အများပြည်သူအတွက် ပေါင်းကူးတံတားအဖြစ် ရပ်တည်ပေးနေသည့် ပြန်ကြားရေးဝန်ကြီးဌာန

mdn

တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ သိမ့်သိမ့်မိုး၊ ဓာတ်ပုံ - မေဦးမိုး

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 04, 2019

ပြည်သူက တစ်ခဲနက် ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင် သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲလုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများ အတွက် ကြိုးပမ်းဆောင်ရွက်မှု များကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အလိုက် မှတ်တမ်းပြု တင်ပြအပ်ပါကြောင်း။

 

ပြည်သူအတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့် ဆောင်ပုဒ်နှင့် အညီ ပြည်သူများအတွက် သတင်းအချက်အလက်များ ပေးအပ်ခြင်း၊ အသိပညာများ ဖြန့်ဝေခြင်းနှင့် ပြည်သူများစိတ်အပန်းပြေစေရေး ရည်ရွယ်၍ ဦးတည်ဆောင်ရွက်လျက်ရှိသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ အစိုးရသက်တမ်း တတိယ (၁)နှစ် တာအတွင်း ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့အား တွေ့ဆုံမေးမြန်း ထားပါသည်။

 

ဒေါက်တာဖေမြင့် ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန

 

မေး။ ။ အများပြည်သူနဲ့ မဏ္ဍိုင်ကြီးသုံးရပ် အကြား ဆက်ဆံပေါင်းကူးလျက်ရှိတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်များနဲ့ ဝန်ကြီးဌာနအကြောင်း မိတ်ဆက် ပြောကြားပေး စေလိုပါတယ်ရှင့်။

 

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာကတော့ အစိုးရနဲ့ပြည်သူကြားမှာ ဆက်သွယ်ပေါင်းကူး ပေးနေတဲ့ ဌာနဖြစ်ပါတယ်။ အဓိကဆောင်ရွက်တဲ့ လုပ်ငန်း တာဝန်တွေက အများပြည်သူကို သတင်းအချက်အလက်တွေ ပေးတယ်။ အများပြည်သူ အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူ ပြုတဲ့အလုပ်တွေကိုလုပ်ပေးတယ်။ အများပြည်သူအတွက် ဖျော်ဖြေမှုတွေ တင်ဆက်ပေးတယ်။ အထူးသဖြင့် နိုင်ငံရဲ့မဏ္ဍိုင် အသီးသီးမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အများပြည်သူကြားမှာ ထိတွေ့မှု ရှိဖို့နဲ့ အများပြည်သူအချင်းချင်းလည်း ထိတွေ့ ပြီးတော့ အတွေးအမြင် အယူအဆတွေ ဖလှယ်နိုင်ဖို့၊ စိတ်ကူးစိတ်သန်းတွေ မျှဝေနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

 

ဒီလိုလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နိုင်ဖို့အတွက် ဝန်ကြီးဌာနရဲ့အောက်မှာ ဌာနကြီးလေးခု ရှိပါတယ်။ ဌာနကြီးလေးခုနဲ့ ဝန်ကြီးရုံးဌာနပေါင်းစပ်ပြီး တာဝန်တွေကို ထမ်းဆောင်ပါတယ်။ ဌာနလေးခုကတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနနဲ့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ဖြစ်ပါတယ်။

 

မေး။ ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ သမိုင်း ကြောင်းနဲ့ လက်ရှိဆောင်ရွက်နေတဲ့ တတိယ (၁)နှစ်တာအတွင်းက တိုးတက်မှုတွေကိုလည်း ရှင်းပြပေးပါရှင့်။

 

ဖြေ။ ။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို အရင်တုန်းကတော့ မြန်မာ့အသံဆိုပြီး လူသိများ ပါတယ်။ မြန်မာ့အသံအနေနဲ့ နဂိုမူလကရေဒီယို ထုတ်လွှင့်တဲ့ အလုပ်တစ်ခုအနေနဲ့ စတင်ခဲ့တာ ဖြစ်ပါ တယ်။ နောက်ပိုင်းမှာ ရုပ်မြင်သံကြားပေါ်လာတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖြစ်လာပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ဒီဌာနရဲ့အလုပ်သည် နည်းပညာတွေ ပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲ နေတယ်ဆိုတဲ့ အနေအထားကိုတွေ့ရပါတယ်။ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လိုက်ပါပြီး ပြောင်းလဲနိုင်ဖို့လိုတယ် ဆိုတာကိုလည်း တွေ့ရတယ်။

 

နိုင်ငံတကာမှာက ရုပ်သံထုတ်လွှင့်တဲ့အလုပ်မှာ နည်းပညာအသစ်တွေ အများကြီးပေါ်ထွက်နေပြီး ဆောင်ရွက်နေတာတွေရှိပါတယ်။ ရိုက်ကူးထုတ်လွှင့် လိုက်တာ ကို ပြန်ဖမ်းယူကြည့်ရှုတဲ့နေရာမှာလည်း ပစ္စည်းအသစ်တွေ၊ နည်းစနစ် အသစ်တွေ ပေါ်လာနေပါတယ်။ ဒါကို ကျွန်တော်တို့လည်းပဲ ဆက်လက်ပြုပြင်ပြောင်းလဲပြီး ဆောင်ရွက်နေဖို့ လိုအပ်သလို၊ ပြောင်းလဲဖို့ဆောင်ရွက်တဲ့အခါမှာ နည်းပညာ အသစ်တွေရယူဖို့ လိုပါတယ်။ စက်ပစ္စည်းကိရိယာအသစ်တွေလည်း ရဖို့လိုတယ်။ ဒါတွေက ငွေကြေးအကုန်အကျများတဲ့ကိစ္စတွေဖြစ်ပါတယ်။

 

သို့သော် ကျွန်တော်တို့အနေနဲ့ ဘဏ္ဍာငွေကြေးပိုင်းမှာ အကန့်အသတ်တွေ ရှိနေတော့ ရှိတဲ့ အခြေအနေ ကြားကနေ တိုးတက်အောင်ဆောင်ရွက်ရပါတယ်။ ဆောင်ရွက်တဲ့အခါမှာ ကိုယ်တိုင် စွမ်းအားနဲ့ ဆောင်ရွက်တာတွေရှိတယ်။ အခြားမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ကူညီမှုတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ရတာတွေလည်း ရှိပါတယ်။

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ အစိုးရရဲ့တတိယ(၁)နှစ်တာအတွင်း အခြေခံ အဆောက်အအုံ ပိုင်းနဲ့ ပတ်သက်တဲ့ စက်ပစ္စည်းကိရိယာတွေ၊ နည်းပညာသုံးပစ္စည်းတွေ တိုးတက်အောင် ဆောင်ရွက်ထားရတဲ့ အထဲက ဥပမာနှစ်ခုလောက်ပြောချင်ပါတယ်။

 

အဆင့်မြှင့်တင်

 

တစ်ခုကတော့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ စတူဒီယို (၁)ဆိုတာ ရှိပါတယ်။ ဒါက နဂိုမူလတုန်းက အလုပ်တွေ အများကြီးလုပ်ခဲ့တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒီစတူဒီယို(၁)ဟာ ယခုအခါမှာတော့ ဟောင်းနွမ်းပြီး အလုပ်မလုပ်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ အဲဒီခန်းမကြီးကို ခေတ်မီအောင် ပြန်လည်ပြင်ဆင်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ မကြာခင်မှာ ပြီးစီးတော့မှာ ဖြစ်ပါတယ်။ပြုပြင်တဲ့အခါ ရိုက်ကူးရေး နည်းစနစ်တွေ၊ ကင်မရာတွေကအစ၊ မီးအလင်း အမှောင်၊ အရောင်စနစ်တွေ၊ အသံစနစ် စတာတွေအားလုံး စက်ပစ္စည်းကိရိယာအသစ်တွေ အားလုံးထည့်သွင်းပြီး ရိုက်ကူးမယ့် နည်းစနစ် အသစ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။

 

ပြီးစီးသွားခဲ့ရင်တော့ သွားလာရလွယ်ကူတဲ့အတွက်ကြောင့် ရန်ကုန်မှာ အခြေစိုက်နေထိုင်ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ အစီအစဉ်အသစ်တွေ များများစားစား ရိုက်ကူး ထုတ်လုပ်လာနိုင်တော့မှာဖြစ်ပါတယ်။

 

ဒါကအခြေခံအဆောက်အအုံပိုင်းမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရင်းနဲ့ အစီအစဉ် ထုတ်လုပ်မှုအပိုင်းမှာ ပိုပြီးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်တဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တွေလည်း အတော် များများ တိုးတက်ပြီးတော့ လုပ်ခဲ့တာ ရှိပါတယ်။ အများပြည်သူ စိတ်ဝင်စားတဲ့ အခမ်း အနားတွေ၊ အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးခဲ့ပြီး ဥပမာပြောရရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်များစကားဝိုင်း ကျင်းပတာ ရှိပါတယ်။ပြည်နယ်နေ့ အခမ်းအနားတွေ ကျင်းပတာ ရှိပါတယ်။ (၂၁) ရာစုပင်လုံနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ အရေးကြီးတဲ့ကိစ္စတွေကို တိုက်ရိုက်ထုတ်လွှင့်ပေးတာရှိပါတယ်။ လူအများစိတ်ဝင်စားတဲ့ ဘောလုံးပွဲတွေ၊ အားကစားပွဲတွေ၊ ဂီတဆိုင်ရာဖျော်ဖြေပွဲတွေစသည်ဖြင့် တိုက်ရိုက်ထုတ်လွှင့်တာလည်း ရှိပါတယ်။ အခုနှစ်မှာ အရင်နှစ်ကထက်စာရင် အရေအတွက် အားဖြင့် ပိုတိုးလာတယ်။ လူတွေကလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ပိုစိတ်ဝင်စားလာတယ်။ ဒါကို တိုးတက်ဆောင်ရွက်မယ်ဆိုရင်လည်း လူအင်အားရော၊ ပစ္စည်းအင်အားရော ပိုပြီးလိုအပ်ပါ တယ်။

 

အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့၊ နယ်တွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသများအထိ သွားရောက်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တွေ လုပ်ကိုင်နိုင်မယ့်၊ လုပ်ကိုင်တဲ့နေရာမှာ အသုံးပြုနိုင်မယ့် DSNG ရိုက်ကူးထုတ်လွှင့်ရေးယာဉ် သုံးစီး မကြာမီက ဖြည့်တင်းခဲ့ပါတယ်။ ဒါကြောင့် လာမယ့်နှစ်မှာဆိုရင် တိုက်ရိုက် ထုတ်လွှင့်မယ့် အစီအစဉ်တွေ ဒီထက်မက တိုးတက်ပြီး လုပ်ကိုင်လာနိုင်ဖို့ရှိပါတယ်။

 

မေး။ ။ ပြည်တွင်းပုဂ္ဂလိက ရုပ်သံလုပ်ငန်းတွေ ဖွံ့ ဖြိုးစေဖို့ ဆောင်ရွက်ချက်တွေကိုလည်း သိပါရစေရှင့်။

 

