အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေနှင့် ဆန်ဖိုးငွေပေးအပ်

တနင်္သာရီ  ၈   ဧပြီ

ဧပြီ ၅ ရက်နေ့ ညနေ ၇ နာရီ အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာနေ ဦးမင်းမင်း၏ နေအိမ်နှင့် အနောက်မော်တုန်းကျေးရွာအုပ်စု-နန်းစိမ့်ပြင်ကျေးရွာနေ ဦးကျော်နိုင်၏ နေအိမ်တို့သည်  တစ်ချိန်တည်း တစ်ပြိုင်တည်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဆန်းက မြို့နယ်ကြက်ခြေနီကော်မတီ များနှင့်အတူ ဧပြီ ၇ ရက် မွန်းလွှဲ၁နာရီခန့်က နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(တစ်သိန်း)ကျပ်စီ၊ မိသားစုဝင်တစ်ဦးလျှင် ဆန်ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၂၁၀ဝ) ကျပ်နှုန်းစီနှင့်  ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ပါဝင်သည့် သေတ္တာပုံးတစ်ပုံစီတို့ကို အိမ်ရှင်များလက်ဝယ်သို့ ကျေးရွာအထိ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ဧပြီ  ၅ ရက်နေ့ ည ၁၂ နာရီခန့်က အချိန်ခါမဟုတ်  လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သော ပဝကျေးရွာအုပ်စု-ပဝချောင်းထဲကျေးရွာ ဦးနေသန်း နေအိမ်တစ်လုံးအတွက်လည်း တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(တစ်သိန်း)၊ မိသားစုဝင်(၆)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၂၆၀ဝ)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၁၆)မျိုးပါ ပုံးတစ်ပုံးကို အိမ်ထောင်ဦးစီးထံသို့ လက်ဝယ်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)