အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၀ တို့တွင် ကြက်သွန်နီနှင့် ဆက်နွှယ်သည့် အစာအဆိပ်သင့်မှုဖြစ်ပွား

 

ဝါရှင်တန် ၄ ဩဂုတ်


အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၃၀ ကျော်တို့တွင် ဒေသခံပြည်သူ ၄၀၀ နီးပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရသည့်အကြောင်းမှာ ကြက်သွန်နီများနှင့် ဆက်နွှယ်နေကြောင်း ဖက်ဒရယ်ကျန်းမာရေး အာဏာပိုင်များက ပြောကြား ခဲ့သည်။


သေဆုံးသူမရှိ


ကယ်လီဖိုးနီးယားပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက အစာအဆိပ်သင့်မှု ဖြစ်ပွားရသည့် ရင်းမြစ်တစ်ခုဖြစ်နိုင်ကြောင်း အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အတောအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ အော်ရီဂွန်ပြည်နယ်နှင့် ယူတားပြည်နယ်များတွင် လူ ၃၉၆ ဦးအထိ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး လူ ၆၀ နီးပါး ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။ သို့ရာတွင် အစာအဆိပ်သင့်မှုကြောင့်‌ သေဆုံးသူ မရှိခဲ့ပေ။


ပြန်သိမ်းမည်


ကယ်လီဖိုးနီးယားရှိ Thompson International Inc.og Bakershield ကုမ္ပဏီက သန့်ရှင်းလတ်ဆတ်မှု မရှိသည့် ကြက်သွန်နီများ အပါအဝင် ကြက်သွန်များအားလုံးကို ပြန်သိမ်းမည်ဟု အသိပေးခဲ့ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ပြန်လည်သိမ်းဆည်းမည့်အထဲတွင် အနီရောင်၊ အဖြူရောင်၊ အဝါရောင် ကြက်သွန်များပါဝင်ကြောင်း သွန်ပဆင် အင်တာနေရှင်နယ်က ပြောကြားခဲ့သည်။


ကြက်သွန်နီနှင့် ဆက်နွှယ်သည့် အစာအဆိပ်သင့်မှု လက္ခဏာများမှာ ဝမ်းလျှောခြင်း၊ အဖျားတက်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်ပြီး လေးရက်မှ ခုနစ်ရက်အထိကြာအောင် ယင်းလက္ခဏာများ ခံစားရကြောင်း ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာနက ပြောကြားခဲ့သည်။


ပိုမိုပြင်းထန်စွာ ခံစား


အသက်ငါးနှစ်အောက် ကလေးများ၊ အသက် ၆၅ နှစ်ကျော်လွန်ပြီးသူများမှာ ကိုယ်ခံအား နည်းပါးမှုကြောင့် အစာအဆိပ်သင့်သည့် လက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရကြောင်း အဆိုပါအဖွဲ့က ပြောသည်။


အမေရိကန်၌ ဖြစ်ပွားခဲ့သည့် အစာအဆိပ်သင့်မှုကို ကနေဒါ ပြည်သူ့ကျန်းမာရေးအေဂျင်စီက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


အေပီ