အကယ်ဒမီ ဝတ်မှုံရွှေရည်က “စုဖုရားလတ်”ဇာတ်လမ်းတွဲတွင် စုဖုရားလတ်အဖြစ် သရုပ်ဆောင်သွားမည်

စာရေးဆရာ ဝင်းငြိမ်း၏ နန်းကျဘုရင် ဝတ္ထုကို အသက်သွင်း ရိုက်ကူးသွားမည့် စုဖုရားလတ် ဇာတ်လမ်းတွဲထဲတွင် အဓိကဇာတ်ကောင် စုဖုရားလတ်အဖြစ် ဝတ်မှုံရွှေရည်က ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကစ်ကစ် အနေနဲ့ ၂၀၂၀ မှာ ကားတွေ အများကြီး စီစဉ်ထားတာရှိတော့ ရိုက်ဖြစ်ရင်၊ ရိုက်ဖို့နီးရင်၊ သေချာရင် ပြန်ပြောပေးပါ့မယ်။ ဇာတ်လမ်းတွဲဆိုတော့ တာဝန်ကြီးတယ်လို့ ပြောရမယ်၊ စုဖုရားလတ်နေရာကဆိုတော့ ပိုပြီး တာဝန်ကြီးပါတယ်။ သေသေချာချာလေးကို ပြင်ဆင်မှရမှာ၊ အခုကတော့ ပြင်ဆင် နေဆဲကာလပေါ့၊ ကာရိုက်တာနဲ့လိုက်တယ် မလိုက်ဘူး ဆိုတာထက် ကစ်နဲ့လိုက်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်။ ဘယ်အလုပ်မဆို ကစ်က စိန်ခေါ်တာကို ပိုကြိုက်တယ်၊ ကိုယ်နဲ့မလိုက်တဲ့ဇာတ်ရုပ်တွေကို လုပ်ရရင် ပိုပြီးရင်ခုန်တယ်”ဟု ဝတ်မှုံရွှေရည်က ပြောသည်။

 

ဝတ်မှုံရွှေရည် ပါဝင်သရုပ်ဆောင်ခဲ့သည့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးသည် ရုပ်ရှင်ရုံများပေါ်တွင် အောင်မြင်မှု ရရှိခဲ့ရုံ သာမက စင်ကာပူ၌ကျင်းပခဲ့သည့် အာရှအဆင့် Asian Academy Creative Awards ဆုပေးပွဲကြီးတွင်လည်း ဆုခြောက်ဆုအထိ ရရှိခဲ့ရာ လာမည့် အကယ်ဒမီပေးပွဲအတွက်လည်း ပရိသတ်များက ခန့်မှန်းလျက်ရှိကြသည်။

 

“ကစ်ကို ပရိသတ်တွေက အကယ်ဒမီ ရစေချင်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ရတာမရတာကတော့လည်း တစ်ကဏ္ဍပေါ့။ ကစ်ကတော့ ဘာမှမမျှော်လင့်ထားဘူး၊ ပေးရင်တော့လည်း ယူလိုက်မယ်ပေါ့နော်။ ရရင်တော့လည်း အတိုင်းမသိ ပျော်ရမှာပေါ့၊ ကစ်ရဲ့ ပရိသတ်တွေလည်း ပျော်ရမှာလေ၊ အစကတည်းက အကယ်ဒမီ ရဖို့အတွက် ရည်ရွယ်ပြီး ရိုက်တာမဟုတ်ဘဲ ကိုယ်လုပ်ရမယ့် ကာရိုက်တာကိုပဲ ဂရုစိုက်ပြီး သရုပ်ဆောင်ခဲ့တယ်၊ ပရိသတ်က ကျေနပ်တယ်ဆိုရင်ပဲ တော်တော်လေး ပျော်စရာ ကောင်းပါတယ်”ဟု ဆက်ပြောသည်။

 

ဝတ်မှုံရွှေရည်အနေဖြင့် ၂၀၁၃ ခုနှစ်က နင်စေရင် ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီးနောက် ဆက်တိုက်ဆိုသလို အောင်မြင်မှုများ ရရှိခဲ့ကာ ဇာတ်လမ်းတွဲ သရုပ်ဆောင်ခြင်းမှာမူ ယခုသရုပ်ဆောင်မည့် စုဖုရားလတ် ဇာတ်လမ်းတွဲက ပထမဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုလင်း