ဖြေ။ ။ ဌာနရဲ့လုပ်ငန်းများ တိုးတက်ဖို့အတွက် ဆောင်ရွက်ရတာ ရှိသလို တစ်ချိန်တည်းမှာ နိုင်ငံအတွင်း ရုပ်သံလုပ်ငန်း တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ တာဝန်ဖြစ်ပါတယ်။ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများလုပ်ကိုင်ခွင့်ရရေးနဲ့ ဖွံ့ ဖြိုးတိုးတက် လာရေး ဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးကတည်းက ပုဂ္ဂလိက ရုပ်သံလိုင်း အသစ်တွေ ဖန်တီးပေး နိုင်ဖို့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ရုပ်သံလိုင်း ငါးလိုင်းကိုမြန်မာ့ အသံရဲ့ ထုတ်လွှင့်ရေး စနစ်ထဲကနေ ထုတ်လွှင့်နိုင်ဖို့ စီစဉ်ပေးတာဖြစ်ပါတယ်။

 

ရုပ်သံလိုင်းငါးခုအတွက် ဆောင်ရွက်မယ့်လုပ်ငန်းငါးခုကို စိစစ်ရွေးချယ်ပေးခဲ့ပြီး ဒီငါးခုသည်ပြီးခဲ့တဲ့ နှစ်အတွင်း တစ်ခုပြီးတစ်ခု လုပ်ငန်းလည်ပတ်ပြီး ရုပ်သံထုတ်လွှင့်တဲ့ အလုပ်တွေလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

 

မေး။ ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ အောင်မြင်တဲ့ ပွဲတော်ဖြစ်တဲ့ ကလေးစာပေပွဲတော်တွေနဲ့ အခြားဆက်စပ်ပွဲတော်တွေ၊ အခမ်းအနားတွေ ကျင်းပနေခြင်း အကြောင်းကိုလည်း သိရှိလိုပါတယ်။

 

ဖြေ။ ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပတ်သက်ရင် ကလေးစာပေ ပွဲတော်တွေ ကျင်းပတာ လူအများသိကြပါတယ်။ ကလေးစာပေပွဲတော်တွေကို ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က စပြီး ကျင်းပခဲ့ပါတယ်။ အခုနှစ်အတွင်းမှာအရှိန်အဟုန်နဲ့ ဆက်လက် ကျင်းပခဲ့ပါတယ်။ ပွဲတော်ကြီးတွေ ကျင်းပတာ ရှိတယ်။ ဒေသအလိုက်ဆောင်ရွက်နိုင်တဲ့၊ အတိုင်းအတာပေါ် မူတည်ပြီးကျင်းပတဲ့ ကလေးစာပေပွဲတော်တွေလည်း ရှိပါတယ်။ နိုင်ငံတော်အဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် စသည်ဖြင့် သတ်မှတ်ပြုလုပ်ပါတယ်။

 

နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ပေါင်းကိုးပွဲ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ခရိုင် အဆင့် ၅၇ ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း မြို့နယ်အဆင့် ကလေးစာပေပွဲတော်တွေ ဆက်လက် ကျင်းပပေးဖို့ရှိပါတယ်။ ကလေးစာပေပွဲတော်တွေ ကျင်းပရာမှာ ပူးပေါင်း ပါဝင်ရင်းနဲ့ ကျွန်တော်တ နည်းတူ စိတ်အားထက်သန်လာတဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များက သူတို့ နေရာတွေမှာ ပိုကျယ်ပြန့်အောင် တိုးချဲ့ဆောင်ရွက်နိုင်ဖို့ လုပ်ပေးကြတာ ရှိပါတယ်။ စေတနာရှင် တွေက ပံ့ပိုးကူညီတာတွေလည်း ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ တိုင်းဒေသကြီးအစိုးရကနေ တိုင်းဒေသကြီးအတွင်းက မြို့နယ်၂၆ မြို့နယ်မှာ တစ်မြို့နယ်ကို သိန်း ၃၀ ရန်ပုံငွေချထား သတ်မှတ်ပေးပြီး ကလေး စာပေပွဲတော်တွေ ကျင်းပဖို့ရှိတာသိရပါတယ်။ ဆိုချင်တာက ကလေးစာပေပွဲတော်တွေကို တဖြည်းဖြည်းစိတ်ဝင်စားမှုများပြီးတော့ အောင်မြင်နေတယ်ဆိုတာ ကို ပြောချင်တာဖြစ်ပါတယ်။

 

ဝန်ကြီးဌာနပေါင်းစုံလက်တွဲပါဝင်လာ

 

ပြီးခဲ့တဲ့နှစ် နိုင်ငံတော်အဆင့် ပွဲကြီးများအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် တက္ကသိုလ်၊ ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ်တို့မှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံတော် အဆင့်ပွဲတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနအပြင် အခြား ဝန်ကြီးဌာန တွေလည်း ပူးပေါင်းပါဝင်ပါတယ်။ ကလေးစာပေပွဲတော် ကျင်းပကတည်း ကကျွန်တော်တို့နဲ့ တောက်လျှောက် လက်တွဲလာတာကတော့ ပညာရေးဝန်ကြီး ဌာနဖြစ်ပါတယ်။ အဲဒီနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွေ ပါဝင်လာခဲ့ပါတယ်။ ဒီ့အပြင် ကျင်းပတဲ့မြို့ရွာ၊ တိုင်းဒေသကြီး၊ ပြည်နယ်များက တောက်လျှောက် ပါဝင်ပါတယ်။ အဲဒီလိုပါဝင်တဲ့အတွက်ကြောင့် စည်စည်ကားကား အောင်အောင်မြင်မြင် ဖြစ်ပါတယ်။

 

ကလေးစာပေပွဲတော်နဲ့ ဆင်တူရိုးမှား ဒါကိုပဲတိုးချဲ့ ပြီး လုပ်နေတာအချို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးမှာ လူငယ်ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်ကျင်းပခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသား လူငယ်များ အဆင့် စာပေအပါအဝင် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး လုပ်ပါတယ်။ အားကစားပြိုင်ပွဲတွေ လုပ်တယ်။ စာပေပွဲတော်တွေ လုပ်လာရင်း အရှိန် ရလာတော့လူအများ စာဖတ်လာကြဖို့ လှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ စာတတ်သူတိုင်း စာဖတ်ရေးလှုပ်ရှားမှု အခမ်းအနားတစ်ခုကို ပြီးခဲ့တဲ့ နှစ်ထဲမှာပဲနေပြည်တော်မှာ ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။

 

မေး။ ။ ကလေးစာပေပွဲတော်အပြင် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဦးစီးဆောင်ရွက်ပေးနေတဲ့ စာဖတ်ဝိုင်းတွေနဲ့ဆွေးနွေးပွဲတွေအကြောင်းကိုလည်း ရှင်းပြပေးပါရှင့်။

 

ဖြေ။ ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ စာပေပွဲတော်တွေအပြင် တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နေတာတစ်ခုရှိပါတယ်။ အဲဒါကတော့ ဒီဌာနအနေနဲ့ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ စာကြည့်တိုက်များ၊ ရုံးများဖွင့်ထားတာရှိတယ်။ နဂိုမူလကတော့ ပြည်သူ့ စာကြည့်တိုက် တွေဆိုပြီး ဖွင့်ထားတယ်။ သို့သော် ပြည်သူ့စာကြည့်တိုက် ဆိုတဲ့ သဘောတရားနဲ့ ရပ်တည်ခဲ့တယ်။ပြည်သူ့စာကြည့်တိုက်ဆိုတာ အများပြည်သူ အသုံးပြုနိုင်မယ့် စာကြည့်တိုက်ပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်ဖွင့်ထားပြီး စာအုပ်တွေ ရှိတယ်။ စာလာဖတ်ချင်တဲ့သူဖတ်လို့ရတယ်။ စာအုပ်ငှားချင်တဲ့သူကို ငှားပေးတယ်။ စာကြည့်တိုက်မှူးအနေနဲ့ စာအုပ်ငှားတဲ့အလုပ်၊ စာအုပ်တွေ ခင်းကျင်းထားတဲ့ အလုပ်ကို အဓိကထားဆောင်ရွက်ပါတယ်။

 

ဒါပေမယ့် အဲဒီအနေအထားကနေ တိုးမြှင့်ပြီးတော့ စာဖတ်တဲ့အလုပ်ကို လူတွေ စိတ်ဝင်စား လာအောင်၊ စာကြည့်တိုက်ဗီရိုထဲမှာထားတဲ့စာအုပ်တွေကို တောင်းဆိုလာသူရှိရင် ဖွင့်ပေးတဲ့ အဆင့်မျိုးကနေ စာအုပ်တွေကို စာဖတ်သူတွေဆီ ရောက်အောင် သယ်ပို့ပေးတဲ့စနစ်တွေ ကျင့်သုံး တယ်။ အဲဒီစာကြည့်တိုက်တွေမှာ စာများများ ဖတ်ဖို့စိတ်ဝင်စားတဲ့သူတွေ စုပြီးတော့ စာဖတ်ဝိုင်းတွေဖွဲ့စည်းပေးတယ်။ စာအုပ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ပုံမှန်လုပ်ဖို့ စီစဉ်ပေးတယ်။ စာရေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စာဖတ်တဲ့သူတွေ ထိတွေ့ ပြီးတော့ ဆွေးနွေးပွဲတွေလုပ်ပေးတယ်။ စာအုပ် တစ်အုပ် ထွက်လာရင်အဲဒီစာအုပ်ရေးသားတဲ့ ပုဂ္ဂိုလ်နဲ့ စာဖတ်ဝိုင်းကလူတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မျိုးလုပ်ပေးတာရှိတယ်။

 

ဒါတွေအပြင် ပြည်သူများအနေနဲ့ စာအုပ်စာပေကိစ္စသာမက မိမိတို့အချင်းချင်း တွေ့ဆုံဆွေးနွေးပွဲတွေ၊ သာမန်ရပ်ရေးရွာရေးအပြင် ပိုမိုကြီးကျယ်တဲ့ နိုင်ငံ့အရေးကိစ္စတွေ၊ မြို့ ရွာအရေးကိစ္စတွေ ဆွေးနွေးဖို့၊ တိုင်ပင်ဖို့ဖြစ်ဖြစ် တွေ့ဆုံချင်ရင် တွေ့ဆုံနိုင်အောင်ဆိုပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွေက နေရာထိုင်ခင်း စီစဉ်ပေးတယ်။ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ချင်တယ်ဆိုတဲ့ အသင်းအဖွဲ့တွေ၊ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကိုလည်း ဒီနေရာဌာနကို သုံးကြဖို့ဖိတ်ခေါ်တယ်။ ဒါက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ရုံးတွေကို ဒေသကလူများရဲ့ တွေ့ဆုံရာနေရာဌာန (Community Centre) တစ်ခုဖြစ်အောင် အသွင်ကူးပြောင်းတဲ့အလုပ် ဖြစ်ပါတယ်။

 

Community Centre မှာ စာဖတ်ဝိုင်းတွေလုပ်သလို ပြည်သူ့စကားဝိုင်းတွေ စီစဉ်ပေး တယ်။ ဒီစကားဝိုင်းတွေက ဘာရည်ရွယ်သလဲဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းတာဝန်ထဲမှာပါတဲ့ နိုင်ငံရဲ့ မဏ္ဍိုင်အသီးသီး မှာ တာဝန်ယူဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အများပြည်သူထဲက တစ်ဦးချင်းစီသော သူတွေ ထိတွေ့ ပြီး အပြန်အလှန်စကားပြောတာ၊ မေးမြန်း ဖြေကြားတာ ၊ သူတို့ရဲ့ စိတ်ကူး စိတ်သန်းတွေကို ဖော်ထုတ်၊ အကြံပေး၊ ဝေဖန်၊ ထောက်ပြတာတွေ လုပ်နိုင်ဖို့အတွက် စီစဉ်ပေးတာဖြစ်ပါတယ်။ ပြည်သူ့စကားဝိုင်းများမှာ ပါလေ့ရှိတဲ့ သူတွေက သက်ဆိုင်ရာ ဌာနတစ်ခုမှာ တာဝန်ယူဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေပါမယ်။ ကျင်းပရာ ဒေသက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးပါမယ်။ သို့မဟုတ် ဒီဒေသမှာ လှုပ်ရှား ဆောင်ရွက် နေတဲ့ လူမှုအဖွဲ့အစည်းတွေထဲက တာဝန်ယူဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်မျိုးတွေပါမယ်။ အဲဒီနေ့ ဆွေးနွေးမယ့်အကြောင်းအရာခေါင်းစဉ်နဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ ပညာရှင် တစ်ဦးဦး ပါလိမ့်မယ်။ သူတို့က ပင်တိုင်ဆွေးနွေးသူများအဖြစ်နဲ့ ထိုင်ပြီးတော့ ကျန်တဲ့ပြည်သူထဲက စိတ်ဝင်စားတဲ့သူတွေကဝင်ဆွေးနွေးတဲ့ စကားဝိုင်းတွေ ဖြစ်ပါတယ်။

 

ပြည်သူ့စကားဝိုင်းတွေ သက်ဝင်လှုပ်ရှား

 

ပြည်သူ့စကားဝိုင်းတွေက သက်ဆိုင်ရာရပ်ရွာဒေသမှာ အရေးကြီးနေတဲ့ ကိစ္စတွေ၊ အကြောင်းအရာတွေ၊ ခေါင်းစဉ်တွေကို အဓိကထားပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသတွေက ကျေးလက်ဒေသ၊ စိုက်ပျိုးရေး ဒေသတွေများပါတယ်။ ဒီနေရာတွေမှာ မိမိတို့ရဲ့ ဒေသဖွံ့ ဖြိုးတိုးတက်ဖို့ ဘယ်လို ဆောင်ရွက်မလဲ၊ ဆိုတာကို ဆွေးနွေးတဲ့ ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးစကားဝိုင်းတွေကိုလည်း ဖန်တီးပေး ပါတယ်။ စကားဝိုင်းများသည် အမြို့ မြို့အနယ်နယ်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးများနဲ့ သူတို့နဲ့ ဆက်စပ်တဲ့၊ ဆီလျော်တဲ့၊ အဆင်ပြေတဲ့နေရာတွေမှာ ကျင်းပတာဖြစ်ပြီး အခုဆိုရင် ကျင်းပတဲ့ အကြိမ်အရေအတွက်ဟာ တစ်နိုင်ငံလုံး အနေနဲ့ထောင်ဂဏန်းလောက် ရှိနေပါပြီ။

 

နိုင်ငံထဲမှာရှိတဲ့ ပြည်သူများကြားမှာရှိတဲ့စိတ်ကူးစိတ်သန်းတွေ အယူအဆတူတာ၊ မတူတာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဖို့၊ ဖလှယ်ဖို့၊ မိမိတို့အယူအဆကို အများသိအောင်ပြောဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိအောင်ပြောဖို့၊ သက်ဆိုင်ရာကဏ္ဍများမှာ လုပ်ကိုင်ဆောင်ရွက်တဲ့ သူတွေကို လည်း ၎င်းတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး မိမိတို့လက်မခံနိုင်တာရှိရင်၊ လွဲမှားတာလို့ထင်ရင်၊ မပြည့်စုံဘူးထင်တာရှိရင် ဝေဖန်ထောက်ပြဖို့၊ ဖြည့်စွက်ဖို့ စသဖြင့် ဒါတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။ တစ်နည်းပြောရရင် နိုင်ငံထဲမှာ ဒီမိုကရေစီအလေ့အကျင့်တွေ၊ လွတ်လပ်စွာပြောဆိုမှု၊ ဆွေးနွေးဖလှယ်မှုဆိုတဲ့ ယဉ်ကျေးမှု တွေထွန်းကားအောင်ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလပတ်လုံးဒီကိစ္စတွေကို တက်တက်ကြွကြွနဲ့ ဆောင်ရွက် ပေးခဲ့ပါတယ်။

 

မေး။ ။ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအနေနဲ့ ရုပ်ရှင် လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် တစ်တပ်တစ်အား ပါဝင်အားဖြည့်ပေးခဲ့တဲ့ အပိုင်းတွေကိုလည်း သိပါရစေ။

 

ဖြေ။ ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြန်မာနိုင်ငံမှာ ရုပ်ရှင်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ရန်တာဝန်ရှိတဲ့ ဌာနတစ်ခုလည်း ဖြစ်ပါတယ်။ ရုပ်ရှင်လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အပါအဝင် ရုပ်ရှင်လောကသားတွေက အဓိကဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ သူတို့က ဖွံ့ ဖြိုးအောင် တကယ်ထိထိရောက်ရောက် ဆောင်ရွက်နေကြပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အနေနဲ့ကတော့ ဒါကို ပံ့ပိုးကူညီတဲ့အလုပ် လုပ်ကိုင်ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ အရင်နှစ်တွေ ထက်ပိုပြီး တက်ကြွစွာဆောင်ရွက်ခဲ့ပါတယ်။ ဒါက သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ပိုပြီးပူးပေါင်းဆောင်ရွက်လာခြင်း ဖြစ်ပါတယ်။

 

ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုတွေ၊ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ သင်တန်း ကျောင်းတွေ ရှိဖို့လိုအပ်ပါတယ်။ ရုပ်ရှင်ရုံတွေ တိုးပွားလာဖို့၊ တိုးတက်ကောင်းမွန်ဖို့ စသည်ဖြင့် လိုအပ်ပါတယ်။ ရုပ်ရှင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ထိရောက်အောင် လုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။

 

အဲဒီအတွက် ကူညီပေးနိုင်မယ့်ကဏ္ဍတွေမှာကူညီပေးပါတယ်။ ရန်ကုန်မှာ ရုပ်ရှင်မြှင့်တင်ရေး ခြံရှိပါတယ်။ ယခင်က အဲဒီမှာ လုပ်ငန်းတွေလည်ပတ်ဖို့ နှေးကွေးပြီး သဘာ၀ဘေးတွေကြောင့် အဆောက်အအုံတွေ ယိုယွင်းပျက်စီးနေပါတယ်။ဒါတွေကို တတ်နိုင်သမျှရှိတဲ့ ရန်ပုံငွေအကန့် အသတ်ထဲကနေ မနှစ်ကစပြီး ပြုပြင်ခဲ့ပါတယ်။လက်ရှိမှာ ရုပ်ရှင်မြှင့်တင်ရေး စင်တာခြံဝင်းထဲမှာ အရင်ကရှိပေမယ့် အသုံးမပြုနိုင်တဲ့ စတူဒီယို သုံးခုကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးထားတယ်။ အခုတော့ ရိုက်ကူးရေးလုပ်ငန်းတွေစတင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်အနု ပညာရှင်တွေ စုဝေးရာ၊ ဆုံတွေ့ရာအဖြစ် အစည်းအဝေး၊ဆွေးနွေးပွဲ၊ မိတ်ဆက်ပွဲစသည်ဖြင့် ကျင်းပနိုင်ဖို့နေရာထိုင်ခင်းတွေ ပြင်ဆင်ပေးထားပါတယ်။

 

ဒီနေရာမှာ ရုပ်ရှင်အနုပညာရှင်တွေ၊ ပညာရှင်တွေ၊ ဝါသနာရှင်တွေရဲ့ ရုပ်ရှင် သုံးသပ်ဆွေး နွေးပွဲတွေ၊ အတွေ့အကြုံမျှဝေခြင်းတွေကို ပုံမှန်ကျင်းပနေပါတယ်။ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေ လာရောက်ရိုက်ကူးတာတွေလည်းကူညီဆောင်ရွက်ပေးပါတယ်။ ယခင်က ရိုက်ကူးရေးလုပ်မယ်ဆိုရင် အကန့်အသတ်တွေများပါတယ်။ ဒါတွေကို သက်ဆိုင်တဲ့ ဌာနအသီးသီး ကိုဆက်သွယ်ပြီး အကန့်အသတ်တွေ လျော့ပါးအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ရိုက်ကူးနိုင်ဖို့အတွက် ပေးသွင်းရတဲ့ အခကြေးငွေတွေ အရင်ထက် ပိုလျော့နည်းလာဖို့အပြင် သွားလာဖို့ဝင်ရောက်ရိုက်ကူးရန် လွယ်ကူဖို့လည်း ဖြေလျှော့ ပေးနေပါတယ်။

 

မေး။ ။ ရန်ကုန်မြို့မှာ ထူးထူးခြားခြား လာရောက် ရိုက်ကူးခဲ့တဲ့ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားကြောင့် ရုပ်ရှင်လုပ်ငန်းအတွက် ဘယ်လောက်ရိုက်ခတ်လာနိုင်ပါသလဲရှင့်။

 

ဖြေ။ ။ ထူးထူးခြားခြားအနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်း မှာရိုက်ကူးခဲ့တဲ့ ဟောင်ကောင် ကုမ္ပဏီတစ်ခုရဲ့ Line Walker 2 ဇာတ်ဝင်ခန်း ရှိပါတယ်။ ရိုက်ကူးခွင့်ရသွားခြင်းသည် မြန်မာနိုင်ငံမှာ ဒီလို ဇာတ်ကားမျိုးရိုက်ကူးရေးလုပ်နိုင်ပြီ၊ လုပ်ခွင့်ရှိသွားပြီဆိုတာကို အများသိသွားတာကြောင့် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးရှိပါတယ်။ ပြည်သူတွေအနေနဲ့ ရုပ်ရှင်ဇာတ်ကား တွေကို ဘယ်လိုပုံစံနဲ့ ရိုက်ကူးသလဲဆိုတာ သိရှိရတဲ့အတွက် ဝါသနာရှင်တွေ အတွက် အများကြီး ဗဟုသုတရပါတယ်။ နိုင်ငံရဲ့ပုံရိပ်ကိုလည်း တက်စေပါတယ်။

 

ကျွန်တော်တို့နိုင်ငံကို အကန့်အသတ်တွေများတဲ့ တိုင်းပြည်၊ လွတ်လပ်မှုနည်းတဲ့ ဒေသလို့ အခြားက ရှုမြင်ထားခဲ့ရာကနေ ဒီလိုအတိုင်းအတာအထိ ရိုက်ကူးလို့ရတယ်၊ လုပ်ကိုင်ဝင်ထွက်လို့ ရတယ်ဆိုတာကို သိလာတဲ့အခါ နိုင်ငံအတွက်အကျိုးများစေမှာ ဖြစ်ပါတယ်။ နိုင်ငံမှာ အခြား လှပတဲ့ ရေမြေတောတောင်တွေ၊ သဘာ၀ရှုခင်းတွေကို ရိုက်ကူးပြီး နိုင်ငံတကာကို ဖြန့်ချိမယ် ဆိုရင်နိုင်ငံတကာက သိရှိပြီး တိုင်းပြည်နဲ့ ပတ်သက်တဲ့အသိအမှတ်ပြုမှုတွေပိုပြီး တိုးတက်မှုရှိမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ လက်ရှိနိုင်ငံအနှံ့အပြားကနေရာဒေသတွေကို ပြည်ပအဖွဲ့များ သွားရောက်ရိုက်ကူး တာတွေ များလာပါတယ်။ ပြည်တွင်းကုမ္ပဏီတွေနဲ့ လက်တွဲပြီး ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးမယ့်သူတွေလည်း ရှိလာပါတယ်။နေပြည်တော်မှာလည်း ရုပ်ရှင်စတူဒီယိုကြီးထူထောင်ဖို့ ကမ်းလှမ်းတာ ရှိပါတယ်။ ဒါက ရုပ်ရှင်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် တတိယ(၁)နှစ်တာရဲ့ ဆောင်ရွက်ချက်တွေထဲက ရလဒ်ကောင်းတွေပဲဖြစ်ပါတယ်။

