အလုပ်လက်မဲ့ဖြစ်သွားသည့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုသက်တမ်း တစ်နှစ် တိုးမြှင့်ရန် အမိန့်ထုတ်ပြန်

နေပြည်တော် ၂၂ မတ်

ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည့် အာမခံအလုပ်သမားများ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ဆက်လက်ရရှိနိုင်ရေးအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပုဒ်မ ၁၀ဝ နှင့်အညီ ခံစားခွင့်ပြုပေးမည်ဖြစ်ကြောင်း မတ် ၂၀ ရက်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၂၀) အရ သိရှိရသည်။

ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကိုဗစ် -၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးဂယက်များကြောင့် မြန်မာနိုင်ငံရှိ ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားစနစ် (CMP) လုပ်ငန်းလုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အပါအဝင်  လုပ်ငန်းဌာနများအနေဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းများယာယီ ပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်းနှင့် အလုပ်သမားများ လျှော့ချခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့ အကြပ်အတည်း အခက်အခဲ ကြုံတွေ့နေရသည့် ၂၀၁၂ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အလုပ်ရှင်ကြောင့်အလုပ်လက်မဲ့ ဖြစ်သွားသော အာမခံအလုပ်သမားများအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀ဝ ကို ကျင့်သုံး၍ လုပ်ငန်းဌာနများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြောင်းလဲလာသည့် လူမှုရေးလိုအပ် ချက်များကိုထောက်ရှု၍ ဥပဒေနှင့်အညီ ခံစားခွင့်အချို့ကို ဖြေလျော့ကင်းလွတ် ခွင့်ပြုလိုက်ကြောင်း အဆိုပါ အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

ယင်းကြော်ငြာစာအရ အလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုရန်၊ အလုပ်လက်မဲ့ဖြစ်သည့်နေ့မှစ၍ ဆေးဖိုးနှင့်ခရီးစရိတ်များကို တစ်နှစ်အထိ တိုးမြှင့်ခံစားခွင့်ပြုရန်တို့ကို အလုပ်လက်မဲ့ ဖြစ်နေသည့် အလုပ်သမားများ ရရှိခံစားနိုင်မည်ဖြစ်သည်။ ယင်းအမိန့် ကြော်ငြာစာကို ထုတ်ပြန်သည့် ၂၀၂၀ပြည့်နှစ် မတ် ၂၀ ရက်တွင် စတင်၍ ရရှိခံစားနိုင်မည်ဟု သိရှိရသည်။ 

ခင်ရတနာ