အများအားဖြင့် သာယာမည်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက် ၉ နာရီခွဲအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ 

ညအပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်း ခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန် ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ရမ်ကလောင်းတွင် (၂)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့၊ မိုင်းယန်းမြို့နှင့် ဟားခါးမြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန