက်ဆိုင်၊ ကျေးရွာဈေး စသည်များ)၊ စက်ရုံ၊ အလုပ်ရုံ (သို့မဟုတ်) ကျေးရွာစက်မှုလက်မှု လုပ်ငန်းများမှ ထွက်ရှိသော အမှိုက်၊ အဖွဲ့အစည်းဌာနများမှ ထွက်သော အမှိုက် (စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဆေးရုံ စသည်များ)၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ရှိသော အမိုက်တို့ ဖြစ်သည်။

 

စွန့်ပစ်အမှိုက်များကို သိမ်းဆည်းသယ်ယူခြင်း

 

ကျေးရွာရှိလူနေအိမ်နှင့် အခြားနေရာမှ ထွက်ရှိသော အမှိုက်များကို အများသုံးအမှိုက်ကန်စနစ်ဖြင့် အမှိုက် စုဆောင်းခြင်းတွင် ရွှေ့ပြောင်းနိုင်သော အမှိုက်ကန်နှင့် မရွှေ့ပြောင်းနိုင်သော အမှိုက်ကန်အမျိုးအစားများကို အသုံးပြုရမည်ဖြစ်ပါသည်။ အမှိုက်ကန်များမှ မကောင်းသောအနံ့ အသက်များ မထွက်စေရေး၊ အမှိုက်များလျှံကျပြန့်ကျဲမှု မရှိစေရေး၊ တိရစ္ဆာန်တို့၏ရန်မှ ကာကွယ်နိုင်ရေးအတွက် သေချာစွာ စနစ်တကျသိုလှောင်ထားသင့်သည်။

 

ကျေးရွာရှိလူနေအိမ်နှင့် အခြားနေရာမှ ယာယီ သိုလှောင်ထားသော အမှိုက်များကို အမှိုက်ကန်သို့ သယ်ယူရန်အတွက် အိမ်တိုင်ရာရောက် အမှိုက်သိမ်းဆည်းခြင်း၊ ခေါင်းလောင်းတီး အမှိုက်သိမ်းဆည်းခြင်း၊ စုပေါင်းအမှိုက် သိမ်းဆည်းခြင်းနည်းလမ်းများဖြင့် သိမ်းဆည်းဆောင်ရွက် နေသည်။ အမှိုက်သိမ်းဆည်းရာတွင် လိုအပ်သော စက်ကိရိယာနှင့် အမှိုက်သိမ်းယာဉ်များရရှိရေးအတွက် ကျေးရွာများတွင် ကျေးရွာသူ ကျေးရွာသားများပါဝင်သည့် ကျေးရွာ အမှိုက်စွန့်ပစ်ရေးကော်မတီများ ဖွဲ့စည်းထားရှိပါသည်။ လမ်းဘေး ဝဲ၊ ယာတွင် အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်းကို လက်တွန်းလှည်း၊ သုံးဘီးမော်တော် ဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် အပတ်စဉ်အမှိုက် ကင်းစင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

ထို့အပြင် ကျေးရွာလမ်းများအား တံမြက်စည်း လှည်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို လည်း ကျောင်းအားလပ်ရက်ဖြစ်သော တနင်္ဂနွေနေ့များတွင် အနာဂတ်၏လူငယ်လေးများဖြစ်သည့် ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာသူ ကျေးရွာသားတို့က စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

စွန့်ပစ်အမှိုက်များကို ပြန်လည်သန့်စင်သုံးစွဲခြင်း

 

