အမေးလေးထွေ အဖြေလေးရပ် တရားမြတ်

ခိုင်မြဲသူယျ


မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ရှိ ဓမ္မာသနပလ္လင်တော်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသည်။ ထိုအချိန်အခါတွင် နတ်သားတစ်ပါး သည်မြတ်စွာဘုရားကိုရှိခိုးဦးတင်ပြီး မေးလျှောက်လာ၏။ 
"ဘုန်းတော်ကြီးမြတ်တော်မူလှပါသော မြတ်စွာဘုရား
(၁) အိုသည်အထိကောင်းသောအဆင်တန်ဆာသည်အဘယ်ပါနည်း။
(၂) လူတို့၏ခန္ဓာကိုယ်တွင် ကိန်းတည်သည့်တရားတွင် အဘယ်တရားသည်အကောင်းဆုံးပါနည်း။
(၃)လောကတွင် အကောင်းဆုံးရတနာသည်အဘယ်ပါနည်း။ 
(၄) သူခိုး ဓားပြတို့ခိုးယူ၍ မရနိုင်သော ပစ္စည်းကားအဘယ်ပါနည်း ဘုရား"။ ထိုသို့နတ်သား မေး လျှောက်သော အမေးလေးထွေကို မြတ်ဗုဒ္ဓပရမေက ဤသို့ ဖြေကြားတော်မူလေ၏။ 
"နတ်သား - 
(၁) အိုသည်အထိကောင်းသော အဆင်တန်ဆာသည် သီလဖြစ်သည်။ 
(၂) လူတို့၏ခန္ဓာကိုယ်တွင် ကိန်းတည်သည့်တရား တွင် သဒ္ဓါတရားသည် အကောင်းဆုံးဖြစ်သည်။
(၃) လောကတွင် အကောင်းဆုံးရတနာသည် ပညာ ရတနာဖြစ်သည်။
(၄) သူခိုး ဓားပြတို့ ယူ၍မရနိုင်သော ပစ္စည်းကား ကုသိုလ်တရားသာ ဖြစ်သည်" ဟု နတ်သား၏ လျှောက်ထားချက်ကို မြတ်စွာဘုရားက ဖြေတော်မူခဲ့သည်။ ယင်းအသည်ကား နတ်သားပင်မက လူတို့ အစဉ်အဆက် မှတ်သားလိုက်နာရမည့် တရားဒေသနာ တော်မြတ်ဖြစ်ခဲ့လေသည်။
အိုသည်အထိ ကောင်းသောအဆင်တန်ဆာ ဖြစ်သည့် သီလဟူသည်မှာ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး စသော
ဆောက်တည်ကျင့်သုံးအပ်သည့် သီလများဖြစ်၏။ သီလစောင့်ထိန်းခြင်းဖြင့် အိုသည်အထိပင်မကသံသရာ တစ်လျှောက်လုံး ချမ်းသာသုခရနိုင်ပြီး နိဗ္ဗာန်သို့ပင် ခရီးပေါက်စေနိုင်ပေသည်။

ထူးခြားထက်မြက်သော ယုံကြည်မှုသဒ္ဓါတရားသည် ပတ္တမြားနှင့်တူ၏။ “ပတ္တမြား ဆန်ကျိုး၊ အဖိုး ပြည်တန်” ဟူသော စကားရှိသည်။ ပတ္တမြားသည် အလွန်ထူးမြတ်
သော ရတနာတစ်ပါးဖြစ်သည့်အတိုင်း လုံးကြီး လုံးကောင်း ၊ပတ္တမြားတို့ကို မဆိုထားဘိ၊ အသေးအဖွဲ ပတ္တမြားသည်ပင် ပြည်တန်ကြောင်း ပတ္တမြားတန်ဖိုးကို ဖော်ညွှန်းကြ၏။ ထို့ကြောင့် အလွန်တန်ဖိုးရှိသော ပတ္တမြားရတနာနှင့် နှိုင်းယှဉ်လျက် တန်ဖိုးထက်မြက်လှပြီး လောဘ၊ ဒေါသ၊ မောဟတရားတို့ကို ပယ်ဖျက်နိုင်သော ယုံကြည်မှုသဒ္ဓါ တရားကို မိမိခန္ဓာကိုယ်တွင် ကိန်းတည်တိုးပွားအောင် ကြိုးစားရမည်။ လူတို့ ခန္ဓာကိုယ်တွင် တည်ကိန်းသည့်တရားများအနက် အကောင်းဆုံးတရားမှာ သဒ္ဓါတရားသာလျှင်ဖြစ်ကြောင်း မြတ်ဘုရားက မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်သည်။

ရတနာတို့တွင် စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားစသော ရတနာ၊ သားသမီးရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ စသည်ဖြင့် ရတနာအမျိုးမျိုးရှိရာတွင် လောက၌ အမြတ်ဆုံးနှင့် အကောင်းဆုံးသောရတနာမှာ ပညာရတနာသာ ဖြစ်ပေသည်။ ပညာတွင် လောကီပညာ၊ လောကုတ္တရာပညာ ဟူ၍ နှစ်ပိုင်း နှစ်ကဏ္ဍ ရှိပေ၏။ ခေတ်လူငယ်များ သင်ကြားနေသော အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာ စသည်တို့သည် လောကီပညာဖြစ်ပြီး စားဝတ်နေရေး၊ လူမှုရေးတို့ကို ကြီးပွားတိုးတက်အောင် အထောက်အကူပြုပေသည်။ လောကုတ္တရာပညာသည်ကား မဂ်တရား၊ဖိုလ်တရား နိဗ္ဗာန်သို့ရောက်သည်အထိ ညွှန်ပြသည့် တရားများဖြစ်ပေသည်။ ။