 

မေး။ ။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရဲ့ ဆောင်ရွက်ချက်တွေနဲ့ တစ်နှစ်တာအတွင်း ဖြတ်သန်းမှုကိုလည်း သိရှိလိုပါတယ်ရှင့်။

 

ဖြေ။ ။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ကတော့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းကို လုပ်ပါတယ်။ ပုံနှိပ်ရေးအပိုင်းမှာ ပြင်ပကအပ်နှံတဲ့ပုံနှိပ်ရန်ကိစ္စတွေကို ဌာနပိုင် ပုံနှိပ်စက်နဲ့ ရိုက်နှိပ်ပေးပါတယ်။ ယခင်က အစိုးရစာရွက်စာတမ်းတွေကိုအဓိက ရိုက်နှိပ်ပါတယ်။ နိုင်ငံတော်ပြန်တမ်းအပါအဝင် အစိုးရရဲ့ စာရွက်စာတမ်းများ၊ရွေးကောက်ပွဲကာလ မဲစာရင်းများ ရိုက်နှိပ်ခြင်းတို့ရှိပါတယ်။ လက်ရှိမှာ အဓိကပုံနှိပ်တဲ့ ထုထည်အကြီးမားဆုံး လုပ်ငန်းက ကျောင်းသုံးစာအုပ်များပုံနှိပ်ခြင်း ဖြစ်ပါတယ်။ ပညာရေးဝန်ကြီး ဌာန၊ အခြေခံပညာဦးစီးဌာနက အပ်နှံတာဖြစ်ပြီးပြီးခဲ့တဲ့နှစ်အတွင်း အုပ်ရေ ၃၅ သန်းအထိ ရိုက်နှိပ်ခဲ့ရပါတယ်။ လာမယ့်နှစ် ကျောင်းသုံးအတွက်အရေအတွက် ၃၉ သန်းကျော်ကို ပုံနှိပ်နေပြီဖြစ်ပါတယ်။

 

ဒီအရေအတွက်ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ပုံနှိပ်လုပ်ငန်းတွေ၊ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေအား လုံးက ရိုက်နှိပ်ထုတ်ဝေနေတဲ့ စာအုပ်အရေအတွက်ထက် များစွာပိုပါတယ်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးလုပ်ငန်း တစ်ခုတည်းကတော့ကျောင်းသုံး ဖတ်စာအုပ်အားလုံးကို ရိုက်နှိပ်ရတာ မဟုတ်ပါဘူး။ အချို့ ပုဂ္ဂလိကလုပ်ငန်းတွေ ကလည်းရိုက်နှိပ်ခွင့်ရတာ ရှိပါတယ်။ ကျောင်းသုံး စာအုပ်တွေ ဝယ်ယူကြတဲ့အခါ အရည်အသွေးညံ့ဖျင်းတယ်ဆိုပြီး ယခင်က ပြောကြတာတွေ ရှိခဲ့ပါတယ်။ ကျောင်းသုံး စာအုပ်ရဲ့ စက္ကူသားကအစ စာအုပ်ချုပ်တဲ့အပိုင်းအထိ အားနည်း ချက်များကို ဝေဖန်တာလည်း ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် စာအုပ် ၃၅သန်းဟာ မူလတန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့ အိမ်တွေဆီအထိ အသီးသီးရောက်ရှိ သွားကြတာ ဖြစ်လို့အရည်အသွေးညံ့တဲ့ စာအုပ်တစ်အုပ် တလေပါသွားရင်တောင် ထောက်ပြ ပြောဆိုစရာဖြစ်နိုင်တဲ့အတွက် အရည်အသွေးကောင်းမွန်ဖို့ ကြိုးစားဆောင်ရွက်ရပါတယ်။

 

အခုအချိန်မှာ ဝေဖန်မှုတွေ နည်းပါးလာခဲ့ပါပြီ။ အရည်အသွေးကောင်းအောင် ကြိုးစားခဲ့တဲ့အတွက် လက်ခံနိုင်တဲ့ အနေအထားကိုရောက်အောင် ဆောင်ရွက်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။

 

မေး။ ။ စာအုပ်ထုတ်ဝေရေးအပိုင်းနဲ့ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတိယ(၁) နှစ်တာအတွင်း ထူးခြားတဲ့လုပ်ဆောင်ချက်တွေကိုလည်း သိပါရစေ။

 

ဖြေ။ ။ ထုတ်ဝေရေးအပိုင်းကိုလည်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဆောင်ရွက်ရပါတယ်။ အဓိကအားဖြင့်တော့ မြန်မာစာပေဖွံ့ ဖြိုးတိုးတက်ရေးအတွက်ကို စာပေဗိမာန် အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ အရင်ကတည်းက ခေတ်အဆက်ဆက် အမျိုးသားစာပေဆုတွေ ချီးမြှင့်ပေးတယ်။ အမျိုးသားစာပေဆုမှာ တစ်သက်တာစာပေဆုနဲ့ ကဏ္ဍအလိုက် ဘာသာရပ် တစ်ခုချင်းအတွက် ဆုချီးမြှင့်တာ ရှိတယ်။ စာပေဗိမာန်စာမူဆုကတော့ စာအုပ်အဖြစ် မထုတ်ဝေရ သေးတဲ့စာမူတွေကို ယှဉ်ပြိုင်စေပြီး ဆုချီးမြှင့်ပေးတာဖြစ်ပါတယ်။ ဆုရတဲ့စာမူတွေကို စာအုပ်ဖြစ် လာအောင်ပုံနှိပ် ထုတ်ဝေပေးပါတယ်။

 

အမျိုးသားစာပေဆုနဲ့ ပတ်သက်ပြီး အရင်ကတစ်သက်တာစာပေဆုကို ငွေကျပ် ၂၅ သိန်း သတ်မှတ်ခဲ့ပေမယ့် အများဆန္ဒအရ ရန်ပုံငွေရရှိအောင် ကြိုးပမ်းခဲ့ပြီး ငွေကျပ်သိန်း ၅၀ အထိ တိုးမြှင့်ပေးအပ် ချီးမြှင့်နိုင်ခဲ့ပါတယ်။ ဘာသာရပ်ဆိုင်ရာ ဆုတစ်ဆုချင်းကိုလည်း ငွေကျပ်က ၁၅သိန်းကနေ ၂၅ သိန်းအထိ တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ မကြာသေးမီက စာစဉ်သုံးခုကို ဖြန့်ချိ ထုတ်ဝေနိုင်ခဲ့တဲ့ မြန်မာဂန္တဝင်အတွဲ ၁၀၀ စာစဉ် အကြောင်းကိုလည်း သိလိုပါတယ်ရှင့်။

 

ဖြေ။ ။ ဒါက ပြင်ပပညာရှင်များနဲ့ တွဲဖက်ပြီး ဆောင်ရွက်နေတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ပေါ်ထွန်းခဲ့တဲ့မြန်မာစာပေလက်ရာကောင်းတွေထဲက ဒီကနေ့အထိ လူအများ လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတွေ အများကြီးရှိတာမို့ အဲဒါတွေထဲက ရွေးချယ်စုစည်းပြီး မြန်မာဂန္ထဝင် အတွဲ ၁၀၀ စာစဉ်ကို ထုတ်ဝေဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အုပ် ၁၀၀ အတွက် ပထမဆုံးအတွဲ သုံးခုဖြစ်တဲ့ အတွဲ ၁၊ ၂၊ ၃ ကို မကြာခင်က စတင်မိတ်ဆက်နိုင်ခဲ့ပါ တယ်။နောက်ထပ်စာစဉ်တွဲတွေ ဆက်ထွက်ဖို့ရှိပါတယ်။

 

မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲကိုလည်း မူသစ်ထုတ်ဝေဖို့ စီစဉ်နေပါတယ်။ ဒီစွယ်စုံကျမ်း များက စာပေဗိမာန်အဖွဲ့က ၁၉၅၀ ကျော်နှစ်များ ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း၆၀ ဝန်းကျင်ကြာမြင့်လာပြီဖြစ် တာကြောင့် စာအုပ်ပါ အချို့အချက်အလက်တွေ ဟာ ခေတ်မမီ တော့ဘဲဒီကနေ့ အနေ အထားတွေနဲ့ မညီညွတ်တာတွေလည်း ရှိပါတယ်။ ဒါတွေကို ပြင်ဆင်ပြီး ဒီကနေ့လူတွေ အသုံးပြုနိုင်အောင် ပြန်လည်ပြုပြင်တည်းဖြတ်ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ဆောင်နေပါတယ်။

 

အဲဒီလုပ်ငန်းကို စာပေတိုးတက်ရေးအတွက်နှစ်ကာလများစွာ ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ထွန်းဖောင်ဒေးရှင်းနဲ့ တွဲဖက်ဆောင်ရွက်နေပါတယ်။ မြန်မာ့စွယ်စုံကျမ်းသည် မူလကအတွဲ ၁ ကနေ ၁၅ အထိ ရှိခဲ့ပါတယ်။ အခုလိုပြန်လည်ဖြည့်စွက်ပြင်ဆင် ထုတ်ဝေ တဲ့အခါဘယ်လောက်ဖြစ်မလဲဆိုတာ အတိအကျမတွက်နိုင်သေးပါဘူး။ သို့သော် ထွက်ရှိလာမယ့် စာအုပ်အတွဲတွေမှာ အတွဲ ၁ ကနေ နောက်ဆုံး အတွဲအထိတစ်ကြိမ်တည်း တစ်ပြေးညီ အတွင်းရော၊ အပြင်ရော အပြင်အဆင်ပိုင်းပါ ညီညီညာညာဖြစ်ဖို့ အတွဲ ၁ ကို စိတ်တိုင်းကျအောင် ပြင်ဆင်နေပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကတည်းက အတွဲ ၁ အတွက် အကြောင်းအရာတွေ စုစည်းတယ်။ အပြင် အဆင်တွေ ဆွေးနွေးတယ်။ အထပ်ထပ်ပြန်ပြီး ပြင်ဆင်ခဲ့တာ အခုဆိုရင်ပြီးသလောက်နီးပါး ရှိနေပါပြီ။ နောက်ဆုံးအဆင့်မူကြမ်းပြီးရင် မကြာမီလပိုင်းလောက်မှာ ပထမအတွဲ စပြီးထွက် လာဖို့ရှိပါတယ်။ ပထမတွဲ စထွက်လာပြီဆိုရင် နောက်အတွဲတွေအတွက် သိပ်မခက်ခဲတော့ ဘဲ ဆက်တိုက် ထွက်လာဖို့ ရှိပါတယ်။

 

မေး။ ။ စာပေကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေ စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း သိပါရစေ။

 

