အမေရိကန်ပြည်ထောင်စု ဆန်ဒီဂိုမြို့တော် ရေတပ်အခြေစိုက်စခန်းရှိ သင်္ဘောတစ်စင်းပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ရာ အမေရိကန်စစ်သား ၂၁ဉီး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်ရေတပ်အရာရှိများက ပြောကြားခဲ့သည်။
သင်္ဘောသား ၁၇ဉီးနှင့် အရပ်သားလေးဉီးတို့သည် ဒေသန္တရ ဆေးရုံတွင် အသက်အန္တရာယ်မစိုးရိမ်ရသော ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေကြောင်း အမေရိကန် ရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
အဆိုပါ မီးလောင်မှုသည် တနင်္ဂနွေနေ့ နံနက် ၉နာရီအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးလောင်နေပြီး မီးခိုးများ ဖုံးလွှမ်းနေသည့် သင်္ဘောပုံများနှင့် သင်္ဘောပေါ်ရှိ မီးသတ်သမားများက မီးငြိှမ်းသတ်ရန် ကြိုးစားနေပုံများကို ဓာတ်ပုံများတွင် ပြသလျက်ရှိသည်။
ပေါက်ကွဲသံများကို ကြားရကြောင်း မီဒီယာအချို့က ဖော်ပြထားသည်။
အဆိုပါ သင်္ဘောသည် ဂျပန်နိုင်ငံအနောက်ပိုင်း ဆာဆီဘို ရေတပ်အခြေစိုက်စခန်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တပ်စွဲထားခဲ့ပြီး ယခုအခါ ဆန်ဒီဂိုရေတပ်စခန်းတွင် ဆိုက်ကပ်ထားခြင်းဖြစ်သည်။
ဒဏ်ရာရရှိသည့် ဝန်ထမ်းများမှာ ဆေးကုသမှု ခံယူနေကြောင်း ဒေသန္တရမီးသတ်တပ်ဖွဲ့ကပြောကြားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်