စွန့်ပစ်အမှိုက်များကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ခေတ်မီနည်းပညာများကိုအသုံးပြုကာ ပစ္စည်းအသစ် ပြန်လည်ထုတ်လုပ်ခြင်း၊ အမှိုက်များကို ပြန်လည်ပြုပြင် သန့်စင်သုံးစွဲခြင်း၊ ဇီဝနည်းလမ်းများမှတစ်ဆင့် သဘာဝမြေသြဇာပြုလုပ်ခြင်း၊ ဇီဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း၊ စွမ်းအင်အဖြစ်ပြောင်းလဲခြင်း၊ အမှိုက်မီးရှို့ စက်ဖြင့် ဆောင်ရွက်ခြင်း၊ စွန့်ပစ်အမှိုက်များကို အလွှာလိုက် မြေဖုံးအမှိုက်ကျင်းတွင် စွန့်ပစ်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကျေးရွာတွင် အမှိုက်များကို အမှိုက်စိုနှင့် အမှိုက်ခြောက်ဟူ၍ အမျိုး အစားအလိုက် ခွဲခြားစွန့်ပစ်ပါက ပလတ်စတစ်အထူး ဘူးခွံ၊ ဖန်ပုလင်း၊ သတ္တု။ အဝတ်နှင့် အထည်အလိပ်စသည်များကို အမှိုက်ပြန်လည်သန့်စင်စက်ရုံသို့ ရောင်းချခြင်းဖြင့် လည်ပတ်ရန်ပုံငွေ ရရှိနိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နောက်ဆုံးမြေဖို့အမှိုက်ကျင်းတွင် စွန့်ပစ်ရမည့် အမှိုက်ပမာဏ လျှော့ချပေးနိုင်သကဲ့သို့ မြေဖို့အမှိုက် ကျင်း၏ နေရာလိုအပ်ချက်လျှော့ချပေးနိုင်ခြင်း၊ အသုံးပြု သက်တမ်းကြာရှည်စေခြင်းတို့အပြင် အမှိုက်ကျင်း သက်တမ်းကုန်ဆုံးပါက ထိုနေရာတွင် သစ်ပင်များစိုက်ပျိုး နိုင်သည့် အကျိုးကျေးဇူးရရှိမည်ဖြစ်သည်။

 

လုပ်ငန်းလည်ပတ်ကုန်ကျစရိတ်အတွက် ရန်ပုံငွေထူထောင်ခြင်း

 

ကျေးရွာများတွင် အမှိုက်ကင်းစင်ရေးအတွက် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုလုပ်ငန်းကို ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ရန်ပုံငွေအရင်းအမြင်ရရှိ ရေးသည်လည်း အထူးအရေးပါသောကိစ္စရပ်ပင် ဖြစ်ပေသည်။ လိုအပ်သောရန်ပုံငွေရရှိရေးအတွက် ကျေးရွာလူထုထံမှ အိမ်ထောင်စုအလိုက် အမှိုက်သိမ်းဆည်းခြင်း ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကောက်ခံခြင်း၊ သက်ဆိုင်ရာအစိုးရဌာနများသို့ တင်ပြတောင်းခံခြင်း၊ အခြားလူမှုရေးအဖွဲ့အစည်းများထံမှ အကူအညီရယူခြင်း တို့အပြင် အမှိုက်သန့်စင်ခြင်းမှ ပြန်လည်ရရှိသည့် ဝင်ငွေများဖြင့် အမှိုက်ကင်းစင်ရေးလုပ်ငန်းများ၌ သုံးစွဲ ဆောင်ရွက်ရမည် ဖြစ်သည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌဌာနမှ ရည်မှန်းချက်နှင့်အညီ ကျေးရွာလူထုကိုဗဟိုပြုသည့် စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာလူထုကျန်းမာ သန့်ရှင်း ရေးလုပ်ငန်းဖြစ်သည့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ကျေးရွာလူထုက ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကျေးရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားလာခြင်း၊ အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်ထားများ ဆတက်ထမ်းပိုး တိုးတက်လာခြင်း၊ ဒေသအစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် အကောင် အထည်ဖော်ဆောင်ရွက်တတ်မှု အားကောင်းလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသည်။

 

အမှိုက် စီမံခန့်ခွဲရေးနည်းစနစ်အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာပေါင်း ၃၁၂ ရွာတွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆက်လက်၍ ကျေးရွာပေါင်း ၁၁၀၀ ကျော်တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများအားလုံး လိုက်ပါဆောင်ရွက်ခြင်းဖြင့် ကျန်းမာသန့်ရှင်းရောဂါကင်းပြီး အမှိုက်ကင်းစင်သည့် ကျေးရွာများ မလွဲမသွေ ဖြစ်ပေါ်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသား လိုက်ပါသည်။ ။

 

အေးအေးကြူ - ကျေးလက်ဦးစီး

 

ိ်ျ