အကြိမ်(၂၀)မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

ကော့သောင်း  ၁ မတ်

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အကြိမ်(၂၀)မြောက် ပရိယတ္တိသာသနာ့နုဂ္ဂဟ စာအောင်ဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယမန့်နေ့ မွန်းလွဲ ၁ နာရီက ကော့သောင်းမြို့ ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်တွင်   ကျင်းပခဲ့ရာ ဆရာတော် သံဃာတော်ကြီးများ၊ စာအောင်ရှင်သာမဏေများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသည့် ဧည့်ပရိသတ်များက နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး  ပြည်တော်အေးကျောင်းတိုက် ပဓာနနာယက   ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟ စာပြန်စာမေးပွဲ  စာအောင်သံဃာတော်များ၊ နိုင်ငံတော်သာသနဓဇ ဓမ္မာစရိယ၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင် သံဃာတော်များ၊ အဘိဓမ္မာဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်မြင်သူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲ အောင်မြင်သူများအား အောင်လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သာသနာ့ဗိမာန်တော်ရှေ့တွင် ကော့သောင်းမြို့ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်များနှင့် စာအောင်သံဃာတော်များအပါး (၂၀ဝ)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူကြရာ စေတနာရှင် အလှူရှင်များက ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)