အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၉၀,၀၀၀ ကျော်ရှိလာ

၃၀ အောက်တိုဘာ

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကြာသပတေးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၀,၀၀၀ ကျော်ရှိတဲ့အတွက် မှတ်တမ်းသစ်တင်တဲ့နေ့ဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၉၁,၂၉၅ ဦးတွေ့ရှိခဲ့တဲ့အတွက် ပထမဆုံးအကြိမ် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၀,၀၀၀ ကျော် ရှိလာတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၈.၉၄ သန်းရှိတဲ့အတွက် ကမ္ဘာမှာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။

 

၂၄ နာရီအတွင်းမှာ သေဆုံးသူ ၁,၀၂၁ ဦး ရှိတဲ့အတွက် သေဆုံးသူ စုစုပေါင်း ၂၂၈,၆၂၅ ဦးရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ စနေနေ့က ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၈၈,၉၇၃ ဦး နဲ့ မှတ်တမ်းတင်တဲ့ နေ့ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

နိုင်ငံရဲ့ မြောက်အလယ်ပိုင်း ဒေသဟာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု အများဆုံးဖြစ်လာတာကို တွေ့ရပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် ၅ ရက်အလိုဖြစ်ပြီး မဲဆွယ်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန် က သမ္မတ ထရမ့်ရဲ့ ဗိုင်းရပ်စ်ပိုး ကိုင်တွယ်ပုံဟာ မှားယွင်းနေကြောင်းကို အဓိက ထောက်ပြဝေဖန်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP