အမေဇုန် ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဖုန်းတွေရှိ TikTok အက်ပလီကေးရှင်း ဖျက်ရန် ညွှန်ကြားထား

၁၂ ဇူလိုင်

 

အမေဇုန်ကုမ္ပဏီဝန်ထမ်းတွေရဲ့ ဖုန်းတွေမှာရှိတဲ့ TikTok အက်ပလီကေးရှင်းအား ဖျက်ရန် သောကြာနေ့က ညွှန်ကြားထားကြောင်း သိရပါတယ်။ TikTok အက်ပလီကေးရှင်းဟာ လုံခြုံရေးစိုးရိမ် ရတဲ့အတွက် အခုလို ညွှန်ကြားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေဇုန်ဝန်ထမ်းတွေဟာ TikTok ကို လက်ပ်တော့ကွန်ပျူတာကနေ အသုံးပြုနိုင်ပေမယ့် စမတ်ဖုန်းတွေမှာ TikTok ရှိရင် ကုမ္ပဏီအီးမေးလ်ကို ဝင်ခွင့်မရတော့ကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

ကုမ္ပဏီအီးမေးလ်ကို စမတ်ဖုန်းကနေတစ်ဆင့် ဝင်ရောက်တယ်လို့ စိုးရိမ်တဲ့အတွက် ဖြစ်ကြောင်း ကုမ္ပဏီတွင်း ဖြန့်ချိတဲ့ စာမှာ ရေးသားထားပါတယ်။

 

TikTok ရဲ့ ပြောခွင့်ရသူအမျိုးသမီးက အက်ပလီကေးရှင်းအသုံးပြုသူတွေရဲ့ လုံခြုံရေးဟာ အထူး အရေးကြီးကြောင်း၊ အမေဇုန်ကုမ္ပဏီက သူတို့ကုမ္ပဏီတွင်းမှာ အီးမေးလ် မဖြန့်ခင်မှာ TikTok ကို ဆက်သွယ်ခြင်းမရှိကြောင်း၊ အမေဇုန်ရဲ့ စိုးရိမ်ကြောင်း ပြောဆိုမှုကိုလည်း နားမလည်ကြောင်း၊ အမေဇုန်အနေနဲ့ TikTok ကို ဆက်လက် သုံးစွဲလို့  အခက်အခဲဖြစ်ခဲ့မယ်ဆိုရင် ဆွေးနွေးပေးဖို့ အဆင်သင့် ရှိကြောင်း ပြောပါတယ်။

 

အမေဇုန်ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိကြောင်း သိရပါတယ်။

 

အမေရိကန် လွှတ်တော်အမတ် အချို့က TikTok ကနေ တရုတ်အစိုးရဆီ အချက်အလက်တွေ ပေါက်ကြားမှာကို စိုးရိမ်းကြောင်း ပြောဆိုနေပါတယ်။ အမေရိကန်သမ္မတက ပြီးခဲ့တဲ့သီတင်းပတ်က TikTok သုံးစွဲခြင်းကို တားမြစ်မယ်လို့ ပြောခဲ့ဖူးပါတယ်။

 

အိန္ဒိယနိုင်ငံက TikTok အက်ပလီကေးရှင်းအပါအဝင် အက်ပလီကေးရှင်း ၅၉ ခုကို နိုင်ငံတွင်းမှာ သုံးစွဲခွင့် ပိတ်ပင်ခဲ့ပြီးဖြစ်ပါတယ်။

 

MDN

ကိုးကား-AFP