အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်

အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်

 

ဦးလှသိန်း ( ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် )

================================

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြီးသတ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲရလဒ်များ မှန်မှန်ကန်ကန် စနစ်တကျထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်ပါတီများ၊ လာရောက်ဆန္ဒမဲပေးသည့် မဲဆန္ဒရှင် အရေအတွက်နှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့  ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို   လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုစီစဉ်ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကော်မရှင်မှာ  တာဝန်ပေးမယ်လို့  အဆိုပြုစဉ်က ကျွန်တော့်မှာ ပြင်းပြတဲ့ ဆန္ဒတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါက ပြည်သူ့ဆန္ဒနဲ့  ရွေးကောက်ပွဲရလဒ်  တစ်ထပ်တည်းကျအောင်  ကြိုးစား ဆောင်ရွက်မယ်ဆိုတဲ့ ဆန္ဒဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၁၁၁၇ ဦးရဲ့ ရလဒ် တွေကို ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ ပြည်သူ့ဆန္ဒနဲ့ တစ်ထပ်တည်း ကျ၊ မကျ ဆိုတာကို မဲဆန္ဒရှင်ပြည်သူတွေကပဲ အဆုံးအဖြတ် ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ပြည်သူ့လွှတ်တော်မှာ ၃၁၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၁၂ ဦး၊ တိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် ၂၉ ဦး ပေါင်း ၁၁၁၇ ဦးရဲ့ ရလဒ်တွေကို ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာဖြစ်ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲရဲ့ အောင်ပွဲဟာ ပြည်သူ တွေရဲ့အောင်ပွဲလို့ ကျွန်တော်ယူဆပါတယ်။ ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ပြည်သူသာအဓိကဆိုတဲ့ ဆောင်ပုဒ်က အထောက်အကူဖြစ်ပါတယ်။

မေး။ ။ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် အရေအတွက်ထက် လာရောက်မဲပေးခဲ့တဲ့ မဲဆန္ဒရှင်  အရေအတွက်က  ပိုများနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိလိုပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲရလဒ်   ကြေညာနေစဉ်မှာပဲ  သတင်းအမှားတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအမှားကတော့ မဲဆန္ဒရှင်စာရင်းမှာ ၃၇ သန်းကျော်ပဲရှိတယ်။ မဲပေးလာတဲ့ အရေအတွက်က ၃၉ သန်းကျော်ဆိုပြီး တက်လာပါတယ်။  ဒါက  သတင်းမှားပါ။  တကယ့်သတင်းအမှန်ကတော့ မဲဆန္ဒရှင်စာရင်း အရေအတွက်က ၃၈ သန်းပဲ ရှိပါတယ်။ မဲလာပေးတဲ့ မဲဆန္ဒရှင်က ၂၇ သန်းဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။

မေး။ ။ အမေရိကန်နိုင်ငံက ဒေါ်လာ   ၄၆  သန်း  အကူအညီပေးခဲ့မှုနှင့် စီမံခန့်ခွဲမှုအခြေအနေကို သိရှိလိုပါတယ်။

ဖြေ။ ။ ဒီဟာက အမေရိကန်သံရုံးရဲ့ ပြောဆိုမှုကို အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာပါ။ တကယ်တော့ အမေရိကန်သံရုံးက ပြောတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံ က ဒေါ်လာ ၄၆ သန်း အကူအညီပေးတယ်လို့ ပြောတာပါ။ ကျွန်တော်တို့ကို ဒေါ်လာ ၄၆ သန်းပေးတယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့က ဒေါ်လာ ၄၆ သန်းပေးတယ်ဆိုတာက ကျွန်တော်တို့ကိုဝယ်ပေးတဲ့ စက်ပစ္စည်းဖိုးတွေ၊ သင်တန်းတွေအတွက်  စရိတ်တွေကို  ဒီအထဲက  ကျခံတာကိုပြောတာပါ။ ငွေသားအနေနဲ့ ကျွန်တော်တို့ကို တစ်ဒေါ်လာမှ မပေးပါဘူး။ အဲဒါကို တချို့ ပုဂ္ဂိုလ်တွေက ဒေါ်လာ ၄၆ သန်းစလုံးကို ကျွန်တော်တို့ ရရှိတယ်လို့ ထင်မြင် ချက်ပေးတာပါ။ ငွေသားအနေနဲ့ တစ်ဒေါ်လာမှ မရပါဘူး။

မေး။ ။ ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့   ရွေးကောက်ပွဲအတွက်  ကြိုတင်ဆန္ဒမဲတွေယူတဲ့ အခါမှာ တံဆိပ်တုံးအတု ပြဿနာတက်လာတယ်။ ကျွန်တော်တို့ရဲ့ အမှန်ခြစ်တံဆိပ်တုံးမှာ UEC ဆိုတဲ့ စာလုံး ၃ လုံးပါပါတယ်။ တံဆိပ်တုံးအတု တွေက UEC  ဆိုတဲ့  စာလုံးမပါဘူး။ ဒါကို  သတိထားမိတဲ့ လူမှသိတာပါ။ ဒါကြောင့် ကျွန်တော်တို့က  နိုဝင်ဘာ  ၈  ရက် မဲပေးမယ့်နေ့မှာ တံဆိပ်တုံးတွေကို လုံခြုံအောင် တံဆိပ်တုံးလက်ကိုင်ကို ကြိုးနဲ့ ချည်ထားတယ်။ တစ်ဖက်အစွန်းကို သံမှိုနဲ့ ရိုက်ပြီးတော့ အလွယ်တကူ မဖြုတ်နိုင်အောင် ကြိုးနဲ့ချည်ထားပါတယ်။ ဒါကြောင့် တံဆိပ်တုံးလဲတဲ့ ပြဿနာက  မဲပေးတဲ့နေ့မှာတော့ မတွေ့ရပါဘူး။ တံဆိပ်တုံးအတု သုံးစွဲတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ ဖမ်းမိထားပါပြီ။ ဒါတွေကိုလည်း သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ပြီး အရေးယူထားပါတယ်။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်တာတွေ၊ စွပ်စွဲဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ် မှာ UEC ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ နိုင်ငံရေးပါတီတွေနဲ့ အခါအားလျော်စွာ လိုအပ်တဲ့အချိန်မှာ တွေ့ဆုံ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အရေးကြီးကိစ္စမပေါ်ပေါက်ရင်တော့ ကျွန်တော်တို့  တွေ့ဆုံဆွေးနွေးပွဲကို ခဏနားထားပါတယ်။ တွေ့ဆုံတဲ့အခါတိုင်း နိုင်ငံရေးပါတီတွေကို တိုက်တွန်းခဲ့ပါတယ်။ ၂၀၂၀ မှာ နိုင်ငံရေးပါတီ ၈၇ ပါတီ ပြိုင်ပါတယ်။ အနိုင်ရတဲ့ပါတီက ၁၉ ပါတီ ရှိပါတယ်။ ကိုယ်စားလှယ်လောင်းရွေးချယ်ခွင့်မရတဲ့ ပါတီက ၆၈ ပါတီရှိပါတယ်။ တချို့ ပါတီတွေကတော့ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ ကာလဖြစ်လို့ မဲဆွယ်စည်းရုံးရေး ဆင်းရတာ အခက်အခဲတွေ ရှိနေလို့ ၁၉ ပါတီပဲနိုင်ပါတယ်လို့ ဖြေကြားပါတယ်။ ကျွန်တော်ကတော့ အဲဒါ ကြောင့် မထင်ပါဘူး။  ဘာကြောင့်လဲဆိုရင် ၂၀၁၅ တုန်းက ကပ်ရောဂါဘေး မရှိပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ မဲပေးနိုင်တဲ့အခြေအနေပါ။ အဲဒီတုန်းက ၉၁ ပါတီပြိုင်ပါတယ်။ ၂၂ ပါတီ အနိုင်ရပါတယ်။ ၆၉ ပါတီက ကိုယ်စားလှယ်လောင်း အရွေးမခံရပါဘူး။ အခုလည်း ၆၈ ပါတီ၊ ၂၀၁၅ တုန်းကလည်း ၆၉ ပါတီ ဒါက ကိုဗစ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုအားက မကောင်းလို့သာဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

တချို့နိုင်ငံရေးပါတီတွေက ကျွန်တော်တို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လွတ်လပ်စွာ ဝေဖန်ပြောကြားခွင့်ရှိတဲ့အတွက် ဒီဟာကိုတော့ လက်ခံပါတယ်။ မှန်ခြင်း၊ မမှန်ခြင်းကတော့ ပြည်သူက အဆုံးအဖြတ်ပေးသွား မှာပါ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံ(၅)ချက်နဲ့ညီအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။   (၁) လွတ်လပ်မှုရှိရမယ်။  (၂) တရားမျှတမှုရှိရမယ်။ (၃) ပွင့်လင်း မြင်သာမှုရှိရမယ်။ (၄) အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်။ (၅) ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမယ် ဆိုတဲ့   ခံယူချက်နဲ့  ကျင်းပပေးခဲ့ပါတယ်။ ဒါပေမယ့် ပါတီကြီးတချို့က ဘယ်လောက်ထိ ဝေဖန်လဲဆိုရင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကသာ သမာသမတ်ရှိခဲ့ရင်  မိမိတို့ပါတီ မရှုံးနိုင်” ဆိုတဲ့ စကားတွေကို ဂျာနယ် တွေမှာ ဖော်ပြနေတာ တွေ့ပါတယ်။

ရွေးကောက်ပွဲကာလတစ်လျှောက်မှာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့ပါတယ်။ အဲဒီကော်မတီမှာ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေ၊ ပါဝင်ယှဉ်ပြိုင် ကြတဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ  ပါဝင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ နေရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ပြဿနာရှိခဲ့ရင် စေ့စပ်ညှိနှိုင်းရေး ကော်မတီက ညှိနှိုင်းဆွေးနွေးပေးပါတယ်။ တချို့ပြဿနာလေးတွေကို စေ့စပ်ညှိနှိုင်းရေးကော်မတီက ဖြေရှင်းပေးခဲ့ပါတယ်။ ဒီကော်မတီမှာပါတဲ့ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်အားလုံးကို ရွေးကောက်ပွဲကော်မရှင်က အထူးကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ၂၀၂၀   ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲကြားထဲကနေ အောင်အောင်မြင်မြင် ပြီးစီးအောင်လုပ်ဆောင်ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သိရှိလိုပါတယ်။

ဖြေ။ ။ ယခုရွေးကောက်ပွဲဟာ   ပြည်သူတွေရဲ့    အောင်ပွဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် ထပ်တူကျအောင် ကျွန်တော်တို့ ကြိုးစားပေးခဲ့ပါတယ်။ ထပ်တူကျတယ်၊ မကျဘူး ဆိုတာကတော့ ကာယကံရှင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ အဆုံးအဖြတ် ပါ။ ပြည်တွင်းပြည်ပက  မဲဆန္ဒရှင်တွေ  စိတ်အားထက်သန်စွာနဲ့ နိုင်ငံသား တစ်ယောက်ပီသစွာ တာဝန်ကျေကျေပွန်ပွန် ကူညီဆောင်ရွက်ပေးခဲ့လို့ ယခု ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ပြီးစီးခဲ့တာဖြစ်ပါတယ်။ လာရောက် မဲပေးတဲ့ ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။ ဒီလောက်  ရာခိုင်နှုန်း အရင်က မရခဲ့သေးပါဘူး။ ရွေးကောက်ပွဲကြီးအောင်မြင်အောင် ကူညီပေးတဲ့ အတွက် ပြည်တွင်းပြည်ပက မဲဆန္ဒရှင်တွေကို အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ထို့ပြင် ရွေးကောက်ပွဲအောင်မြင်ဖို့အတွက် ကူညီခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနတွေ၊ သတင်းမီဒီယာကောင်စီ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နဲ့ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်များအားလုံး ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

မေး။ ။ ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေ နဲ့ပတ်သက်ပြီး     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားလာတာရှိရင် သိရှိလိုပါတယ်။

ဖြေ။ ။ ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကိုတော့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက်ပိုင်း ၄၅ ရက် အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမှာဖြစ်ပါတယ်။ ယခုအချိန်အထိတော့ ကျွန်တော်တို့ လက်ဝယ်ကို တိုင်ကြားစာ တစ်စောင်မှ ရရှိခြင်း မရှိသေးပါဘူး။ 

မျိုးမင်းနိုင်

ဓာတ်ပုံ - အေးသန်း