ဖြေ။ ။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန(ရန်ကုန်) ရုံးသည် သိမ်ဖြူလမ်းမှာရှိပါတယ်။ ကုန်သည် လမ်းမှာလည်း စာပေဗိမာန်အဆောက်အအုံကြီး ရှိပါတယ်။ စာပေဗိမာန် အဆောက်အအုံမှာ ခန်းမရှိတယ်။ သိမ်ဖြူလမ်းမှာလည်း ခန်းမတစ်ခုရှိပါတယ်။ ဒီခန်းမတွေမှာ စာပေနဲ့ ဆက်စပ်တဲ့ အလုပ်တွေ အရင်တုန်းကဆောင်ရွက်ခဲ့ဖူးတာ ရှိပါတယ်။ အခုလက်ရှိမှာလည်း ဌာနက ဦးဆောင်ပြီး လုပ်တဲ့ စာတမ်းဖတ်ပွဲတို့ ၊ ဆွေးနွေးပွဲ တို့အပြင် ဌာနကနေ ဦးဆောင်တာမဟုတ်ဘဲ ပြင်ပစာပေ အဖွဲ့အစည်းတွေကနေ သူတို့လုပ်ကိုင် ဆောင်ရွက်ချင်တဲ့စာပေဆိုင်ရာဆွေးနွေးပွဲတွေ၊ ဆုချီးမြှင့်ပွဲတွေ စသဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက်လည်း နေရာထိုင်ခင်းတွေ စီစဉ်ပေးလျက်ရှိပါတယ်။ ဒီနေရာတွေမှာ စာပေစကားဝိုင်းတွေ လုပ်ဆောင်ရာကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေ၊ စာတမ်းတွေ စုပေါင်းပြီးတော့စာအုပ်ထုတ်ဝေတဲ့ အလုပ်တွေ ဆောင်ရွက်ပေးပါတယ်။

 

တစ်ဆက်တည်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ သုတေသန အဖွဲ့တစ်ခုရှိပါ တယ်။ ဒီသုတေသနအဖွဲ့အတွက် သိမ်ဖြူလမ်းက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာနရဲ့ရုံးမှာ သီးသန့်နေရာလေးတစ်ခုရှိပါတယ်။ အဲဒီနေရာမှာ အခြေပြုပြီးတော့ ရန်ကုန်မြို့က ပညာရှင်တွေ၊ နိုင်ငံပေါင်းစုံအကြောင်းအရာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ သုတေသီတွေနဲ့ထိတွေ့ ပြီးတော့ ဆွေးနွေးပွဲ သုံးသပ်ပွဲတွေ လုပ်ပါတယ်။ ဒီသုံးသပ်မှုများ ကနေ ရလာတဲ့ရလဒ်တွေကို စာအုပ်စာတမ်းအဖြစ် ထုတ်ဝေတာရှိပါတယ်။

 

စာအုပ်စာတမ်းထုတ်ဝေတဲ့နေရာမှာ ထူးထူးခြားခြားအနေနဲ့ကတော့ သက်ဆိုင်ရာ အကြောင်းအရာ အလိုက် ပုံမှန်နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ထုတ်တဲ့ စာစောင်တွေ၊ သုတေသန စာတမ်းစာစောင် မျိုးတွေထုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးအရာတွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာတွေကို ရေးသားပြုစုတဲ့ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ စာတမ်းတွေကို စုစည်းပြီးထုတ်တဲ့ မြန်မာရေးရာစာစောင်၊ တိုင်းရင်းသားလူမျိုးများရဲ့ အရေး ကိစ္စတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ လူမှုရေးစသဖြင့်သက်ဆိုင်တဲ့ အကြောင်းအရာတွေကို စုစည်းပြီးတော့ တိုင်းရင်းသား ရေးရာဆိုတဲ့ စာစောင်တစ်ခုထပ်ထုတ်ပါတယ်။ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ကမ္ဘာမှာ ပြောင်းလဲနေတဲ့ အနေ အထားတွေကို သိဖို့လိုအပ်တဲ့ အတွက်ကြောင့် ကမ္ဘာ့ရေးရာ စာစောင်ကိုလည်း ထုတ်ဝေလျက်ရှိပါတယ်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနနဲ့ ဆက်စပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးက ဆောင်ရွက်နေတဲ့ တူညီတဲ့လုပ်ငန်းတစ်ခုကို ဖြည့်စွက် ပြောကြားခြင်းဖြစ်ပါတယ်။

 

မေး။ ။ ဆက်လက်ပြီး နိုင်ငံပိုင်သတင်းစာတွေရဲ့ တစ်နှစ်တာအတွင်း ဖြတ်သန်းမှုတွေ အကြောင်း ကိုလည်း သိရှိလိုပါတယ်။

 

ဖြေ။ ။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းကတော့ သူ့အမည်ကိုက ဖော်ပြနေတဲ့ အတိုင်းသတင်းနဲ့ ပတ်သက်တဲ့စာနယ်ဇင်းတွေ ထုတ်လုပ်တယ်။ သတင်းစာများမှာ အများပြည်သူ သိရှိကြတဲ့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ ကြေးမုံနဲ့မြန်မာ့အလင်း သတင်းစာနှစ်စောင် ရှိပါတယ်။ အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ Global New Light of Myanmar သတင်းစာရှိပါတယ်။ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာကတော့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက ပိုင်ဆိုင်ပြီး Global New Light of Myanmar ကတော့ Global Direct Link ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ သတင်းစာဖြစ်ပါတယ်။ ဒါတွေအပြင် ပုံနှိပ်သတင်းစာမဟုတ်တဲ့ အွန်လိုင်းသတင်းစာ Myanmar Digital News အမည် နဲ့အွန်လိုင်းမီဒီယာတစ်ခု ရှိပါတယ်။ ဒီအွန်လိုင်းမီဒီယာကို Mega link Advanced Technologies ကုမ္ပဏီနဲ့ တွဲဖက်ပြီးတော့ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒါတွေနဲ့ အများပြည်သူသိရှိအောင် သတင်းများဖြန့်ချိတဲ့အလုပ်ကိုဆောင်ရွက်ပါတယ်။

 

သတင်းစာအလုပ်အနေနဲ့ ဆောင်ရွက်တဲ့အခါအခြားသော ပြင်ပသတင်းစာများ၊ နိုင်ငံတကာ သတင်းစာများနည်းတူ အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်မျိုးစုံ၊ ကဏ္ဍစုံ တွေကို ဖော်ပြပေးနေပါတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံတကာရေးရာ စသည်ဖြင့်ပါ ဝင်ပါတယ်။ အားကစား၊ ယဉ်ကျေးမှု၊ ဖျော်ဖြေမှုဒါတွေလည်း ပါဝင်အောင် ဖြည့်ဆည်း ဆောင်ရွက်ထားပါတယ်။

 

နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပသတင်းစာများနည်းတူ ကဏ္ဍစုံဆောင်ရွက်တဲ့နေရာမှာ သဘော သဘာ၀ မတူညီတာလည်း ရှိပါတယ်။ဒါက နိုင်ငံတော်သတင်းစာများ သို့မဟုတ် နိုင်ငံတော် တာဝန်ထမ်းဆောင်နေတဲ့ ဌာနအဖွဲ့အစည်းများကို တစ်နည်းတစ်လမ်း ကိုယ်စားပြုတဲ့ သတင်းစာ များရဲ့ ဖော်ပြချက်နဲ့ ပြင်ပပုဂ္ဂလိကသတင်းစာများရဲ့ ဖော်ပြချက်က နည်းနည်းတော့ ကွာခြားပါ တယ်။

 

ကျွန်တော်တို့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းပိုင် သတင်းစာများသည် အများပြည်သူ ကိုယ်စား နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့ မဏ္ဍိုင်တွေဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြရပါတယ်။ ဒီမဏ္ဍိုင်များသည် ပြည်သူ့ကိုယ်စား ပြည်သူ့အတွက် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် သူတို့ဆောင်ရွက်ချက် တွေကိုပြည်သူကို ပြန်လည်အစီရင်ခံတင်ပြဖို့ တာဝန်ရှိပါတယ်။

 

ဒီတာဝန်ကို သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရဲ့လက်အောက်မှာရှိတဲ့ စာနယ်ဇင်းများက တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါကမြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုပါပဲ ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရုပ်သံလုပ်ငန်းတွေနဲ့တာဝန်ထမ်းဆောင်တယ်။ သတင်းစာတွေက သတင်းစာ မျက်နှာများ ကတစ်ဆင့် ပုံနှိပ်လုပ်ငန်းအနေနဲ့ရော အီလက်ထရွန်းနစ် သတင်းစာ အဖြစ်ပါ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။

 


 

ထိုနည်းတူစွာ တရားစီရင်ရေးမဏ္ဍိုင်မှာလည်း တရားစီရင်ရေးကိစ္စရပ်တွေကို ပြည့်ပြည့်စုံစုံ အများပြည်သူ သိရှိနိုင်အောင် တင်ပြပေးရပါတယ်။အုပ်ချုပ်ရေး မဏ္ဍိုင်မှာဆိုရင်လည်း ပြည်ထောင်စု အစိုးရအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ အားလုံးရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြပေးပြီး ပြည်သူကို ပြန်လည်အစီရင်ခံရပါတယ်။

 

မေး။ ။အများပြည်သူအတွက် မဏ္ဍိုင်သုံးရပ်ရဲ့ လုပ်ဆောင်ချက်တွေကို အစီရင်ခံတင်ပြတာအပြင် ပြည်သူတွေအတွက် ဘယ်လိုကဏ္ဍမျိုးတွေကိုလည်း ထည့်သွင်းပေးနေပါသလဲရှင့်။

 

ဖြေ။ ။ နိုင်ငံတော်အစိုးရဌာန၊ အဖွဲ့အစည်း အသီးသီးက ဆောင်ရွက်ချက်တွေကို အများသိအောင် တင်ပြပေးသလို တစ်ချိန်တည်းမှာ အများအတွက် စိတ်ဝင်စားဖွယ်ဖြစ်မယ့်ဒေသန္တရသတင်းတွေ၊ ဥပမာတိုင်းရင်းသားလူမျိုးတွေရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး၊ ပြုပြင်ပြောင်း လဲမှု စတာတွေကိုလည်း အထူးပြုဖော်ပြပေးပါတယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကားဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အထောက်အကူပြုပေးတဲ့ အနေနဲ့အချပ်ပိုကဏ္ဍ တွေကိုလည်း တိုင်းရင်းသား ဘာသာတွေနဲ့လည်း ရေးသားဖော်ပြပေးနေပါတယ်။

 

ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာများသည်ပုံမှန်အားဖြင့် စာမျက်နှာ ၃၂ မျက်နှာထုတ်ဝေပြီး Global New Light of Myanmar ကတော့၁၆ မျက်နှာ ထုတ်ဝေပါတယ်။ ဒီသတင်းစာတွေထဲမှာ အခါအားလျော်စွာ ထူးခြားတဲ့ အစီအစဉ်တွေကို ကြားညှပ်ပြီး အချပ်ပိုအဖြစ် ဖြည့်စွက် ဖော်ပြတာတွေရှိပါတယ်။ တိုင်းရင်းသားကဏ္ဍများအပြင် ရန်ကုန်သူ၊ ရန်ကုန်သားတွေ အတွက် ရန်ကုန် စာမျက်နှာမှာ ရန်ကုန်မြို့ရဲ့ အပြောင်းအလဲတွေ၊ အခက်အခဲတွေ၊ ဖွံ့ ဖြိုးတိုးတက်မှု တွေစတဲ့ အရေးကိစ္စတွေ အားလုံးကို ရန်ကုန်ကပြည်သူတွေအပြင် ရန်ကုန်နဲ့ ဆက်စပ်နေရတဲ့ တစ်တိုင်း ပြည်လုံးက ပြည်သူတွေ သိရှိဖတ်ရှုနိုင်ဖို့ရည်ရွယ် ဆောင်ရွက်ပါတယ်။

