အမေရိကန်နိုင်ငံ၌ ကလေးငယ် ၁၀ သန်းကျော် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရ

ဝါရှင်တန် ဇန်နဝါရီ ၂၇

 

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်တွေ့ရှိပြီး နောက်ပိုင်း ကလေးငယ် ၁၀ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးအထူးကု အကယ်ဒမီ (အေအေပီ) နှင့် ကလေးဆေးရုံများအသင်း၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

အမေရိကန်နိုင်ငံ၌ ဇန်နဝါရီ ၂၀ ရက်အထိ ကာလအတွင်း ကလေးငယ်စုစုပေါင်း ၁၀၆၀၃၀၃၄ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်းနှင့် ယင်းအရေအတွက်သည် အမေရိကန်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေစဉ်အတွင်း ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် သိသိသာသာ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကလေးငယ် ၁ ဒသမ ၁ သန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရကြောင်း အမေရိကန် ကလေးအထူးကုအကယ်ဒမီက ပြောကြားသည်။

 

ထို့ကြောင့် အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကလေးငယ် နှစ်သန်းကျော်အထိ ရှိလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ပထမပတ်မှစတင်ကာ သီတင်းတစ်ပတ်လျှင် ကလေးငယ်တစ်သိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်မှာ ၂၄ ပတ်ဆက်တိုက်ရှိခဲ့ကြောင်း အမေရိကန်ကလေး အထူးကုအကယ်ဒမီက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်