လူ၏ခန္ဓာကိုယ်တွင် အနှစ်သာရမရှိပုံကို ငှက်ပျောတုံးနှင့် ဥပမာနှိုင်း၍ ပြောဆိုကြ၏။ ငှက်ပျောပင်ကိုတစ်လွှာ၊ ချင်းခွာလိုက်ပါက နောက်ဆုံး အလယ်၌ မည်သည့်အနှစ်သာရကိုမျှ မတွေ့ရပေ။ ထိုသို့ပင် လူ့ခန္ဓာကိုယ်သည်လည်း ၊အနှစ်မဲ့ကြောင်း နှိုင်းဆတွေးတောလျက် လောကုတ္တရာ ပညာဖြင့် ပြောဆိုနိုင်ကြ၏။ တစ်ဖန် ခန္ဓာကိုယ်ကို ဝိပဿနာဉာဏ်ဖြင့် ရှုလိုက်သည့်အခါ အနှစ်သာရမရှိဘဲ အနိစ္စလက္ခဏာသာ ပေါ်ပေါက်လာမည်။ ထိုမှတစ်ဆင့် သမ္မာဒိဋ္ဌိမဂ္ဂင် မှန်ကန်သောအမြင်ရတနာဖြင့် ဝိပဿနာ
ရှုလျှင် မဂ်ဖိုလ်နိဗ္ဗာန်အထိ ခရီးပေါက်သွားနိုင်သည် ဆိုသည်ကို လောကုတ္တရာပညာက ဦးဆောင်လမ်းညွှန်မှု ပေးလျက်ရှိသည်။ ထို့ကြောင့် မဂ်ပေါက် ဖိုလ်မြင် နိဗ္ဗာန်သို့ ဝင်သည်အထိ အကျိုးပြုသော ပညာရတနာကို လူတိုင်း၏ နှလုံးသားဝယ်ပိုမိုများပြားလာစေရန် ကြိုးစားအားထုတ်ကြရပေမည်။

တစ်ဖန် သူခိုး ဓားပြတို့ မည်သည့်နည်းနှင့်မျှ ယူ၍ မရသော ပစ္စည်းတစ်မျိုး ရှိပေသည်။ ယင်းကား ကုသိုလ်တရားပင် ဖြစ်သည်။ တရားပွဲတစ်ခုတွင် တရားဟောပုဂ္ဂိုလ်သည် ဓမ္မဒေသနာကုသိုလ်ရရှိပြီး တရားနာယူကြသော ဒါယကာ၊ဒါယိကာမတို့သည် ဓမ္မသာဝနကုသိုလ်ကို ရရှိကြ၏။ ဥပုသ်နေ့ရက် အခါဖြစ်၍ သံဃာတော်အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ်ကို ရရှိကြပြီး ငါးပါး၊ ရှစ်ပါး၊ ကိုးပါး စသောသီလကို ဆောက်တည်လျက် ဝိပဿနာတရားပွားများအားထုတ်ခြင်းဖြင့် သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ကိုရရှိကြ၏။ ထို့ကြောင့် မိမိတို့ လက်ဝယ်ပိုင်ပိုင်ရရှိနေကြသော ဒါန၊ သီလ၊
ဘာဝနာကုသိုလ်အစုစုတို့သည် ကိုယ်ပိုင်ဥစ္စာများဖြစ်၍ ၊ သူခိုး ဓားပြတို့ အနိုင်အထက်ပြုပြီး ခိုးယူလုယက်၍မရသော ပစ္စည်းများဖြစ်ပေသည်။ ကုသိုလ်တရားများသည် မိမိ၏နောက်တွင် အရိပ်သဖွယ် အမြဲလိုက်ပါနေကြသည်။ လောကီကုသိုလ်အကျိုးအားဖြင့် လူ၊ နတ်၊ ဗြဟ္မာ ချမ်းသာအကျိုးကို ရရှိကြမည်ဖြစ်ပြီး လောကုတ္တရာ ကုသိုလ်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာသုခကို ရရှိကြမည် ဖြစ်သည်။

မိမိပြုထားသော ကုသိုလ်တရား မိမိနောက်သို့ အရိပ်ပမာ ထက်ကြပ်မကွာ လိုက်ပါနေသော ကုသိုလ်ရှင်သည် ကွယ်လွန်သည့်အခါ နိဗ္ဗာန်သို့ မရောက်သေးသမျှ သံသရာဘဝတွင် လူ၊ နတ်ချမ်းသာဘဝကို ရရှိ၏။ နတ်ဖြစ်လျှင် ဘုံဗိမာန်အဆင်သင့်၊ လူဖြစ်လျှင် အဆင့်အတန်းမြင့်၍ ချမ်းသာသည့် မိဘများ၏ဝမ်းတွင် ဝင်စားပြီး စည်းစိမ်ချမ်းသာ တိုက်တာ၊ ကား စသည်ဖြင့် ခံစားနေနိုင်မည် ဖြစ်သည်။

ထို့ကြောင့် မြတ်စွာဘုရား၏ အဖြေလေးရပ်ဖြစ် သည့် ထူးမြတ်သော ဒေသနာဖြစ်သည့် သီလ၊ သဒ္ဓါ၊ ပညာ ရတနာနှင့်ကုသိုလ်ဥစ္စာတို့ကို မှတ်သားလိုက်နာလျက် မိမိတို့ အသက်ရှင်နေဆဲ၊ ကျန်းမာနေဆဲ အချိန်ရှိခိုက် တွင် ရှာဖွေကျင့်သုံးပြီး သံသရာခရီးလမ်းအတွက် ကြိုးပမ်းပြင်ဆင်ထားကြရပေမည်။ 
ကြေးမုံ