အချိန်ရှိခိုက် အစွမ်းကုန်ကြိုးပမ်းအားထုတ်

၂၁  ဇန်နဝါရီ

လူ့ဘ၀သည် ရခဲ၏။ တန်ဖိုးရှိ၏။ လူ့ဘ၀သည်သာအရာရာက ိုဆောင်ရွက်နိုင်၏။ အရာရာကို ဖန်တီးနိုင်၏။ အမှုကိစ္စဟူသမျှတို့ကို ပြုလုပ်နိုင်၏။ အများအကျိုး၊ တိုင်းပြည်အကျိုးဆောင်ရွက်နိုင်၏။ ဘ၀ကို မြင့်သထက် မြင့်အောင် ကြိုးပမ်းအားထုတ်နိုင်၏။ အချိန်ရှိခိုက်လုံ့လစိုက်၍ ကြိုးပမ်းအားထုတ်မှသာ တန်ဖိုးရှိသော ဘဝဖြစ်၏။

တန်ဖိုးရှိသောဘဝကို မိမိအတွက်၊ မိမိအသိုက်အဝန်းအတွက်၊ မိမိ နိုင်ငံအတွက်ကောင်းအောင် လုံ့လစိုက်မှသာ မျှော်မှန်းသည့်အတိုင်း ဖြစ်လာနိုင်၏။ အဓိကမှာလုပ်ချင်ကိုင်ချင်သော ပြင်းပြသည့်စိတ်ဆန္ဒရှိဖို့သာ လိုရင်း ဖြစ်သည်။ စစ်ကြိုခေတ်ကာလက မြန်မာပညာရှိများ၊ စာဆိုအကျော်များက မြန်မာများ နိုးကြားဖို့၊ လုံ့လဝီရိယ ထကြွမှုရှိဖို့ စာပေများဖြင့် နှိုးဆော်တိုက်တွန်းအသိပေးခဲ့၏။

ထိုခေတ်က နှိုးဆော်စာများအနက် ဆရာကြီးပီမိုးနင်းရေးသော ကိုယ့်ဒူးကိုယ်ချွန်စာအုပ်မှ အချိန်၏ တန်ဖိုးရှိပုံ အရေးအသားသည် လူငယ်လူရွယ်များသာမက လူကြီးများပါ ခွန်အားဖြစ်စေခဲ့သည်။ မိမိတို့အတွက် တိုင်းပြည်အတွက် အထောက်အပံ့ဖြစ်စေခဲ့သည်။ စစ်ကြိုခေတ်က ရေးသားခဲ့သော ဆရာကြီးပီမိုးနင်း၏ အရေးအသားများသည် ယနေ့ထက်တိုင် အသုံးဝင်နေဆဲ ဖြစ်သည်။

ကိုယ့်ဒူးကိုယ်ချွန်စာအုပ်၌ ကျွန်ုပ်တို့မှာ တစ်သက်တာအတွင်းရှိသော အချိန်သည် မများလှပေ။ ဥပမာ အသက်ခြောက်ဆယ်ထိနေသူမှာ နှစ်ပေါင်း ၂၀က အိပ်ရာ၌ ကုန်လွန်၏။ တိုတောင်းသက်တမ်း၌ နှစ်ပေါင်း ၂၀ကို အိပ်၍ပစ်ကြ၏။ စားသောက်ခြင်းအတွက် သုံးနှစ်ကျော်ကုန်၏။ စားပွဲ၌ စားသောက်ရာတွင် ပွဲရန်အပြောင်းအလဲများ စောင့်ဆိုင်းရသောအချိန်က ကိုးလခန့်ကုန်၏။

အလုပ်အတွက် ၁၇ နှစ်ခွဲမျှ အချိန်ကုန်ရ၏။ အပျော်အပါးအတွက် ခုနစ်နှစ်ခွဲခန့်ကုန်၏။ လမ်းလျှောက်ခြင်း၊ ကစားခြင်းအတွက် ခြောက်နှစ်ခုနစ်လခန့်ကုန်၏။ ဝတ်စားဆင်ယင်ရေးအတွက် နှစ်နှစ်ခွဲခန့်ကုန်၏။ တစ်စုံတစ်ရာမျှ မလုပ်ဘဲနေသောအချိန်က နှစ်နှစ်ခွဲခန့်ရှိ၏။ သို့ဖြစ်လေရာ ထိုမျှလောက် နည်းသောအချိန်ကို သေချာစွာစဉ်းစားလျှင် လွန်စွာနှမြောဖို့ကောင်းသည်။ မည်သူမဆို နာရီကိုဆင်သင့်၏။ နာရီစက်သံကြားတိုင်း သွားပြီး သွားပြီ လွန်ပြီးလွန်ပြီဟူသော အကြောင်းကို သတိရကာ နှမြောရမည်။

သွားသောအချိန်တို့သည် ပြန်၍မလာတော့ပေ။ တစ်နေ့ပြီးတစ်နေ့ မိမိကိုယ်တိုင် စစ်ဆေးရမည်။ ငါမနေ့က အချိန်အဘယ်မျှ ဖြုန်းခဲ့ပါသလဲ။ မနေ့က ဖြုန်းခဲ့သောအချိန်များကို ယနေ့ ငါပြန်ဖြည့်မည်။ တစ်ခုခုရအောင် လုပ်မည်။ ပညာလား၊ ဥစ္စာလား အဘယ်အရာကို ငါရအောင်လုပ်မလဲဟူ၍လည်း သို့လော သို့လော တွေးတောခြင်းပြုရမည်ဟု ဖော်ပြထားသည်။

စစ်ကြိုခေတ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်အောင် အစွမ်းကုန် ကြိုးပမ်းအားထုတ်နိုင်ရန် နှိုးဆော်ခဲ့သည်။ လွတ်လပ်ရေးအတွက် မြန်မာပြည်သူပြည်သားအားလုံး တက်ညီလက်ညီ စည်းလုံးညီညွတ်စွာဖြင့် အပြင်းအထန်ကြိုးပမ်းကြသည်။ ထိုကာလ၌ အချိန်သည် တန်ဖိုးရှိပုံ၊ အရေးကြီးပုံကို ဆရာကြီးပီမိုးနင်းက ရေးသားခဲ့သည်။ မြန်မာများ နိုးကြားကြဖို့အထူးသဖြင့် လူငယ်များအချိန်နှင့် အမျှကြိုးစားကြဖို့ တိုက်တွန်းခဲ့သည်။

သို့ဖြစ်ရာ ယနေ့အချိန်အခါသည် တိုင်းပြည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးတို့အတွက် အရေးအကြီးဆုံး ကာလဖြစ်၏။ တိုင်းပြည်တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရမည့် အချိန်ကာလဖြစ်၏။ မြန်မာပြည်သူ ပြည်သားများ နိုးနိုးကြားကြား ထထကြွကြွ လုံ့လဝီရိယရှိစွာဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် မလုပ်ကြပါက သူတစ်ပါးအနှိမ်ခံဘ၀၊ သူတစ်ပါးနောက် အောက်ကျရမည့်ဘ၀ ရောက်နိုင်၏။ ပီမိုးနင်းနှိုးဆော်မှ အချိန်၏တန်ဖိုးရှိပုံကို အလေးအနက်ထား၍ မြန်မာပြည်သူပြည်သားများ အချိန်ရှိခိုက်လုံ့လစိုက်ကာ အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမည့်အချိန် ဖြစ်ပါကြောင်း။ ။

ကြေးမုံ