အကယ်ဒမီအတွက် ဇာတ်ကား ၉၆ ကားရှိနေပြီး ယခင်နှစ်များထက် ပြိုင်ဆိုင်မှု ပြင်းထန်မည်

၁၁ ဒီဇင်ဘာ

၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဇာတ်ကားများကို နိုဝင် ဘာလအတွင်းက စတင်စိစစ်ကြည့်ရှုနေပြီဖြစ်ရာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပပြုလုပ်မည့်အကြောင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

မေး။ ။နိုဝင်ဘာ ၁၄ ရက်ကစပြီး မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေ စိစစ်ကြည့်ရှုနေတယ်ဆိုတာ သိရပါတယ်၊ အဲဒါနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ကျွန်တော်တို့ အကဲဖြတ်အဖွဲ့ဝင်တွေကတစ်နေ့ကို ရုပ်ရှင်ဇာတ်ကား နှစ်ကားနှုန်းနဲ့ ကြည့်ကြပါတယ်။ ခုချိန်အထိတော့ ဇာတ်ကားပေါင်း ၃၀ ကျော် ကြည့်ပြီးနေပါပြီ။ ဒီအထဲမှာ လူလတ်ပိုင်းဖြစ်တဲ့ ကိုရန်အောင်၊ ကိုလွင်မိုးအပြင် မေသန်းနုတို့လည်း ပါလာတယ်။ သူတို့လည်း အလုပ် တစ်ဖက်နဲ့ဆိုတော့ နေ့ပိုင်းမအားရင် ညပိုင်းကြည့်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ မနှစ်က အယောက် ၄၀ ကျော်ရှိတယ်။ ဒီနှစ်က နည်းနည်းနဲ့ ကြဲကြဲဆိုပြီး ၂၄ ယောက်ပဲ ဖွဲ့စည်းကြည့်ရှုကြပါတယ်။ ။

မေး။ ။ဒီနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် အကဲဖြတ်အဖွဲ့က လူလတ်ပိုင်းပညာရှင်တွေလည်းပါတယ်ဆိုတော့ ထူးခြားမှုများရှိလာမလား ခင်ဗျာ။

ဖြေ။ ။အရင်တုန်းကတော့ အကဲဖြတ်အဖွဲ့မှာ အသက် ၇၀ ကျော်လောက်ပဲပါတယ်။ ဘာလို့လဲဆိုတော့ ရုပ်ရှင်မရိုက်တော့မှဘဲ အကဲဖြတ်အဖွဲ့မှာ ပါလို့ရပါတယ်။ သူတို့ရိုက်ထားတဲ့ကားတွေက ရွေးရမယ့်ကားထဲမှာ ပါဝင်နေရင် အပြစ်ပြောစရာဖြစ်မှာစိုးလို့လေ။ ခုကတော့ ရှောင်လို့လည်း မလွတ် ပါဘူး။ ဥပမာ-ကိုလွင်မိုး ဇာတ်ကားကြည့်ချိန် ကိုယ်ရိုက်ထားတဲ့ကား ပါရင်တော့ ရှောင်ရတယ်။ ဒီလိုလုပ်ဆောင်နေပါတယ်။ လူကြီးပိုင်းတွေကတော့ ကိုယ်တိုင်တောင် အားမရတဲ့အပိုင်းတွေရှိတယ်။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူးလေ။ ခေတ်အခြေအနေ၊ ပရိသတ်အခြေအနေတို့ကိုလည်း လူကြီးပိုင်းတွေက နည်းနည်းအလှမ်းဝေးတယ်။ လူလတ်ပိုင်းတွေပါလာတော့ ခေတ်ကာလအခြေအနေလည်း သိမယ်ထင်တယ်၊ ဒါကြောင့် အကဲဖြတ်အဖွဲ့အတွက် လူလတ်ပိုင်းပညာရှင်တွေပါတာ သင့်လျော်မယ်ထင်ပါတယ်။

မေး။ ။၂၀၁၉ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲက ယခင်နှစ်တွေထက် ဘယ်လိုထူးခြားတာတွေ ဖြစ်နိုင်မလဲ။

ဖြေ။ ။ဒီနှစ် ၉၆ ကားရှိတော့ အကဲဖြတ်ရတဲ့သူတွေ သိပ်တော့ မလွယ်ဘူးထင်တယ်။ ၉၆ ကားလည်းဖြစ်တယ်။ နည်းနည်းအပြိုင်အဆိုင်လည်း ပြင်းထန်တယ်။ နည်းနည်းလေး ခြေလှမ်းတစ်ချက်မှားတာဖြစ်ဖြစ်၊ အတိမ်းအစောင်းတစ်ခုခုဖြစ်တာနဲ့ အဆဲခံရဖို့လည်း များပါတယ်။ အကယ်ဒမီဆုမရသူတွေကတော့ အပြစ်တင်မှာပါပဲ။ ဒါတော့ နှစ်တိုင်းဖြစ်နေကျလေ။ အပြစ်တင်ခံရတာနည်းအောင်တော့ လုပ်သင့်တယ်လို့ထင်တယ်။ တစ်တိုင်း ပြည်လုံးက မကြိုက်တဲ့လူကို အပေးမှားတာတော့ မဖြစ်စေချင်ဘူး။ ဒါတွေလည်း ဖြစ်ခဲ့ဖူးလို့ ပရိသတ်တစ်ယောက်အနေနဲ့ ပြောတာပါ။

ကိုလင်း