 

ဒါ့အပြင် မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည်က သတင်းစာဖတ်ပရိသတ်တွေအတွက် သိရှိသင့်တဲ့ကိစ္စရပ်တွေ၊ အကြောင်းအရာတွေကို မန္တလေးအချပ်ပို စာမျက်နှာများအဖြစ် ရည်ရွယ် ဆောင်ရွက်ပေးသလို လူငယ်တွေထဲကစာပေကို ဝါသနာပါတဲ့ လူငယ်တွေအတွက် စာရေးသား ခွင့်နဲ့ စာပေနယ်ထဲကို ဝင်ရောက်ဖို့လမ်းစရလာကြဖို့အတွက် မျိုးဆက်သစ်ရင်ပြင်ကဏ္ဍ ဖွင့်ပေး ထားတာ ရှိပါတယ်။ ကလေးတွေအတွက်စိတ်ဝင်စားစရာလည်း သတင်းစာထဲမှာ ပါဝင်အောင် ကာတွန်းစာမျက်နှာတွေကို အပတ်စဉ်နှစ်မျက်နှာစီနဲ့ ဖော်ပြပေးနေပါတယ်။

 

အဲဒီလို အထူးအချပ်ပိုတွေ ထည့်သွင်းပေးနေတဲ့အတွက် မြန်မာသတင်းစာများသည် ၃၂မျက်နှာ ထုတ်ဝေနေရာက အချပ်ပိုများတဲ့ ရက်များမှာ အများဆုံး ၄၈ မျက်နှာအထိ ဖြန့်ချိထုတ်လုပ် ပေးနေတာ ဖြစ်ပါတယ်။ အဓိကကတော့ စာဖတ်သူတွေအတွက် အကြောင်းအရာမျိုးစုံ၊ ကဏ္ဍမျိုးစုံကို ပြည့်ပြည့်၀၀ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။

 

မေး။ ။ အွန်လိုင်း သတင်းစာကိုလည်းဆောင်ရွက်နေတဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ သိပါရစေ။

 

ဖြေ။ ။ သတင်းစာများသည် လွန်ခဲ့တဲ့ ရာစုနှစ် သုံးလေးခုကနေစပြီး အချို့တွေဆိုရင် ဒီကာလ ထက်တောင်စောပြီး ပေါ်ပေါက်ခဲ့ကြတယ်။ စက္ကူပေါ်မှာ ပုံနှိပ်စက်နဲ့ ရိုက်နှိပ်ထုတ်ဝေခဲ့ကြပါတယ်။ ဒီလိုရာစုနှစ်နဲ့ ချီပြီးသတင်းစာတွေကို ပုံနှိပ်ခဲ့ရာကနေ ယနေ့ခေတ်မှာ အီလက်ထရွန်နစ် ဆက်သွယ်ရေး နည်းပညာတိုးတက်လာတာနဲ့အမျှ အွန်လိုင်းနဲ့ ဖတ်ရှုထုတ်ဝေတဲ့ခေတ်ကို ရောက်လာပါပြီ။

 

နိုင်ငံတကာမှာလည်း သတင်းစာများကိုပုံနှိပ်အနေနဲ့ မဖတ်ရှုတော့ဘဲ ကွန်ပျူတာများ၊ ဖုန်းများနဲ့ ဖတ်ရှုကြတာမျိုး များပြားလာပါတယ်။ အများပြည်သူဆီကို သတင်းအချက်အလက်ပေးပို့တဲ့ လမ်းကြောင်းဟာ နည်းပညာပြောင်းလဲလာတာနဲ့အမျှ လိုက်ပါပြောင်းလဲလာတယ်။

 

သတင်းစားသုံးသူ (ဖတ်ရှုသူ)တွေက အသုံးပြုတဲ့လမ်းကြောင်း ပြောင်းလဲလာတာကြောင့် သတင်းထုတ်လုပ် ဖြန့်ချိတဲ့သူတွေ အနေနဲ့လည်းနည်းပညာသစ်တွေ ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာတဲ့ အတွက် Myanmar Digital News ကို အရင်တစ်နှစ်ကျော်လောက်က စတင်ဆောင်ရွက်လာခဲ့တာ အခုအခါ ပုံမှန်လည်ပတ်နိုင်တဲ့အခြေအနေဖြစ်နေပါပြီ။ အွန်လိုင်း သတင်းစာတို့ရဲ့ ပုံသဏ္ဍာန်များအတိုင်း လတ်တလောသတင်းတွေကို ရွေးချယ်ဖတ်ရှုနိုင်သလို၊ စိတ်ဝင်စားသူများအနေနဲ့ ယခင်က အကြောင်းအရာတွေ ဥပမာအားဖြင့် အရင်ကပြောခဲ့တဲ့ မိန့်ခွန်းတွေ ဖတ်ချင်ရင်လည်း ပြန်လည်ရှာဖွေဖတ်ရှု လို့ရတဲ့အပြင်ပုံနှိပ်သတင်းစာ သုံးစောင်ကို လည်း သူတို့စာမျက်နှာများအတိုင်း ဖတ်ရှုနိုင်ပါတယ်။

 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အယ်ဒီတာများအနေနဲ့ကတော့ ခေတ်ကာလပြောင်းလဲ လာတဲ့အလျောက် အွန်လိုင်းမီဒီယာပေါ်ကနေပြီး အများပြည်သူကို သတင်းအချက် အလက်တွေ၊ အသိပညာပေးတဲ့အလုပ်တွေ ဆက်လက်ပြီး ဆောင်ရွက်နိုင်ဖို့ကြိုးစားနေသလို ပုံနှိပ်သတင်းစာ များကိုလည်းပိုပြီးတော့ စိတ်ဝင် စားဖွယ်ဖြစ်အောင် အပြင်အဆင်ကအစ အမြဲတမ်း လတ်ဆတ် ဆန်းသစ်နေအောင် ဆောင်ရွက်နေပါတယ်။

 

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရှေ့ဆက်သွား မယ့် လုပ်ငန်းစဉ်တွေနဲ့ ပြည်သူအတွက် ဆောင်ရွက်ပေးမယ့်အစီအစဉ်တွေကိုလည်း သိရှိလိုပါတယ်ရှင့်။

 

ဖြေ။ ။ ရှေ့ဆက်ပြီးတော့ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ အဓိကတာဝန်တွေကို ပိုမိုပီပြင်အောင် ဆက်လက် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ကျွန်တော်တို့ဌာနသည် အများပြည်သူကို သတင်းအချက်အလက်ပေးတဲ့တာဝန်ကို ထမ်းဆောင်ရပါတယ်။ ဒါကို ဆက်လက်ပြီးတော့ ပိုကောင်း အောင် လုပ်ပါမယ်။ အများပြည်သူအတွက်အသိပညာဖွံ့ ဖြိုးတိုးတက်ရာ တိုးတက် ကြောင်း အစီအစဉ်တွေကိုလည်း ထိုနည်းတူစွာ တိုးတက်အောင် ဆောင်ရွက်ပါမယ်။ ဒါတွေကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားရဲ့ ရုပ်သံအစီအစဉ်များ ကရော၊သတင်းနှင့် စာနယ်ဇင်းရဲ့ စာမျက်နှာ တွေပေါ်ကပါဆောင်ရွက်မှာ ဖြစ်ပါတယ်။ အလားတူ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိနေတဲ့ စာစောင်တွေ၊ စာအုပ်တွေ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနက ထုတ်ဝေနေတဲ့စာအုပ်၊ စာတမ်းတွေသည်လည်း ဒီတာဝန်ကိုထမ်းဆောင်တာပဲ ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ပြည်သူများအတွက်ဖျော်ဖြေမှုပေးတဲ့ လုပ်ငန်းတာဝန် ဖြစ်ပါတယ်။ အဓိကကတော့ ဒီတာဝန်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ ဆောင်ရွက်ပေး တယ်။ အများပြည်သူ အတွက်လည်း ပိုမိုနှစ်သက်ဖွယ်ဖြစ်တဲ့ ဖျော်ဖြေမှုအစီအစဉ်များ တင်ဆက်ပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ပြည်သူတွေ သိရှိဖို့ အစီအစဉ်၊ ပြည်သူအချင်းချင်းအကြား တစ်ဦးနှင့်တစ်ဦး ထိတွေ့ ပြီး အတွေးအမြင် အယူအဆတွေ ဖလှယ်နိုင်ဖို့ အစီအစဉ်၊ နေရာထိုင်ခင်းတွေ၊ ပွဲလမ်းတွေ စီစဉ်ပေးတဲ့အလုပ်တွေ၊ စကားဝိုင်းတွေ၊ တွေ့ဆုံပွဲတွေ စီစဉ်ပေးတာတွေကို လည်းဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပြီး ဒီကဏ္ဍအတွက်တော့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အဓိကတာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒီတာဝန်အရပ်ရပ်ကို လာမယ့်နှစ်များမှာ ပိုမိုတက်ကြွစွာ ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတဲ့ အကြောင်း တင်ပြချင်ပါတယ်။

 

ဆက်လက်ပြီး မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းအား ဆက်လက် မေးမြန်းခဲ့ ပါသည်။

 

ဦးအောင်လှထွန်း

ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန

 

မေး။ ။ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် တွေနဲ့ သတင်းသိပိုင်ခွင့်တွေက အင်မတန် အရေးကြီးပါတယ်ရှင့်။ ဒါကြောင့် မီဒီယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ဖို့အတွက် သတင်း လွတ်လပ်ခွင့်ကဘယ်လောက်အထိ အရေးပါတယ်ဆိုတာ သိပါရစေရှင့်။

 

ဖြေ။ ။ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သတင်းလွတ်လပ်ခွင့်က သိပ်အရေးကြီး ပါတယ်။ ဒါက မီဒီယာကဏ္ဍအတွက်တောင်မဟုတ်ဘူး။ နိုင်ငံတစ်ခုဖွံ့ ဖြိုးဖို့ အတွက်၊ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းဖို့အတွက် သတင်းစီးဆင်းမှုပေါ့။ အထူးသဖြင့် မှန်ကန်တိကျတဲ့ သတင်းရရှိဖို့က သိပ်အရေးကြီးပါတယ်။

 

နောက်တစ်ခုက တစ်နည်းပြောရရင် သတင်းလွတ်လပ်ခွင့်ပေါ့။ Access to Information က အထူးသဖြင့် ကျွန်တော်တို့လို ဒီမိုကရေစီနုနယ်သေးတဲ့ နိုင်ငံတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၅၀ကျော်လောက် ဒီမိုကရေစီနဲ့ရော၊ သတင်းမီဒီယာ လွတ်လပ် ခွင့်နဲ့ရော ကင်းဝေးခဲ့ပါတယ်။

 

