အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၃ စက်တင်ဘာ

 

အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ် ကာကွယ်တားဆီးနေရသည့် ကာလတွင် JICA နှင့် ADB တို့၏အကူအညီဖြင့် သင်ရိုးရေးဆွဲရေး(CDT)အဖွဲ့ဝင်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊တာဝန်ရှိသူများတို့က သင်ရိုးသစ် ကျောင်းသုံးဖတ်စာအုပ်သစ်များဖြစ်သည့် Grade-5, Grade-8, Grade-11 တို့ကို အချိန်မီပြုစု အတည်ပြုနိုင်ရေး ကြိုးစားဆောင်ရွက်နေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဂုဏ်ယူဝမ်းမြောက်စွာ မှတ်တမ်းတင်ရှိပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက် နေကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ Video Conferencing စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့်အတွက်ဖြစ်စေ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များ အချိန်မီပြုစု အတည်ပြုရေးအတွက်ဖြစ်စေ အခက်အခဲများရှိပါက ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းက သင်ရိုးသစ် Grade-5, Grade-8, Grade-11 သိပ္ပံဘာသာရပ်စာအုပ်များ (သင်္ချာ၊ သိပ္ပံ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ)၊ အနုပညာ(ဂီတ)၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီ၀ဗေဒ) ပြုစုထားရှိမှု အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာလွင်က သင်ရိုးသစ် Grade-5, Grade-8, Grade-11 ဝိဇ္ဇာဘာသာရပ်စာအုပ်များ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘောဂဗေဒ) ပြုစုထားရှိမှုအခြေအနေနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် JICA (CREATE) Project , ADB EYE Project တို့မှ တာဝန်ရှိသူများ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက Video Conferencing ဖြင့်ချိတ်ဆက်၍ အခြေခံပညာ သင်ရိုးညွှန်းတမ်း ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

 

သတင်းစဉ်