ကျွန်တော်တို့ရဲ့ ဒီမိုကရေစီသက်တမ်းဟာခုနစ်နှစ်လောက်ပဲရှိပါသေးတယ်။ လွတ်လပ်တဲ့ မီဒီယာ သက်တမ်းကလည်း ငါးနှစ်သာသာလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက်ပို အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ဒီစိန်ခေါ်မှု အသစ်တွေကလည်း တွေ့နေရတာ ဆိုတော့ အရင်ကထက်ပိုလို့တောင် အရေးကြီး လာပါတယ်။

 

မေး။ ။ သတင်းလွတ်လပ်ခွင့်နဲ့ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရင် ဘယ်လိုများ ဆက်သွယ်နေသလဲဆိုတာသိချင်ပါတယ်ရှင့်။

 

ဖြေ။ ။ ဒါကအများကြီးဆက်စပ်မှု ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သတင်းမီဒီယာ ရဲ့အဓိက တာဝန်က အစိုးရရဲ့ မဏ္ဍိုင်ကြီးသုံးရပ်ပေါ့လေ။ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး တို့ပေါ့။ အဲဒါတွေနဲ့ ပြည်သူအကြားမှာပေါင်းစပ်ပေးတာ၊ ဆက်စပ်ပေးတာ ဖြစ်ပါတယ်။ မဏ္ဍိုင်ကြီးသုံးရပ်က လုပ်ကိုင်နေတာကို ပြည်သူကို တင်ပြရတယ်။ ပြည်သူရဲ့ ခံစားချက်တွေကို ပြည်သူရဲ့အခြေအနေတွေကို မဏ္ဍိုင်သုံးရပ်ကို အသိပေးရပါတယ်။

 

ဒါတင်မကသေးပါဘူး။ နိုင်ငံရဲ့ ပုံရိပ်ကိုလည်းနိုင်ငံတကာအသိုင်းအဝိုင်း အပေါ်မှာ မီဒီယာကပဲ ပုံဖော်ပေးရတယ်။ အဲဒီတော့ နိုင်ငံတစ်ခုရဲ့ အနေအထားကို နိုင်ငံတကာကို ပြောပြရတဲ့အခါ မှာသတင်းမီဒီယာကဏ္ဍက သိပ်ကိုအရေးကြီးပါတယ်။

 

ဒါပေမယ့် သတင်းမီဒီယာဟာ လွတ်လပ်တဲ့အပြင် Professional ဖြစ်ဖို့ လိုအပ်ပါတယ်။ မီဒီယာဟာ စစ်မှန်တဲ့ မီဒီယာအလုပ်ကိုလုပ်ရမယ်။ မီဒီယာအတွက်ရှိတဲ့ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေ ၊ Ethics တွေကိုလည်း လိုက်နာဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာက နိုင်ငံတစ်ခု အပေါ် မှာ မူဝါဒတစ်ခုကို ချမှတ်တော့မယ် ဆိုရင်စီးပွားရေးသော်လည်းကောင်း၊ နိုင်ငံရေးသော်လည်း ကောင်း၊ အခြားကိစ္စတစ်ခုခုနဲ့ ပတ်သက်၍သော်လည်းကောင်း မူဝါဒတွေချမှတ်တဲ့အခါမှာ မီဒီယာ တွေရဲ့ ရေးသားချက်ကို အဓိကအားထားတတ်ကြပါတယ်။ ဒါကြောင့် မီဒီယာတွေက မျှမျှတမှန်မှန်ကန်ကန်နဲ့ ရေးသားဖော်ပြဖို့ဟာ သိပ်အရေးကြီးပါတယ်။

 

မေး။ ။ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အစိုးရရဲ့ တတိယ(၁)နှစ်တာ ကာလ အတွင်းမှာဘယ်လိုတွေ ဆောင်ရွက်ထားပါသလဲ။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အကြောင်း အရာတွေကိုလည်း သိချင်ပါတယ်။

 

ဖြေ။ ။ ဆောင်ရွက်တာတွေအကြောင်းပြောရရင် မီဒီယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်တတိယ (၁)နှစ်တာအတွင်းမှာ ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ အဓိက ကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုရင် သတ္တမအကြိမ် Myanmar Media Development Conference မြန်မာမီဒီယာဖွံ့ ဖြိုးတိုးတက်မှု ကွန်ဖရင့်ကိုကျွန်တော်တို့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေဖြစ်တဲ့ IMSတို့၊ ယူနက်စကိုတို့ စသည်ဖြင့် လက်တွဲပြီးအောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ခုနစ်ကြိမ်မြောက်ရဲ့ ထူးခြားမှုကတော့နေပြည်တော်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့က မီဒီယာလောကမှာ တွေ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ မီဒီယာလောကဖွံ့ ဖြိုးတိုး တက်ဖို့အတွက် ဘာတွေလိုအပ်သလဲစသည်ဖြင့်အဲဒါတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။

 

မေး။ ။အစိုးရတာဝန်ယူချိန်ကနေစပြီးတော့ ယခု အချိန်အထိ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ အပေါ်မှာ ကိုယ်မျှော်မှန်းထားခဲ့သလိုရော ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နိုင်ခဲ့ရဲ့လားရှင့်။ အဲဒီအပေါ်မှာ အားနည်းချက်၊ အားသာချက်တွေရှိမလားဆိုတာ ရှင်းပြပေးပါရှင့်။

 

ဖြေ။ ။ စောစောက တတိယ(၁)နှစ်တာအတွင်း မှာ လုပ်ဆောင်ချက်တွေအနက် ကျွန်တော်ပြောဖို့ ကျန်ခဲ့တာနည်းနည်းရှိပါတယ်။မှန်ပါတယ်။ ကျွန်တော့်ကို အဲဒီလို မေးရင်တော့ကျွန်တော်ကတော့ အများကြီးမျှော်လင့်ထားခဲ့တာဆိုတော့လေ၊ မျှော်လင့်တာတွေ သိပ်များလွန်းတဲ့အခါကျတော့ သိပ်အားမလိုအားမရဖြစ်တာတော့ ရှိတာပေါ့။ လုပ်ရမယ့်အရာတွေက အများကြီးရှိနေပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာအဓိကလိုအပ်နေတဲ့ဟာပေါ့လေ၊ ဒါကလည်း ကျွန်တော့်အမြင်ပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အဓိကလိုအပ်ချက်ကတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းနိုင်ပြီးတော့ကျင့်ဝတ်လိုက်နာတဲ့၊ အမှီအခိုကင်းတဲ့ မီဒီယာပေါ်ထွန်းရေး ဖြစ်ပါတယ်။

 

မီဒီယာတွေဟာ ဒီမိုကရေစီကိုစောင့်ကြည့်ဖို့၊ ထိန်းကျောင်းပေးဖို့အတွက် ကျင့်ဝတ် လိုက်နာကြဖို့ လိုပါတယ်။ နောက်တစ်ခုက မီဒီယာအလုပ်ကိုလုပ်ဖို့ပီပြင်တဲ့ Professionalism ဟာ သိပ်အရေးကြီးပါတယ်။ မီဒီယာကမှားလိုက်တာနဲ့ အားလုံးဟာအလွဲလွဲ အချော်ချော် ဖြစ်မှာပါပဲ။ နောက်တစ်ခုကအမှီအခိုကင်းဖို့ လိုပါတယ်။ Independent ဖြစ်ရမယ်။ Independent မှာ နှစ်ခြမ်းရှိပါတယ်။ ပထမတစ်ခုက လွတ်လွတ်လပ်လပ်လုပ်လို့ရမယ်၊အနှောင်အကင်းမရှိစေရဘူး။ နောက်တစ်ခုက အမှီအခိုကင်းဖို့ လိုပါတယ်။

 

ဥပမာ- အမှီအခိုကင်းရမယ်ဆိုတာတစ်ယောက်ယောက်ရဲ့ အထောက်အပံ့နဲ့ပေါ့ Editorial Policy ပေါ့။ အယ်ဒီတာပိုင်းဆိုင်ရာမူဝါဒကို ဘယ်သူမှစွက်ဖက်ခြင်း မရှိဖို့က သိပ်အရေးကြီးပါတယ်။

 

ဘယ်သူပဲပိုင်ဆိုင်ပါစေ။ ပိုင်ဆိုင်တာကသိပ်အရေးမကြီးပါဘူး။ ပုဂ္ဂလိကကပိုင်လို့ ရတယ်။ အဖွဲ့အစည်းကပိုင်လို့ရတယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပိုင်လို့ရတယ်။ နိုင်ငံတော်အစိုးရက ပိုင်လို့ရတယ်။ အသင်းအဖွဲ့တစ်ခုကလည်းပိုင်လို့ရတယ်။ သို့သော် မီဒီယာမှာသတ်မှတ် ထားတဲ့ စံတွေ ရှိပါတယ်။

 

အဲဒီဟာပေါ်ထွန်းဖို့အတွက်ကျွန်တော်တို့ဟာ ကြိုးစားနေတုန်းပါပဲ။ ဆက်ပြီး တော့လည်း ကြိုးစားဦးမှာပါ။ သို့ပေမယ့် အထိုက်အလျောက်တော့ အောင်မြင်မှုရှိပါတယ်။

 

အထူးသဖြင့် ခုနကပြောခဲ့တာ မီဒီယာရဲ့ Professional Skills ပေါ့လေ၊ ကျွမ်းကျင်မှုရှိရမယ်။ မီဒီယာ Ethics ပေါ့၊ ကျင့်ဝတ်ပိုင်းဆိုင်ရာမြှင့်တင်မှုရှိရမယ်။ နောက်တစ်ခုက Access to Information ပေါ့၊ သတင်းအချက်အလက်သိရှိပိုင် ခွင့်ရှိရမယ်။ အဲဒါလည်း မြင့်မားဖို့လိုပါတယ်။ နောက်တစ်ခုက Safety of the Journalist ပေါ့ သတင်းသမားတွေရဲ့ လုံခြုံမှုဟာ သိပ်အရေးကြီး ပါတယ်။

 

အခြားစိန်ခေါ်မှုတွေလည်း အများကြီး ပေါ့လေ။ နောက်အရေးကြီးတာကတော့ Sustainability of Private Media ပေါ့။ ပုဂ္ဂလိက မီဒီယာအချို့ အထူးသဖြင့် Print Media လို့ခေါ်တဲ့ ပုံနှိပ်မီဒီယာတွေ ရေရှည်မှာရပ်တည်နိုင်ရေးဟာ သိပ်အရေးကြီးပါတယ်။ ပြောရမယ်ဆိုရင်အဲဒါကို ကျွန်တော်တို့တွေအားလုံးဟာ ဝိုင်းဝန်းပူးပေါင်းအဖြေရှာဖို့ လိုပါတယ်။ ကျွန်တော်ဆိုလိုချင်တာက အဲဒါဟာ အစိုးရတာဝန်တစ်ခုပဲမဟုတ်ပါဘူး။ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

 

မေး။ ။အခုဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်သူနဲ့အဓိကဆက်ဆံနေတဲ့ အဓိကကျတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်တစ်ခုလည်း ဖြစ်တယ်ဆိုတော့ ဒုတိယဝန်ကြီး အနေနဲ့ နောက်ဆုံးပြည်သူကို ပေးချင်တဲ့ Message စကားလေး ဘာများဖြစ်ပါမလဲရှင့်။

 

ဖြေ။ ။ ပြောချင်တဲ့ Message စကားက မီဒီယာဟာ အရင်ကထက်စာရင် ပိုပြီးတော့ အရေးပါလာပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ပြည်သူသန်း ၅၀ လောက်က အားလုံး Hand Phone သုံးနေကြပါတယ်။ မီဒီယာကို ထိတွေ့မှုပေါ့။ မီဒီယာရရှိမှု မီဒီယာသုံးစွဲမှုဟာလည်း ပိုပြီးတော့ မြင့်မားလာပါတယ်။ အဲဒီမှာ နောက်ဆုံးတစ်ခုဖြစ်တဲ့ New Media Platform တစ်ခုပေါ်လာ ပါတယ်။ Social Media လို့ခေါ်တဲ့ Facebook ပေါ့။ သူ့မှာ ကောင်းတာတွေ အများကြီးရှိပါတယ်။ ကောင်းတာတွေတော့ မပြောတော့ပါဘူး။ မကောင်းတာတွေလည်း အများကြီးရှိတယ်။စနစ်တကျ အသုံးမပြုဘူးဆိုရင် သူ့မှာအကျိုးဆက်တွေက ဆိုးကျိုးတွေ များပါတယ်။

 

ကျွန်တော်တို့နိုင်ငံမှာ အဲဒီကဏ္ဍနဲ့ပတ်သက်ရင် တိုးတက်မှုကသိပ်မြန်တယ်။ နိုင်ငံတော်မူဝါဒ၊ ပေါ်လစီတွေ ပြောင်းလိုက်တော့ လူတိုင်းက မိုဘိုင်းဖုန်းကိုင်နေပြီ။ လူတွေရဲ့ မီဒီယာစားသုံးမှု၊ သုံးစွဲမှုဟာလည်း ပုံစံကလည်း ပြောင်းလဲလာပါတယ်။ လူတွေက ပုံနှိပ်မီဒီယာကို သိပ်အားမကိုး တော့ပါဘူး။ အွန်လိုင်းမှာပဲတင်ပြီးတော့ ပြောကြတယ်။ ဆိုရှယ်မီဒီယာမှာ နောက်တစ်ခုက Share (မျှဝေ) လို့ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ မျှဝေလို့ရတယ်။ အင်တာနက်ကနေ အပြန်အလှန် ဆက်စပ်လို့ရတယ်။

 

သတင်းဖန်တီးတဲ့လူနဲ့ သတင်းသုံးစွဲတဲ့လူကြားမှာ အပြန်အလှန်ချိတ်ဆက်လို့ ရတယ်။ မျှဝေလို့ရတယ်။ Comment လုပ်လို့ရတယ်။အဲဒီအခါကျတော့ သတင်းအချက်အလက် အသိ ပညာ ခေါ်မှာပေါ့။ Media Information literacy လို့ ခေါ် ကြပါတယ်။ အဲဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ တော်တော်လေးအားနည်းတာ တွေ့ရပါတယ်။ သာမန်ပြည်သူတွေသာ မကဘူး၊ ခေတ်ပညာတတ်ပုဂ္ဂိုလ်တွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေတောင်မှ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ Post တွေကို မှားမှန်း၊ မှန်မှန်းမသိ၊ ကောက်ခါငင်ကာဝင်ပြီးတော့ Comment တွေ ရေးတယ်။ သူငယ်ချင်းတွေဆီ မျှဝေတယ်။ အချို့ဆိုဆဲတာ၊ဆိုတာတွေတောင်ရှိကြပါတယ်။ အဲဒီအပေါ်မှာအခြေခံပြီးတော့ အမှားအမှန်မသိတဲ့ အချက်အလက်အကြောင်းအရာတစ်ခုကို အဲဒီလိုလုပ်တာဟာတိုင်းပြည်အတွက် အင်မတန်အန္တရာယ်ကြီးပါတယ်။

 

ကျွန်တော်တို့နိုင်ငံအတွက် သိက္ခာတွေကျ စေတယ်။ အမုန်းတရားတွေ ပွားစေတယ်။ ဒီဆိုရှယ် မီဒီယာပေါ်မှာ Disinformation လို့ခေါ်တဲ့ သတင်းအမှားတွေ ထုတ်လွှင့်တာပေါ့နော်။ ယုံထင်ကြောင်ထင်ပေါ့။ Fake News (မှားယွင်းတဲ့သတင်း) တွေ၊ Hate Speech (အမုန်းတရား)တွေ ဖြန့်ချိပေးနေတာတွေ၊ Fabrication (လုပ်ကြံတဲ့သတင်း) တွေ၊ အဲဒါတွေရဲ့ အန္တရာယ်ဟာ တော်တော်ကြီးမားလာပါတယ်။

 

အဲဒါကြောင့် ကျွန်တော် ပြည်သူကိုပေးချင် တဲ့ Message ကတော့ Media Information literacy ရဲ့ ကကြီးခခွေးကို ပြောရတာပေါ့နော်။အခြေခံလို့လည်း ပြောလို့ရပါတယ်။ ဒီသတင်းတစ်ခုကို တွေ့ရင် ဒီယူနက်စကိုက ထုတ်ထားတဲ့ဟာကို တွေ့လို့ပါ။ တော်တော်လေး အသုံးဝင်တာကို တွေ့ရပါတယ်။

 

သတင်းတစ်ခုကိုတွေ့ ပြီဆိုရင် သတင်းဖတ်တဲ့အခါ လိုက်နာရမယ့်အချက်လေးပါ။ ပထမဆုံးက သတင်းအရင်းအမြစ်ကိုရှာဖွေပါ။ သတင်းကိုမဖတ်ခင် ဒီသတင်းကိုဘယ်က ဖော်ပြတာလဲ၊ သူဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို ကိုယ်ကဖော်ထုတ်ဖို့လိုပါတယ်။ သူကလိပ်စာ တွေရှိလား၊ သူ့ Account တွေကအတုတွေလား။ လူတစ်ယောက်ထဲကအကောင့်တွေ အများကြီး ထားတယ်ဆိုတာ ကျွန်တော်တို့ဆီမှာ တော်တော်လေး ဖြစ်လေ့ဖြစ်ထရှိတယ်။

 

နောက်တစ်ခုကသတင်းတစ်ပုဒ်လုံးကိုလည်း ဆုံးအောင်ဖတ်ဖို့ လိုပါတယ်။ ခေါင်းစဉ် လောက် ဖတ်ပြီး ပိတ်ထားလို့မရဘူး။ သတင်းခေါင်းစီးတွေက လူတွေကိုဆွဲဆောင်မှု ရှိအောင် ပေါ့လေ၊ ခေါင်းစီးနဲ့ ဖမ်းစားထားတာပေါ့။ ဒါကြောင့်ဆုံးအောင်လည်း ဖတ်ကြည့်ဖို့ လိုပါတယ်။ ရေးထား တာနဲ့ ခေါင်းစီးနဲ့ကဘယ်လိုရှိတယ်ဆိုတာပါ။နောက်တစ်ခုက သတင်းရေးတဲ့လူကိုလည်း စိစစ်ဖို့ လိုပါတယ်။ ဘယ်လိုလူမျိုးလဲ၊ နောက်ခံ ဘယ်ကလာသလဲ။ လက်ရှိမှာနာမည်ဝှက်နဲ့ ဆဲဆိုနေတဲ့ ပုဂ္ဂိုလ်လားစသည်ဖြင့် လေ့လာဖို့ လိုပါတယ်။

 

သတင်းရေးတဲ့နေ့စွဲကိုလည်း ကြည့်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ နှစ်တွေက သတင်းတွေဟာ User Generated Content ပေါ့။ အမျိုးမျိုးပြန်ပြီး ပေါ်လာနိုင်ပါတယ်။ ဒါမှမဟုတ် လူမှုကွန်ရက်မှာ ပို့စ်တင်တဲ့နေ့နှစ်ပတ်လည်အဖြစ် ပြန်တက်လာတတ်ပါတယ်။ အချို့က အသစ်ထင်ပြီးသတင်းတွေ ပြန်ဖော်ပြကြတာရှိပါတယ်။ မှားလည်းမှားလေ့မှားထ ရှိပါတယ်။ ကျွန်တော်တို့ သတင်းစာထဲမှာတောင် ကြုံဖူးပါတယ်။ တောင်းပန်ရပါတယ်။

 

နောက်တစ်ခုက ကျွမ်းကျင်တဲ့သူကိုမေးပါ။ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကိုသတင်းကို ဝေဖန်ခိုင်းတာမျိုးပါ။ နောက်တစ်ခုကအကိုးအကားတွေကိုလည်းကြည့်ပါ။

နောက်တစ်ခုက ဒီသတင်းတစ်ခုဟာသရော်စာ ဟုတ်လားမဟုတ်လားဆိုတာလည်း အရေးကြီးပါ တယ်။ သရော်စာဆိုတာရှိပါတယ်။သူကနည်းနည်းငေါ့တော့တော့ ရေးတာပေါ့လေ။ အဲဒါကို အတည်ပေါက်ယူ လို့မရပါဘူး။ တစ်ခါတစ်ခါကျတော့လည်း နားလည်ပေးဖို့လိုပါတယ်။ အဲဒါလေးတွေကို အသိပညာမျှဝေလိုပါတယ်။

 

မေး။ ။သတင်းစီးဆင်းမှုနဲ့ ပတ်သက်ပြီးတော့ လည်း ဖြည့်စွက်ပြီးတော့ ပြောကြားလိုတာများရှိရင် ပြောပေးပါဦးရှင့်။

 

ဖြေ။ ။သတင်းစီးဆင်းမှုနဲ့ ပတ်သက်လို့ကျွန်တော် တို့ စီစဉ်ဆောင်ရွက်နေတာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ Right to Information Law ပေါ့။ သတင်းအချက်အလက် သိရှိပိုင်ခွင့် ဥပဒေဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ မူကြမ်းရေးဆွဲနေပါတယ်။ ဒီဥပဒေက သတင်းစီးဆင်းမှု အတွက်သိပ်ကိုအရေးကြီးပါတယ်။ နိုင်ငံပေါင်း ၁၁၀ ကျော်မှာပြဋ္ဌာန်းထားပြီးပါပြီ။ အားလုံး အဆင် ပြေခဲ့ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း မကြာခင်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပဒေပေါ်ထွန်းလာခဲ့ရင် သတင်းလွတ်လပ်မှုသာမကပါဘူးပြည်သူတိုင်းက၊ နိုင်ငံသားတိုင်းက သတင်းအချက်အလက် သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

 

နောက်တစ်ခုကတော့ ကျွန်တော်တို့ရဲ့ Four Pillar Workshop လို့ခေါ်ပါတယ်။ မဏ္ဍိုင်လေးရပ် ဖြစ်တဲ့ စောစောက ကျွန်တော်ပြောခဲ့တဲ့ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေ အစိုးရရဲ့ Organs သုံးခုပေါ့။နောက်တစ်ခုကတော့ မီဒီယာပေါ့လေ။ အဲဒီမဏ္ဍိုင်လေးရပ်ကြားမှာ အပြန်အလှန် နားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အတွက်ကို ကျွန်တော်တို့က Four Pillar Workshop ကိုကျင်းပလာခဲ့တာ အခုဆိုရင် နှစ်ကြိမ်ရှိခဲ့ပါပြီ။ မကြာခင် ဒီဧပြီလကုန်မှာ တတိယအကြိမ် Workshop ကို နေပြည်တော် မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အဲဒီလိုကျင်းပခြင်းအားဖြင့် ကျွန်တော်တို့ဟာမီဒီယာနဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန် အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီးတော့ မြှင့်တင်နိုင်မယ်လို့ ထင်ပါတယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ်။ ။